မင်္ဂလာပါ မနက်ဖြန်

မင်္ဂလာပါ မနက်ဖြန် - ကံထွန်းသစ် (သရုပ်ဖော် - မြင့်လှိုင်)

“နေမင်းကြီး ၀င်သွားတဲ့အခါ ဒို့အတွက် ဘာတွေ ချန်ခဲ့ပြီး ဒို့ထံက ဘာတွေ ယူသွားပါလိမ့်“

“အော် - နေမင်းဟာ ဒို့ ရွယ်ပျိုရွယ်ခြင်းတွေကို ယူဆောင်သွားပြီး အိုမင်းခြင်း ဇရာတွေကို ချန်ထားခဲ့ပါလား“

ဘုရားအလောင်း နေမိမင်းကြီး၏ သံဝေဂလေးကို သတိရလိုက်သည်မှာ “မနက်ဖန် မွေးနေ့ ရောက်ပြီနော်။ စာလေး ဘာလေး ရေးဦးလေ“ ဟု အမတစ်ယောက်၏ တိုက်တွန်းသံ အဆုံးမှာပင်။

ဟုတ်ပါရဲ့၊ ကိုယ် ကလောင်နဲ့ ဝေးနေခဲ့တာ နိုဝင်ဘာက စပြီး ရေတွက်လျှင် အလို - နှစ်တ၀က်စာမျှပင် ရှိနေပါပေါ့လား။ အံ့သြသွားမိသည်။ သည်ကာလတွေကို အမှတ်မဲ့ ကုန်လွန်စေခဲ့တာများလား၊ ပြန် ဆင်ခြင်မိသည်။ ပုံရိပ်တို့သည် အရောရော အထွေးထွေး၊ “ဘယ်တော့မှ မအိပ်သော မြို့“ ဆိုသည့် နယူးယောက်ကို ရောက်နေခဲ့သည်။ ဟားဘတ်တက္ကသိုလ်ကြီးရှိရာ မက်ဆာချူးဆက်ကို ရောက်သည်။ ရွှေတိဂုံစေတီပွါးရှိရာ နယူးဂျာစီကို ရောက်သည်။ ပြီးတော့ ငြိမ်းချမ်းရေး ခေါင်းလောင်းကြီးနှင့် စစ်ပြေငြိမ်းမှု လက်မှတ်ထိုးရာ ဖီလ်ဒယ်ဖီးယားမြို့ကို ရောက်သည်။ ယခုမူ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ကြီးရှိရာ မေရီလင်း ပြည်နယ်မှာ - ။

ဆုံခဲ့သည့် လူများ၊ ကြုံခဲ့သည့် အရေးများ၊ တွေ့ခဲ့သည် အရာများကား ရေးချင့်ဘွယ် အကြောင်းအရာများ ပင်၊ ရေးဦးမှ ရေးဦးမှ နှင့် စဉ်းစားဆဲမှာပင် အကြောင်းအရာ အသစ်တို့က ဆင့်လောင်း လာစမြဲ၊ ကိုယ့်မြို့ကို ပြန်ရောက်လျင်ဖြင့် တစချင်း ထွင်ထုတ် ငင်ယူရေးသားရဦးမည်။

ပြီး စာရော လူပါ ဘယ်ပျောက်နေလဲဟု မကြာခဏ မေးလာကြသည့် အော်ရီဂွန်က ဖွားရွှေကြည် တို့၊ ကိုသန်းဝင်း တို့၊ အယ်လ်အေ က အမ ခင်နှင်းအုန်း တို့၊ ကိုမျိုးမောင်နှံ တို့၊ ချီကာဂိုက ဆရာမ ဒေါ်စန္ဒာဝင်း တို့၊ မီချီဂန်က မသိင်္ဂီ တို့၊ ဆန်ဖရန်က ဒေါ်တူးနှင့် ဒေါ်သန်းငြိမ်းတို့ စသည်၊ စသည် စာဖတ်ပရိသတ်ကို ကျေးဇူးပြုရမည်။ ခုတော့ - ။

အို - ဘာဖြစ်လို့ ၀က်စ်ကွန်စင် ပြန်ရောက်သည်အထိ ဆိုင်းနေမှာလဲ၊ ဧည့်သည် အာဂန္တု မို့၊ ဖိစီးနေသည့် ကိုယ်ရေးကိုယ်တာတွေ ရှိလို့ ဆိုသည့် အကြောင်းပြတွေဟာ ခိုင်လုံလှသည် မထင်၊ ကိုယ် မစွမ်းရာကို မိန်းမောရင်း၊ ကိုယ် စွမ်းရာကို မေ့လျော့နေခဲ့တာပါလား၊ တကယ်ဆို စွမ်းရာကို ထမ်းပြီး မစွမ်းရာကို ငံ့လင့်နေရမည် မဟုတ်လား။

ယခု ကိုယ်ရောက်နေသော ဘာလ်တီမိုးမြို့၊ ၀င်ဒီဟီးလ်က ဝေဇယန္တာကျောင်းလေးသည် တကယ့် မွေ့လျော်ဘွယ် နေရာလေး ပင်။ နောင်တော်ကြီး ဦးဣန္ဒာစာရနှင့် ညီတော် ဒေါက်တာသြသဓ တို့ကလည်း နွေးထွေး ဖော်ရွှေသော အာဝါသိကများ၊ သူတို့အတွေ့အကြုံ၊ သူတို့အကြောင်းတွေကို ဖွဲ့လျှင်ပင် စာတစောင် ပေတဖွဲ့ မက။

ဒါမှ မဟုတ်၊ အမိမြေက အကြောင်းတွေကို ရေးမလား၊ ရေးဘို့ ကောင်းမှ ကောင်း၊ ပြောင်းလဲမှုဆီ ရှေ့ရှုနေသည့် ဖြစ်စဉ်များ၊ ရယ်မော ကခုန်နေကြသည့် ပုံရိပ်များ၊ ပျော်ရွှင်ဘွယ် အနာဂတ်မျှော် စိတ်ကူးများ၊ စသည် စသည်။

တရားနှင့်စပ်၍ ဆိုလျှင်လည်း စိတ်ဖိစီးမှုတွေ များပြားသည့် ဒေသတွင် စိတ်ကို ဖော့တတ်ဘို့

“မဖြစ်သေး ပြန်၊ အကုသလံ၊ ရှောင်ရန် လုံ့လ ထား။

ပြုမိခဲ့ ပြန်၊ အကုသလံ၊ ပယ်ရန် လုံ့လထား။

မဖြစ်သေး ပြန်၊ ကုသလံ၊ ပြုရန် လုံ့လထား။

ပြုပြီးခဲ့ ပြန်၊ ကုသလံ၊ ပွါးရန် လုံ့လထား’’ စသည်ဖြင့် နယူးယောက် လောကချမ်းသာကျောင်း ထမနဲပွဲမှာ ဟောခဲ့သည့် တရားလေးကို ပြန် ရေးမလား။ အဲဒါမှ မဟုတ် ----

ခက်တာက၊ ရေးမလို့ ကွန်ပြုတာရှေ့ ထိုင်လိုက်လျှင်ပဲ သတင်းကမ္ဘာထဲ မျောပါသွားပြန်တော့သည်။ သတင်းတွေ နောက်၊ ခြေရာကောက်ရင်း တောအလယ် မောတယ် ဖြစ်ရပြန်သည်။

ယခုလည်း မနက်ဖန်တွင် ကျရောက်မည့် ကိုယ့်မွေးနေ့အတွက် အမတယောက်ရဲ့ တိုက်တွန်းမှုကြောင့် ဆောင်းပါးလေး ရေးဦးမည်ဟု စိတ်ကူးဖြင့် ကွန်ပြူတာရှေ့ ရောက်နေပြီ။ ထုံးစံအတိုင်း သတင်းတို့ကို လိုက်မြည်းနေစဉ် “တောင်ဥက္ကလာ ဟေမ၀န်ဈေး မီးလောင်“ - Read more နေရာကို ကပျာကယာ ကလစ် လိုက်မိသည်။ မျက်လုံးပြူးသွားသည်။ သွားပြီ ထင်ရဲ့၊ ထိုဈေုးတွင် မိအို ဖအိုကို လုပ်ကျွေးရင်း၊ နှစ်ရှည် လများ ဈေးရောင်းခဲ့ကြသော ကိုယ့်နှမတွေ၏ အထည်ဆိုင် ရှိသည်၊ ပါများ သွားလေသလား။

သိလိုစိတ်ကြောင့် မဆိုင်းနိုင်၊ ဖုန်းဆက်လိုက်တော့ “အကုန် ကုန်တာပဲ ဦးဇင်း - တပည့်တော်မတို့တော့ - - စကားမဆုံး။ အသံ တိုးတိမ်သွားခဲ့သည်။ ဘယ်စကားဖြင့် အားပေးရ ပါ့။ စဉ်းငယ်ကြာမှ

“ ဘာက စ လောင်တာလဲ၊’’

“ မနက်မှာ ဒေါ်စု လာပြီး ဟောပြောမယ် လေ။ ဈေးက မဏ္ဍပ်တွေ၊ ဘာတွေ ထိုးထားတာ၊ အဲဒါ အဲဒီ ညမှာပဲ -“

မပြေးသော် ကန်ရာ ရှိခဲ့ပြီ။ သံသယတွေသာ ဖြစ်ပါစေတော့၊ ဖြစ်ပါစေတော့ - ။

ကြည့်စမ်း၊ မနေ့က ပိုင်ဆိုင်မှုတွေနဲ့ ရွှင်ပြုံးနေခဲ့သော ကိုယ့်နှမတွေသည် သည်နေ့မှာတော့ လက်မဲ့ဘ၀ဖြင့် ငြိုးငယ် နေကြရော့မည်၊ ရောက်လုလု သင်္ကြန်သည် သူတို့အတွက် အပျော်မဲ့တော့မည်။

နှစ်ဟောင်းသည် သူတို့၏ပျော်ရွှင်မှုတို့ကို ယူဆောင်သွားကာ သောက ဗျာပါဒတွေကို ထားရစ်ခဲ့ပြီ။

နှစ်စဉ် ဆောင်းနှောင်းရာသီတိုင်း မီးရန်သူ၏ ၀ါမျိုမှုကို မတားတတ် မဆည်းနိုင်၊ အကြိမ်ကြိမ် ခံကြရသည့် အမိမြေ အတွက်လည်း စိတ်မချမ်းမြေ့။ သမိုင်းဝင် အမွေအနှစ်များ၊ တိုက်တာ အဆောက်အဦးများ၊ ချွေးနည်းစာများတို့သည် မိုက်မဲသည့်လူက ဖျက်လိုက်၊ ဆိုးဝါးသည့် မီးက မျိုလိုက်နှင့် ဆုံးရှုံးခဲ့ပေါင်း များလှပြီ။

တိုင်းပြည်က ဆင်းရဲရသည့်အထဲ၊ လေးသည့် ဗူးတွင် ဆင့်သည့် ဖရုံတွေက များလွန်းစွ။

သည် အမေရိကန်နိုင်ငံကြီးမှာလို သတ်မှတ်အပူချိန်လွန်သည်နှင့် အလိုအလျှောက် ရေတွေ ဖျန်းပေးလာသည့် မီးငြှိမ်းသတ် စံနစ်မျိုး မရှိနိုင်သေးသည့်တိုင် အရေးဆို ရေပြည့်နေသော စက်နိုးရ လွယ်ကူသော ယာဉ်များနှင့် ရဲရင့် တာဝန်ကျေသော မီးသတ်တပ်ဖွဲ့ဝင်တွေ များစေချင်စမ်းပါဘိ၊ ခုတော့ ----- ဟူး --------

ဘာပဲ ဖြစ်ဖြစ်လေ အားမငယ်ဘို့ စိတ်မပျက်ဘို့ ကိုယ့်နှမတွေကို အားပေးရဦးမည်။ များစွာ မျှော်လင့်နိုင်ပါသေးသည့်အကြောင်း မကြာသေးမီက ပြီးဆုံးသွားသော ရွေးကောက်ပွဲတွင် သူတို့ ရွေးချယ်လိုက်သော ကိုယ်စားလှယ်တို့သည် လွှတ်တော်တွင်း ချင်းနင်းစ ပြုပြီ၊ သည်လိုဆိုတော့လည်း နှစ်ဟောင်းဟာ ဖိစီးမှု ၀န်တချို့ကို သယ်ဆောင်သွားပြီး၊ မျှော်လင့်ချက်အသစ်တွေကို ချန်ခဲ့ပါပကော။

ဟုတ်ပြီ၊ သည်အကြောင်းကိုရေးပြီး ဟိုက နှမတွေကို နှစ်သိမ့်၊ ဒီက အမတွေကို မွေးနေ့လက်ဆောင် ပေးရမည်၊ ဆိုင်းမနေသင့်တော့၊ “ကြွေ တလက်၊ ကြက် တခုန်’’ သင်္ခါရနယ်ကြီးတွင် အများအတွက် ကောင်းသော အလုပ် ဟုတ်သော အကြံ၊ မှန်သောစကားဆိုလျင် ဘယ်သူမှ အချိန် မဆိုင်းသင့်၊ နို့မို့လျင် နေမင်း၏ အကြိမ်ကြိမ် ယူဆောင်သွားမှုကို ခံရကာ အရှုံးနောင်တတို့သာ ကြွင်းရစ်ပေလိမ့်မည်။ တာဝန်ကျေသူတို့အတွက်မူ - နေမင်း ၀င်သွားသော အခါ ပျိုရွယ်ခြင်းများကို ယူဆောင်သွားခဲ့သော်ငြား ’’သမိုင်း’’ ဆိုသည့် အရာကိုမူ ချန်ထားခဲ့မည် သာ။

ကံထွန်းသစ်
4/12/2012 4:30 am
ရှုဒေါင့်အမြင် - မင်္ဂလာပါ မနက်ဖြန် ကံထွန်းသစ် - Apr 18 2012 02:53 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005