အတိတ်မှ အရိပ်များ (၁၈)

ထောင်ထဲမှာ နိုင်ငံရေးသမားတွေဟာ ကိုယ့်အချင်းချင်း စောင့်ရှောက်ကြတဲ့အပြင် အခြား အကျဉ်းသားတွေကိုလည်း ကူညီကြပါတယ်။ ဘီစကွတ်မုန့်တွေ ဝေပေးတာအပြင် ကျန်းမာရေး မကောင်းရင်လဲ ဆေးမှာပြီး တိုက်ကြပါတယ်။

အဲဒီနေ့မှာစပြီး ပုံစံထိတော့တာပါ ပဲ။ မနက်မိုးလင်းရင် ထောင်ဗူးဝက “တော် တီး တော်” အသံ မြည်ရင် အိပ်ယာထရပြီး ပုံစံ ထိုင်နေရပါတယ်။ မနက် ၆ နာရီ ထောင်ဖွင့်ပါပြီ။ ဒီအခါမှာ နေ့နဲ့ည ဂျူတီတွေ လဲကြပါတယ်။ ၀ါဒါတွေ ကြည့်ရတာလည်း ထောင်တ၀က် ကျနေသလိုပဲ။ လူ ရေပြီးရင် ထောင်ပိုင်ရုံးခန်းကို သတင်းပို့ကြရပါတယ်။ လူစစ်တာပြည့်ပြီး လူအရေအတွက် ကိုက်တယ်ဆိုရင်တော့ ထောင်ထဲက အဆောင်တွေကို တံခါးဖွင့်ပေးပါတယ်။ လူပေါင်းလို့ မကိုက်ရင်တော့ ပုံစံ ထိုင်နေပေတော့။ ထ ခွင့် မရှိပါဘူး။ ပြီးရင် ကျမတို့တွေ အိမ်သာဆီ အပြေးအလွှား သွားကြရတာပေါ့။ ဘာကြောင့် အပြေးအလွှား သွားရသလဲဆိုရင်တော့ ကျမတို့ အဆောင်မှာ အိမ်သာက ၁၀ ခန်းထဲပဲ ရှိလို့ပါ။ အိမ်သာက အခန်းရယ်လို့ သပ်သပ် ကာရံထားတာ မဟုတ်ပါဘူး။ သံမံတလင်းမြောင်းပေါ်မှာ ခွထိုင်ရပြီး တံခါး မပါ ပါ။ အုတ်ဘောင်လေးတွေ ဘေးက ကာထားတဲ့နေရာတခု ပါဘဲ။

အဆောင်တခုလုံးမှာ ရှိနေတဲ့ လူဦးရေက အပေါ်ထပ် အောက်ထပ်ပေါင်းရင် ၇၀၀ ကျော် ပါတယ်။ ဒီတော့ ကိုယ့်အလှည့်ရောက်ဖို့ အိမ်သာတက်ချိန်ကို စောင့်ရတာ မလွယ်ပါဘူး။ အိမ်သာကိစ္စ ပြီးပြီဆိုရင် မျက်နှာသစ်ဖို့ ရေကန်ဆီကို ပြေးရပြန်တယ်။ မျက်နှာသစ်ရေက တယောက်ကို သုံးခွက်သာ သုံးခွင့် ရှိပါတယ်။ ကိုယ့်မှာ ကိုယ်ပိုင်ခွက် မရှိရင်တော့ ရေကန်ဗာယာတွေ ပေးတဲ့ရေနဲ့ပဲ မျက်မှာကို လောင်းချပြီး သစ်ရတာပေါ့။ ဒီအတွက် ကျမကို ပလပ်စတစ်ရေခွက် ပေးလိုက်တဲ့ လှိုင်လှိုင်မြင့်ကို စိတ်ထဲမှာ တော်တော် ကျေးဇူးတင်မိပါတယ်။

အိမ်သာသန့်ရှင်းရေးကိုတော့ ပြည့်တန်ဆာမလေးတွေ (30/D) လို့ဆိုတဲ့ အချိန်မတော် လမ်းလျှောက်မှုနဲ့ ထောင်ကျနေတဲ့ မိန်းကလေးတွေက လုပ်ရပါတယ်။ မိလ္လာစဥ့်အိုးတွေကို မနက်တိုင်း မနက်တိုင်းမှာ သူတို့တွေက ထမ်းပြီး အဆောင်အပြင်ဘက်က အုတ်ရိုးနားကို သယ်ထုတ်ပေးကြရပါတယ်။

အဆောင်အပြင်မှာ စောင့်နေတဲ့ အမျိုးသားအဆောင်က ထောင်ကျတွေက လာပြီး ထမ်းယူသွားကြပါတယ်။ မိလ္လာမှာ လုပ်နေကြတဲ့ မိန်းကလေးတွေက ဆေးလိပ်ရကြတယ်။ ညဘက်ဆိုရင် အိမ်သာတက်ချင်သူတွေက သူတို့ကို ဆေးလိပ် ၂ လိပ် ပေးရပါတယ်။ သူတို့ခမျာ ထောင်ဝင်စာလည်း မလာနိုင်ဆိုတော့ ရလာတဲ့ ဆေးလိပ်လေးတွေကို ဟင်းနဲ့လဲပြီး စားကြရတာပါ။ ဒီတော့ ထောင်ဝင်စာ မလာနိုင်တဲ့ ထောင်ကျ မိန်းကလေးအချို့က ဒီနေရာမှာ တမင်ကို လာ လုပ်ကြတာ လေ။ ထောင်ဝင်စာ လာနိုင်သူတွေကို လာတဲ့အခါမှာ အဆောင်ရုံးခန်းက တယောက်ကို ဆေးလိပ် ၅ လိပ်စီ မိလ္လာကြး တောင်းလေ့ရှိပါတယ်။

အဲ - မျက်နှာသစ်ပြီးပြီဆိုရင်တော့ အဆောင်အပြင်က အုတ်သံမံတလင်းလေးမှာ တန်းစီပြီး ပုံစံထိုင်ကြရတယ်။ အပြင်ဘက်ဆိုတော့ အားလုံး ဆောင့်ကြောင့်ထိုင်ရတာပေါ့။ ခဏနေတော့ တန်းစီးနဲ့ ၀ါဒါအမျိုးသမီးတွေ ရောက်လာပြီး တနေ့စာအလုပ်အတွက် လူတွေကို သူ့အစုနဲ့သူ ခွဲပါတော့တယ်။ အလုပ် ချတယ်၊ တာဝန် ခွဲတယ်လို့ ဆိုပါတယ်။ အလုပ်တွေကတော့ တောင်ယာအလုပ်၊ ရေကန် သန့်ရှင်းရေး၊ ကြမ်းတိုက်၊ ကြမ်းတိုက်ရတဲ့အလုပ်က တချို့ဆိုရင် ပုလင်းဖင်နဲ့ ကြမ်းပြင်ကို အရောင်ထွက်အောင် တိုက်ရတာပါ။ အလုပ်မရှိ အလုပ်ရှာ လုပ်ခိုင်းတဲ့သဘောပါ ပဲ။ စက်ချုပ်၊ ဆေးလိပ် လိပ်၊ ဆန်ရွေးဆိုတာမျိုးတွေ ပါ။ ကျမက ကိုယ်ဝန်နဲ့ ဆိုတော့ စာကလေးမောင်း အလုပ်မှာ ထားပါတယ်။ “၈” ဆောင်ရဲ့တိုက်ဘက်က မုန်လာစိုက်ခင်းကိုလာတဲ့ စာကလေးတွေကို အ၀တ်စလေးတွေ ပတ်ထားတဲ့ တုတ်နဲ့ ခြောက်လွှတ် မောင်းထုတ်ရတဲ့အလုပ် ပါ။

ကျမလည်း ၀ါဒါအမျိုးသမီးလေး လိုက်ပို့လို့ အဲဒီတုတ်ကိုင်ပြီး တိုက်ဘက်ကို လျှောက်လာခဲ့ပါတယ်။ တိုက်ထဲမှာ စာရေးဆရာမ စန်းစန်းနွဲ့(သာယာဝတီ)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဗဟိုတရားရုံးရှေ့နေ ဒေါ်မြင့်မြင့်ခင်၊ မန္တလေးက ဒေါ်ခင်ခင်ဝင်း၊ ဒေါ်သိင်္ဂီ (ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အတွင်းရေးမှူး) တို့ ရှိကြပါတယ်။ စာကလေးတွေ မောင်းတဲ့အလုပ်က မပင်ပမ်းပါဘူး။ ဒါပေမယ့် နေပူတာကြောင့် ကျမက ထင်းရှူးပင်ပုလေးအောက်မှာ ထိုင်ပြီး စာကလေးတွေကို ခြောက်နေပါတယ်။

ကျမ လှမ်းကြည့်လိုက်တော့ တိုက်အပေါက်ဝမှာ စာရေးဆရာမ သာယာဝတီ စန်းစန်းနွဲ့ကို မြင်လိုက်ရတာ ဘယ်လို ၀မ်းသားမှန်းတောင် မသိတော့ပါဘူး။ သူနဲ့က ၁၉၈၆ ခုနှစ် ကျမတို့ ဗဟန်းမှာ စာဆိုတော်နေ့ စာပေဟောပြောပွဲ လုပ်တော့ ဆရာ လယ်တွင်းသားစောချစ်၊ ဆရာ ချစ်ဦးညိုတို့နဲ့အတူ လာရောက် ဟောပြောခဲ့တာ သတိရပါသေးတယ်။ မမနွဲ့ရဲ့ ၀တ္ထုစာအုပ်တွေက လူငယ်တွေကို လွှမ်းမိုးခဲ့ပါတယ်။ ကျမဆို စာအုပ်တအုပ်ဖတ်ပြီး လရောင်အောက်မှာ တညလုံး ဆင်းထိုင်မိခဲ့တယ် လို့ ပြောပြခဲ့တာကို မှတ်မိပါတယ်။ ဆရာ လယ်တွင်းသားစောချစ် ကတော့ “ငတ်မွတ်ခေါင်းပါးခြင်းက အိမ်ရှေ့တံခါးကို ခေါက်ရင် အချစ်က နောက်ဖေးပေါက်က ထွက်ပြေးသွားတယ်” တဲ့။ ဆရာ ချစ်ဦးညိုကတော့ ကဗျာလေးတပုဒ် ရွတ်ပြခဲ့တယ်။ “တိတ်ဆိတ် ငြိမ်သက်နေရာတကွက်ကို အသက်ပေးI ၀ယ်ရသည်” တဲ့။ ခေါင်းစဉ်ကတော့“သချိုံင်းကုန်း” တဲ့။ ကျမ မှတ်မိနေခဲ့ပါတယ်။

မမနွဲ့ရဲ့ဘေးအခန်းမှာတော့ ဒေါ်မြင့်မြင့်ခင် ရှိပါတယ်။ သူ့ကိုတော့ အရေးအခင်းကာလမှာ စတင် သိခဲ့ရတာပါ။ သူက ရန်ကုန်အဆေးရုံကြီး ၁၉/၂၀ အပေါ်ထပ်ကနေ စီမံ ခန့်ခွဲနေတာပါ။ ဒေါ်ခင်ခင်ဝင်းက နောက်အခန်းတခုမှာ ပါ။ ကျမကို မမနွဲ့နဲ့ အန်တီမြင်တော့ ဘာစားချင်လဲ၊ အိမ်ကို မှာပေးမယ်လို့ ပြောပါတယ်။ ဒါနဲ့ ကျမလည်း ပေါင်မုန့်အရှည်ကြီးကို နို့ဆီဆမ်းပြီး စားချင်တယ်လို့ ပြောလိုက်ပါတယ်။ နောက်တပတ် ထောင်ဝင်စာမှာ ပါလာတော့ ကျမစားလိုက်တာ လက်သုံးလုံးလောက်ပဲ ကျန်တော့တယ်။ စိတ်ထဲမှာ အရမ်း ကျေနပ်သွားမိတယ်။

နောက် လေးရက်လောက်နေတော့ ထောင်ဝါဒါ ဒေါ်ခင်တင့် ကျမဆီကို လာတယ်။ “ကောင်မ နင် သူပုန်မမှန်း မသိလို့ ဒီမှာ ထားတာ” ဆိုပြီး ပါးကို ရိုက်လိုက်တာ မျက်စိထဲမှာ ကြယ်တွေ လတွေ လက်သွားပြီး မီးပွင့်မတတ် ခံစားလိုက်ရတယ်။

ကျမ တိုက်ဘက်ကို မသွားရတော့ပါဘူး။ ဒီဘက် အဆောင် ၇ မှာ ဆေးခန်း ရှိပါတယ်။ အဲဒီဘက်မှာ ထိုင်စောင့်ရပါတော့တယ်။ အဲဒီအချိန်မှာ ဇူလိုင်လအရေးအခင်းနဲ့ မြအေးဝင်း၊ မြင့်မြင့်ဦး၊ဒေါ်ခင်မြင့်မြင့် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်းစိန်))၊ မိုးမိုး (သုံးခွ)၊ သာကေတ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ဒေါ်ခင်ခင်လွင်၊ ခင်ခင်မြ၊ တင်တင်ဆွေ၊ ဗမာပြည် ကွန်မြူနစ်ပါတီ က ကြည်လေး၊ မဆွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကပဲ ဒေါ်တိုးတိုးတင်၊ ဒေါ်စောမြတ်မာ၊ ဒေါက်တာ အေးအေးချို၊ ဒေါ်ပြုံးပြုံးတင်တို့လည်း ရှိနေပါတယ်။

ထောင်ကျဆောင်က နှစ်ဆောင် ပါ။ ၇ ဆောင်နဲ့ ၈ ဆောင် ဖြစ်ပါတယ်။ ၈ ဆောင်က တိုက် နှစ်ထပ်၊ အပေါ်ထပ်မှာက နိုင်ငံရေးမှု၊ ချဲမှု၊ ဆေးမှု၊ လိမ်လည်မှုတွေ ထားပါတယ်။ နိုင်ငံရေးမှုက လွဲရင် ရဲဘက် မသွားချင်၊ ထောင် မပြောင်းချင်တဲ့သူတွေက လိုင်း ၀င်ရတယ်။ လိုင်းဝင်တယ်ဆိုတာကတော့ လိုင်းကြေးငွေကို ထောင်ပိုင် ထောင်မှူးတွေဆီပေးပြီး နေကြတာကို ပြောတာပါ။ ဆရာဝန်လဲ ပါတာပေါ့ လေ။ ရောဂါမရှိဘဲနဲ့ ရောဂါ ရှိတယ်ဆိုပြီး လိမ်ပေးတာပေါ့။ ဒီခေတ်နဲ့ ဒီစနစ်အောက်မှာ ဒါမျိုးတွေက ကြီးထွားနေတာ အမှန်ပါဘဲ။
အတွေ့အကြုံ - အတိတ်မှ အရိပ်များ ခင်စန်းနွယ် - Apr 18 2012 02:42 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ခင်စန်းနွယ် ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005