အတိတ်မှ အရိပ်များ (၁၆)

နှစ်ရက်မြောက်နေ့မှာ ကိုယ်ဝန်ပြမယ်ဆိုပြီး ဂိတ်ပတ်စ် (Gate Pass) တောင်းပြီး ကိုထွန်းထွန်းဦးနဲ့ အတူ ထွက်လာပါတယ်။ ကျမနဲ့အတူ မှတ်ပုံတင်နဲ့ ဆင်စွယ်စိပ်ပုတီးပဲ ယူလာပါတယ်။ ကေအိုင်အေ ရုံးချုပ်နားမှာ စောင့်နေတုန်း မကြာခင်မှာဘဲ ဒူကဘာ ကားရောက်လာတော့ ကားပေါ် တက်လိုက်ခဲ့ကြတာ ပေါ့။ ချားဟော့ပါရွာ ရောက်တော့ ဒူကဘာက နိုင်ငံကူးလက်မှတ်နှစ်ခု ထုတ်ပေးပြီး တရုတ်ငွေ ၂၀၀ ပါ ပေးပါတယ်။ ကျမတို့ကို ကားဂိတ်ကို လိုက်ပို့ပြီး ကားပေါ်တင်ပေးလိုက်ဖို့ သူ့ရဲဘော်နှစ်ယောက်ကို မှာပါတယ်။ စိုးရိမ်ပူပန်စွာ လိုက်ခဲ့ရာက လမ်းမှာ ရဲဂိတ်က နှစ်ကြိမ် စစ်ပေမယ့် နိုင်ငံကူးလက်မှတ် ပြလိုက်တော့ ဘာမှ မပြောတော့ပါဘူး။

ကျမတို့နှစ်ယောက် အိမ်မပြန်ဘဲ ထိုင်းဘက်ကို ဆက်သွားဖို့ ဆုံးဖြတ်ပြီး ရွှေလီဆိပ်ကမ်းကနေ မြန်မာပြည်ဘက်ကူးပြီး မူဆယ်၊ မန္တလေး ကားလက်မှတ် ၀ယ်လိုက်တယ်။နောက်နေ့ညနေမှာ မန္တလေးကို ရောက်တော့ ဘူတာကြီးမှာဘဲ ညအိပ်လိုက်ပြီး မနက်လေးနာရီ ရထားလက်မှတ် မရလို့ ညရထားဘဲ စီးခဲ့ရတယ်။ ရန်ကုန်ဘူတာကြီးကိုတော့ မနက် ၉ နာရီမှာ ရောက်တယ်။

၈၈ အထွေထွေ သပိတ်ကော်မတီ ပြန်ကြားရေး တာဝန်ယူခဲ့တဲ့ ကျော်မင်းဦးရယ်၊ သေဘောဘိုးစခန်းက ပြန်လာတဲ့ မျိုးဝေတို့ နှစ်ယောက်ကို ကျမ တွေ့ခဲ့တယ်။ အချိန်က ၁၉၈၉ ခု၊ အောက်တိုဘာလမှာ။ နေရာကတော့ ရန်ကုန်မြို့ ပန်းဆိုးတန်း ရွှေဂုံရုပ်ရှင်ရုံအနီးမှာ ပါ။

ကျမကို လှမ်းမေးတယ်။ “မနွယ် ဘယ်တုံးက ပြန်လာတာလဲ”ဲ တဲ့။ ကျမကလည်း “အခုဘဲ ရထားက ဆင်းလာတာ” လို့ ပြောလိုက်ပါတယ်။ ကျမနဲ့ ကိုထွန်းထွန်းဦးတို့နှစ်ယောက် အအေးဆိုင်မှာ ထိုင်နေကြတယ်။ သူတို့က ဘာသောက်မလဲ မေးတော့ ကျမက ပူလည်း ပူတာကြောင့် သံပုရာရည်သောက်မယ်လို့ ပြောလိုက်တယ်။ ကျော်မင်းဦးက လက်မောင်းအရင်းထိ လက်ကို ဆန့်တန်းမြှောက်လိုက်ပြီး “သံပုရာရည်နှစ်ခွက်” လို့ အော်လိုက်တယ်။ သူ့လုပ်ပုံကိုကြည့်ပြီး ကျမ ကြောက်စိတ် ၀င်သွားပါတယ်။ ဒါကြောင့် “ဟာ၊ နင့်လက်ကြီးကလဲ ဘာလဲ” လို့ မေးလိုက်ပါတယ်။ သိပ်မကြာပါဘူး။ ကျမတို့ ထိုင်နေတဲ့ အအေးဆိုင်ကို လူ ၄၀ ခန့် ၀ိုင်းထားပြီး ကျမနဲ့ ကိုထွန်းထွန်းဦးကို ဖမ်းချုပ်ပြီး ကားတစင်းပေါ်ကို ပစ်တင်လိုက်ပါတယ်။ ကျမရဲ့အားနည်းချက်ကြောင့်လို့ပဲ ထင်မိပါတယ်။ လူတွေဟာ ပြောင်းလဲတတ်တယ်ဆိုတဲ့သဘောကို နားမလည်ခဲ့လို့ပါ ပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ န၀တ သတင်းပေးတွေ ဖြစ်သွားလို့ပါ။

ပြီးတော့ ကျမကို စောင်နဲ့အုပ်ပြီး ခေါ်သွားပါတယ်။ တနာရီခန့် ကြာမယ် ထင်ပါတယ်၊ အဆောက်အဦးတခု (နောက်မှ သိရတာကတော့ ဟယ်လပင်လမ်းက ထောက်လှမ်းရေး ၇ ကို ခေါ်သွားတာပါ။) ကျမကို အခန်းတခန်းထဲ သွင်းလိုက်ပါတယ်။ ပြီးတော့ စားပွဲခုံပေါ်မှာ အ၀တ်တစ တင်ပေးခဲ့ပြီး “တံခါး လာခေါက်ရင် မျက်နှာ စည်းထားပါ။ မစည်းထားရင်တော့ မင်းရဲ့တာဝန်ဘဲ” လို့ ပြောပါတယ်။ ကျမက အခန်းအနှံ့အပြားကို ကြည့်လိုက်တော့ အခန်းထဲမှာ ကွပ်ပစ်တခု ရှိတယ်။ အခန်းအကျယ်ကတော့ ရှစ်ပေခြောက်ပေလောက် ကျယ်ပါတယ်။ ၁၂ ပေလောက် မြင့်တဲ့အပေါ်မှာ ပြူတင်းပေါက်တခု ရှိပါတယ်။ အပြင်ဘက်ကိုတော့ မမြင်ရပါဘူး။

ညနေ ၆ နာရီလောက်မှာ စ,ပြီး စစ်ပါတယ်၊ မနက် ၄ နာရီအထိ ပါ။ တံခါးခေါက်တော့ မျက်နှာကို စည်းလိုက်တာ အ၀တ်စက သွေးစက်တွေနဲ့ ပေပွနေပြီး ရွှံ့ဗွက် စိမ်ထားသလိုပါ ဘဲ။ မခံနိုင်လောက်အောင် နံစော်နေပြီး ညစ်ပတ်ပေရေနေတယ်။ ကျမကို စစ်ဆေးတဲ့ အဲဒီနေ့မှာတော့ အေးအေးဆေးဆေးဘဲ မေးပါတယ်။ ကိုယ်ရေးရာဇ၀င်တွေအပြင် “ခင်ဗျားဘယ်တုံးက စပြီး တောခိုခဲ့သလဲဆိုတာ အားလုံး ပြောပြပါ။ ထမင်းစားတာကအစ ပြောရမယ်” လို့ ပြောပါတယ်။

ပြဿနာက ထိုင်ခိုင်းတဲ့ခုံက ၀ိုင်းဝိုင်းသေးသေးလေး အမြင့်က နှစ်ပေလောက် ရှိပါတယ်။ ထိုင်ရတာ တော်တော် ကသိကအောင့် ဖြစ်ခဲ့ရတယ်။ ညဘက်မှာ အိပ်မပျော်တော့ ထိုင်နေမိပါတယ်။ မီးချောင်း ထွန်းထားလို့ လင်းနေပါတယ်။ နံရံမှာ စာတွေ ရေးထားတာတွေ့တော့ ဖတ်ကြည့်လိုက်ပါတယ်။ တခုက မင်းဇော်၊ ခိုင်ရွှေဝါလမ်း၊ ကမာရွတ်။ နောက်တခုက မင်းဇေယျာ၊ ပြီးတော့ သန်းထွန်းစိုးပါခင်ဗျတဲ့။ ကျမလည်း ခေါင်းက ကလစ်ကို ဖြုတ်ပြီး ခင်စန်းနွယ် ABSDF ၇၀၁ လို့ ရေးလိုက်ပါတယ်။

ဒုတိယနေ့မှာတော့ ဗိုလ်ကြီးတယောက် စစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဲမေတွေ လာခေါ်တော့ သူတို့အချင်းချင်း ပြောနေကြတာပါ။ ကျမကို စစ်တော့ ခပ်ကြမ်းကြမ်း မေးပါတယ်။ ဘယ်သူ ပို့ပေး သလဲ၊ ဘယ်သူဆက်သွယ်ပေးသလဲ၊ ဘယ်သူ လာခေါ်သလဲ၊ စုံနေတာဘဲ မေးလိုက်တာ ကျမလည်း တတ်နိုင်သလောက်တော့ ကာကွယ် ပြောဆိုပါတယ်။ ကျမကိုလာပို့ပေးတာ ဆက်သွယ်ပေးတာ ကိုမိုးသီးဇွန်၊ ရှေ့နေကြီး ကိုစိုးဝဏ္ဏတို့လည်း ပါတယ် ဆိုတော့ ကျမ ဘယ်လိုဖြေရမလဲ ဒီအချိန်မှာ ကိုမိုးသီးဇွန် အဖမ်းခံရမှာလဲ စိုးရိမ်မိတော့ ကျမ လိမ်ဖြေတာ ကျမပါးကို ရိုက်လိုက်တာ၊ ကျမနားကို ထိသွားတော့ ကျမ လူပါ ချာလည်လည်သွားပြီး နားထဲမှာ ကွဲမတတ် နာကျင်သွားပါတယ်။

ထုံးစံအတိုင်း မနက်လေးနာရီမှာ နားလိုက်ပြန်ပါတယ်။ ၅ ရက်မြောက်နေ့မှာ တပ်မ ၈၈ မှ ဗျူဟာမှူး လာရောက် စစ်ဆေးပါတယ်။ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပါ၊ ကျမတို့က အရင်ဦးဆုံး ကျောင်းသားတပ်မတော်က ဖြစ်ပြီး အခု ဖမ်းမိတာဆိုတော့ ကျမတို့လာတဲ့လမ်းကြောင်းကို သူက အရမ်းစိတ်ဝင်စားနေပါတယ်။ ကျမတို့က တရုတ်ပြည်ဘက်က ကွေ့ဝင်တာဆိုတော့ ကျမက ဒီလမ်းကြောင်းကို မပြောပြခဲ့ပါဘူး။ ကျမက လွိုင်ဇာ၊ ဗန်းမော်၊ ကသာဘက်က သွားတယ်လို့ လိမ်ညာပြောခဲ့ပါတယ်။

သူက ကျမတို့ကို စည်းရုံးပါတယ်။ အလင်းဝင်ပါလို့ ပြောပါတယ်။ သူတို့ ဘာမှ မနှောက်ယှက်ပါဘူး၊ စီးပွားရေးလုပ်ဖို့ အရင်းအနှီး ထုတ်ပေးမယ်၊ မြေတကွက်ပေးမယ်လို့ ပြောပါတယ်။ ကျမက အလင်းမ၀င်ဘူးလို့ အပြတ် ပြောလိုက်တော့ သူတို့ ပြန်သွားပါတယ်။ အဲဒီအချိန်က ကျမအနေနဲ့ အလင်းဝင်ရင် နိုင်ငံရေးသေမယ်လို့ ထင်ခဲ့မိပါတယ်။ ဒီလို ငြင်းလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ ကျမကို ပွဲကြမ်းတော့တာပါဘဲ။ ဆဲလိုက်၊ ဆိုလိုက်၊ ချော့လိုက်၊ ခြောက်လိုက်နဲ့ အမျိုးစုံပါဘဲ။ နားရင်းကိုလည်း နှစ်ခါလောက် အအုပ်ခံရပါတယ်။ ဒီလိုနဲ့ ၇ ရက်မြောက်နေ့မှာ ကျမက သူတို့ကို စိမ်ပြန်ခေါ်ရတော့တယ်။

ကျမကိုဖင်ထိုင်ခုံလဲပေးပါ မလဲပေးရင် မဖြေနိုင်တော့ဘူး သတ်ရင်သတ်လိုက်၊ ကျမမှာ ကိုယ်ဝန်ကြီး နဲ့ပါ လို့ပြောတော့မှ ဖင်ထိုင်ခုံအကြီး လဲပေးပါတယ်။

နောက်တခု ကျမ မေ့နေလို့ မရေးဖြစ်ခဲ့ဘူး။ ကျမကို ၃ ရက်လောက်ထိ စစ်မေးနေချိန်မှာ ရေတောင်းရင် မသိချင်ယောင်ဆောင် နေပါတယ်။ လုံးဝ ရေမတိုက်ပါဘူး။ ကျမလည်း ဘယ်ရမလဲ အိမ်သာ သွားချင်တယ်လို့ပြောပြီး အိမ်သာထဲမှာရှိတဲ့ ရေဘုံဘိုင်ကရေကို ခိုးသောက်လိုက်ပါတယ်။ မတတ်နိုင်ဘူး။ ရေဆာတာ ရင်တခုလုံး ပူလောင်နေပြီ။ အပြင်ကနေပြီး အိမ်သာတံခါးကို ဆောင့်ကန်လိုက်တယ်။ ပြီးတော့ “ကောင်မ၊ နင် ရေခိုးသောက်နေတယ် မို့လား” လို့ ဆိုပြီး ဆဲလိုက်တာ မိုးမွှန်နေတယ်။ ထမင်း ပို့ပေးတော့ ၀က်သားဟင်းနဲ့ ပါ။ ကျမက ၀က်သားမစားဘူးဆိုတော့ စစ်လိုက်ဆေးလိုက်တာ မွတ်ဆလင်လား တဲ့။ ကျမက “မဟုတ်ပါဘူး။ ခြေလေးချောင်းသား မစားဘူးလို့ ဘုရားမှာ သစ္စာဆိုထားလို့ပါ” လို့ မနည်း ဖြေရှင်းရပါတယ်။ ကျမကို စစ်တဲ့နေရာကိုခေါ်သွားတဲ့အခါ ရိုက်သံ နှက်သံတွေ ၀ုန်းဝုန်းဆိုတဲ့ အသံကြီးတွေ ဆူညံနေတာပါဘဲ။ စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာ ဖြစ်မှာပါ။ ပြီးရင် နင် လိမ်မနေနဲ့၊ ထွန်းထွန်းဦးက ၀န်ခံလိုက်ပြီ။ သူ့ကို ပို့ပေးတဲ့သူကို ဖော်လိုက်ပြီနဲ့ စုံနေတာပါဘဲ။

ဒီလိုနဲ့ ၁၂ ရက်မြောက်နေ့မှာ ကျမတို့ကို နံမည်ဆိုးဝါးတဲ့ အင်းစိန်ထောင်ကို ပို့ဘို့ပြင်ဆင်ပါတော့တယ်။ ၁၉၈၉ ခု၊ ၁၀ လပိုင်း ပါ။ည ၁၁ နာရီလောက် ရှိနေပါပြီ။ အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် တန်ဆောင်မုန်းလပြည့်နေ့ည ဖြစ်နေတယ်။ မျက်စိပိတ်ပြီး ကားနဲ့ခေါ်သွားတဲ့အခါ မြို့တော်ခန်းမရှေ့ရောက်တော့ ရဲမေမလေးက “အမရေ၊ မီးထွန်းထားတာ ရန်ကုန်မြို့ကြီးက အရမ်းလှတယ်” လို့ ပြောပြပါတယ်။ ကျမကတော့သွေးညှီနံ့နံနေတဲ့ အ၀တ်က အနံ့ကြောင့် စိတ်အနှောက်အယှက် ဖြစ်နေပေမယ့် တန်ဆောင်တိုင်ညကို မှန်းပြီး ကြည်နူးမိပါတယ်။

ဒီလိုနဲ့ ထောင်ဗူးဝရောက်တဲ့အခါ ကျမတို့ကို တမံတလင်းမှာ ထိုင်ခိုင်းပါတယ်။ထောင်ပိုင်ကို အပ်ဖို့အတွက် မျက်စိပိတ်ထားတာကို ချွတ်ပြီး ပေးဖို့ပြောတာကြောင့် ကျမ ချွတ်ပြီး လှမ်းအပေးမှာ ရဲမေရဲ့မျက်နှာနဲ့ ထောက်လှမ်းရေးရဲ့မျက်နှာကို သေချာ ကြည့်လိုက်တော့ ထောက်လှမ်းရေးက မကြည့်နဲ့၊ မကြည့်နဲ့လို့ အော်ပြောပါတယ်။ သူတို့ကို မှတ်မိမှာ စိုးရိမ်နေတဲ့ပုံပါဘဲ။

ကျမကို ထောင်မှူးမက လာခေါ်ပြီး ထောင်ဗူးဝနဲ့ ကပ်နေတဲ့ ကြိုးစင်နားက ကြိုးတိုက်အချုပ်ခန်း (၆ ဆောင်) အချုပ်တိုက်ရဲ့ကြားမှာရှိတဲ့ အခန်းထဲ ထဲ့လိုက်ပါတယ်။သူတို့က တိုက်လို့လဲ ခေါ်ပါတယ်။ထောင်မှူး ဒေါ်သင်းသင်းအောင်နဲ့ ထောင်ဝါဒါမတွေ လာကြည့်ကြပြီး ကျမကို “သူပုန်မ” တဲ့။ ကျမအခန်းက ၈ ပေ၊ ၁၀ပေ ခန့်ကျယ်တဲ့ အခန်းဖြစ်ပြီး ဖျာကြမ်းတချပ် ရှိတယ်။ အင်တုံပက်ပက်တခု၊ ရေအိုးတလုံး ထားပေးထားပါတယ်။ ထောင်ကျ အမျိုးသမီးလေးတယောက်က “ဟို အင်တုံ (ဂန်ဖလား) က အိမ်သာတက်ဖို့ ပေးထားတာ” လို့ ပြောပါတယ်။ ကျမနားကို ဘယ်သူမှ မလာရ၊ စကားမပြောရ လို့ အမိန့်ထုတ်ထားပါတယ်။ ကျမလည်း ထောက်လှမ်းရေး (၇) ရဲ့စစ်ကြောရေးစခန်းမှာ နှိပ်စက်မှုမျိုးစုံ ခံစားပြီး ပင်ပန်းလာတော့ ဖျာကြမ်းပေါ်မှာ လှဲချလိုက်ပါတယ်။ ၁၅ မိနစ်လောက်ပဲ ကြာမယ်၊ အမလေး - လူပေါ်တက်လာတဲ့ ကြမ်းပိုးတွေက အများကြီးပဲ၊ ကျမလဲ ထပြီး သတ်ရင်းနဲ့ဘဲ မိုးစင်စင်လင်းခဲ့ပါတယ်။

မနက် ၅ နာရီမှာ ထောင်ဗူးဝဆီက “တော်တီးတော်” ဆိုတဲ့ စစ်ခရာသံနဲ့အတူ သံချောင်းခေါက်သံတွေ ကြားရတယ်။ မကြာခင်မှာ အပြင်ဘက်က ၀ါဒါတွေ၊ ထောင်မှူး၊ ထောင်ပိုင်တွေ နေ့နဲ့ည ဂျူတီ ချိန်းကြတာ တွေ့ရပါတယ်။ အပြင် ပြူတင်းပေါက်ကို လှမ်းကြည့်လိုက်ချိန်မှာ အသင့်ဝင်လာတဲ့ ၀ါဒါ မတွေက “ပုံစံ” ဆိုတဲ့ အော်သံကို ကြားရပြီး အချုပ်ဆောင်ထဲမှာ အမျိုးသမီးတွေ တန်းစီထိုင်လိုက် တာကိုတွေ့ရပါတယ်။ ကျမဆီလည်း လာကြည့်ပြီး “နောက် ဒီအချိန်နဲ့ ညနေတိုင်းမှာ ပုံစံ ထိုင်ရမယ်” လို့ ပြောပါတယ်။ “ဘယ်လို ထိုင်ရမလဲ ဆိုတော့” “လက်နှစ်ဖက်ကို ပိုက်ထားပြီး ခေါင်းငုံ့ရမယ်၊ မိန်းမတွေ ထိုင်သလို ကျုံ့ကျုံ့လေး ထိုင်ရမယ်” လို့ ပြောပါတယ်။ ကျမလည်း ညဘက် အပေါ့သွားခဲ့ပြီးမနက် ကျတော့ အလေးသွားချင်လာတယ်။ ဘေးဘီမှာက သံတိုင်ကြားက ဒိုးယိုပေါက်မြင်ကွင်း ဖြစ်နေတော့ ဖျာကြမ်းကြီးကို ထောင်လိုက်ပြီး ဖြစ်သလို သွားရတော့တယ်။ အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်ဖို့ စက္ကူကလည်းမရှိတော့ သောက်ရေအိုးထဲက ရေနဲ့ ဆေးရတယ်။ ဒီ အိုးထဲကရေကိုဘဲ သောက်လည်း သောက်၊ မျက်နှာလည်းသစ်ပေါ့လေ။

ကျမ ဒုက္ခရောက်တော့တာပေါ့။ အကာအရံ မရှိတဲ့ တိုက်ထဲမှာ တိရိစ္ဆာန်တကောင်လိုပါ ဘဲ။ ပြီးတော့ ကျမကို ဆန်ပြုတ် တပန်းကန် လာပေးပါတယ်။ ဒန်ပန်းကန်ပြားက ထုထားတာ ရွှေတိဂုံဘုရား အရှေ့ဘက်စောင်းတန်းမှာ တောင်းတဲ့ သူတောင်းစားတွေရဲ့ခွက်အတိုင်းပါ ဘဲ။ ဆန်ပြုတ်ထဲမှာ ဆား ခဲတခဲလည်း တွေ့ရတယ်။ကြည့်ပြီး စားလို့ မရတော့ဘူး။ နောက်တော့ ကြမ်းပိုး သန့်ရှင်းရေး လုပ်၊ ထမိန်ခြုံပြီး ကွေးလိုက်ပါတယ်။ ဆောင်းကာလဆိုတော့ ချမ်းနေပြီလေ။ ကျမမှာလည်း ခြုံစရာဆိုလို့ ထမိန်ပဲ ရှိတာ မဟုတ်လား။ဆောင်းလေက ကျမတို့ကြိုးတိုက်ထဲ တည့်တည့် ၀င်လာပြီး ဖျန်းလိုက်တော့ အေးစိမ့်လာပါတယ်။ ကျမလည်း ကိုယ်ဝန် ၅ လဆိုတော့ ၃ ရက်မြောက်နေ့မှာ မနေနိုင်တော့ဘူး။ ဗိုက်က တော်တော်ဆာလာတယ်။ ဆံပြုတ်ထဲက ဆားခဲကြမ်းကို ဖယ်ပြီး သောက်လိုက်တယ်။ ဇွန်းမပါတော့ မော့သောက်ရတာပေါ့။
အတွေ့အကြုံ - အတိတ်မှ အရိပ်များ ခင်စန်းနွယ် - Dec 4 2012 02:53 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005