Made in China Willis Tower, လေလုံးထွားတဲ့မြို့နှင့် မံမီရုပ်တွေ နေတဲ့အရပ် (၄)

ကျနော်တို့ဆီက ပဒေါင်လူမျိုးတွေအကြောင်းနှင့် သူတို့ဆီက ရက်ဒ်အင်ဒီယန်းတွေဘဝကို ကျနော့်အား မေးပြောပြောပြောနေသူကို နှုတ်ဆက်ကာ ထို Field Museum ပြတိုက်ကြီးမှ အတွေးတွေ တသီတတန်းနှင့် ကျနော် ပြန်ထွက်ခဲ့၏။ ပြတိုက်အပြင်မှာတော့ မိုးက ခတ်ဖွဲဖွဲ၊ လေက ဟူးဟူးရားရား။ လူတွေလည်း ပြေးပြေးလွှားလွှား။ တက္ကစီတစင်း ခေါ်ပြီး Willis Tower သွားမယ်ဆိုကာ မောင်းထွက်လာ၏။ ကားထွက်တော့ တက္ကစီဆရာက ဒီကနေ Willis Tower ကို ဘယ်လမ်းက အနီးဆုံးဖြစ်မလဲဟု မေး၏။ ကျနော့်စိတ်ထဲ ဒီလူ့နှယ် ဒီမြို့မှာ တက္ကစီ မောင်းနေပြီး ဒါလေးတောင် မသိရကောင်းလားဟု စိတ်တွင် မှတ်နေဆဲ။ ဇနီးသည်က မြို့မြေပုံကို ဖျတ်ကနဲ ဆွဲထုတ်ကြည့်လိုက်ပြီး ဘယ်ကနေ ဘယ်ကို မောင်း၊ ဘယ်ရောက်တော့ ဘယ်ကိုကွေ့ စတာတွေ ဆက်တိုက် ပြောချလိုက်၏။ ငါ့မိန်းမ တောသူမကတောင် ဒီ မြို့ကြီးသား တက္ကစီဆရာထက် သိသေးဟု တွေးမိပြီးပြုံးတော့ ဇနီးက ကျနော့်ကို အသာနေဆိုသည့်သဘော မျက်ရိတ်ပြ၏။ ကျနော်လည်း အသာပဲနေရင်း ရန်ကုန်က အငှားကားဆရာတွေဆီ စိတ်ရောက်သွား၏။

ကျနော်တို့ငယ်ငယ်က ရန်ကုန်တွင် အငှားကားအဖြစ် ဂျပန်မှဝင်သည့် သုံးဘီးကားလေးတွေ ရှိ၏။ ဘီးက သုံးဘီး။ အသံက ဖွတ်ချက် ဖွတ်ချက် နှင့်။ လက်ကိုင်က တချို့စတီယာရင်ပုံစံအဝိုင်း၊ တချို့က မော်တော်ဆိုင်ကယ်လ်လို လက်ကိုင်နှင့်။ သူ့အရောင်က ထူးခြားသည်မို့ သုံးဘီးကားရောင်ဟု တွင်ခဲ့သည်အထိ တာစားခဲ့သည့် ကားလေးများ။ ထိုခေတ်က မြို့ပြင်ဘက်တွေမှာ ဆိုက္ကားတွေ မင်းမူသလို မြို့လယ်ကောင်မှာတော့ သုံးဘီးတွေ ကြီးစိုး၏။ ထိုကားလေးတွေတွင် မောင်းနေသည့်ခရီးမိုင်ကို ပြသည့် မီတာ တပ်ထား၏။ ခရီးသည်တက်ပြီး စက်နှိုးထွက်သည်နှင့် ကားဆရာက မီတာကို ချိုးလိုက်ပြီး ခရီးဆုံးတော့ ဘယ်နှစ်မီတာမို့ဘယ်လောက်ကျသည်ဟု တွက်ချက်ကာ ပိုက်ဆံချေ ရ၏။ မဆိုး။ မီတာနှုန်းအမှန်ဖြင့် စီးရလျှင် အတော် တွက်ချေကိုက်၏။ ထို့ကြောင့်လည်း လူအစီး များ၏။ အစီးများသဖြင့်လည်း မောင်းသူရော အုံနာ (ပိုင်ရှင်) ပါ စီးပွားဖြစ်၏။ ထိုခေတ်က သုံးဘီးကား ထောင်စားသူတွေ မနည်းလှ။ သုံးစီးလောက် ထောင်ထားနိုင်ရင် မိသားစုဘဝ မပူရ။ ထို့ထက် ပိုလျှင် စီးပွားဖြစ်။ သုံးဘီးကား တင်သွင်းခွင့်လိုင်စင်က စစ်ဗိုလ်နှင့် စစ်ဗိုလ်လူထွက်တွေ လက်ထဲမှာ။ ထို့ကြောင့် ကားသွင်းခွင့်ပါမစ် ရဖို့အရေး သူတို့ဆီအပြေးအလွှား ခယဝ တွေ လုပ်ရ၏။ သည်တွင် ထိုသူတို့အိမ် နောက်ဖေးပေါက်ကအစ အိမ်ရှေ့ပေါက်ကအလယ် စားပွဲအောက်အဆုံး လက်ဆောင်ပဏ္ဏာတွေနှင့် သပိတ်ဝင်အိတ်ဝင် စည်ပင်တော့၏။ အစပိုင်းကတော့ သုံးဘီးဆရာတွေလည်း အမှန်အကန် မီတာချိုးကာ မောင်းသေး၏။ နောက်ပိုင်းကျတော့ ကားပိုင်ရှင်တွေက ဟိုပေးသည်ပေး ပေးရသည့် ဟိုကြေးဒီကြေးတွေ လက်ညှိုးထိုးကာ အုံနာခ ပိုယူ၏။ ကားဆရာကလည်း အုံနာခ တိုးတာအပါအဝင် ဓါတ်ဆီဈေးနှင့် လမ်းပြပုလိပ်ကြေး ဘာညာတွေ အကြောင်းပြုကာ ပိုက်ဆံ ပိုတောင်းလာ၏။ သည်တော့ မီတာ မချိုးချင်တော့။ မချိုးကြတော့။ မီတာပျက်သလိုဘာလိုနှင့် မီတာချိုးကျသင့်ငွေထက် ပို ပို တောင်း၏။ ခရီးသည်တို့ ဘာမှ မတတ်နိုင်။ တောင်းသလောက် ပေးကြရတော့၏။ ကိုယ်က စီးမိသွားပြီး။ ထိုအကြောင်းလေးကို ကျနော်တို့ခေတ်ပြိုင် စတီရီယိုခေတ်ဦး အဆိုတော်တယောက်က သီချင်းလုပ်ဆိုကာ ခေတ်ကို ပုံဖော်ခဲ့၏။

“ဟိုတခါက အရေးကြီးတဲ့ ကိစ္စတွေရှိလို့၊ စောင့်မိတဲ့ စိတ်မှာ မောပြီး သုံးဘီးကားလေးကို တားလို့ စီးမိတယ်။ မီတာကို မချိုးပဲ မောင်းပို့တဲ့ ခရီးလေး၊ သုံးဘီးကားဆရာကြီးက ဟိုနားဒီနား ငွေတဆယ် တောင်းတယ်။ တော်ပါပြီ၊ နေပါတော့သုံးဘီး။ ဒီတခါ ဆိုက္ကားပဲ စီးတော့မယ်။ မကြာခင် နေပူထဲမှာကွယ် သူ နင်းကာ.. လိုရာခရီး အရောက်ပို့တယ်။
ထိုစဉ်ခဏ မေးမြန်းကြည့်မိတဲ့ သူ့ဘဝ၊ ကလေးငါးယောက်ကို ကျွေးမွေး.. ကြီးမားတဲ့မေတ္တာအကြောင်း သူ ပြောပြတယ်။ လူလူချင်း ခြားနားတဲ့ စိတ်နေသဘောထား၊ သုံးဘီးချင်း အတူတူပါပဲ၊ တဦးနဲ့တဦး စာနာဖို့ ကောင်းတယ်။“

ထိုခေတ်လွန်သော် လေးဘီးကားတွေ ခေတ်ဆန်းလာပြန်၏။ လေးဘီးကားတွေမှာ မီတာချိုးတံတွေအစား ဒစ်ဂျစ်တယ်လ် မီးရောင် နှင့်ဂဏန်းတွေ ဖြစ်လာ၏။ ကားတွေသာ ပြောင်းသွား၏။ ကျန်တာ ဘာမှ မပြောင်း။ လုပ်ပိုင်ခွင့်ရှိသူတွေလည်း အရင်အတိုင်း။ ကားပါမစ်ကလည်း စစ်ဗိုလ်တွေ လက်ထဲမှာ။ ကားဆရာတွေလည်း အရင်အတိုင်း။ ကားဆရာတွေမှာ ဖြောင့်သူတွေရှိသလို ကောက်သူတွေလည်း ရှိ၏။ ကားတားစီးသူတို့၏ အဝတ်အစားနှင့် ပုံပန်းသဏ္ဍန်ကို အကဲခတ်၊ သွားမည့်နေရာကိုမေးကာ ရန်ကုန်ကလား၊ နယ်ကလားကို အလွယ်တကူခွဲ၍ ရ၏။ နယ်ကမှန်း သေချာလျှင်၊ လမ်းမသိသူမှန်း သေချာလျှင် ခရီးနီးနီးကို မဝေးဝေးအောင် မောင်းကာ ကားခပိုရရန် လုပ်တတ်ကြ၏။ ယခု ရှီဂါးကိုးက တက္ကစီဆရာလည်း ထိုနည်းနှင်နှင်။ ကားစထွက်ကထဲက မီတာခလုပ်ကလေး နှိပ်လိုက်၏။ ခရီးမိုင်နှင့် ကျသင့်ငွေ ဖော်ပြသည့် ဒစ်ဂျစ်တယ်လ်ကိန်းဂဏန်းလေးတွေက တရိတ်ရိတ်။ စီးသူက ခရီးဆုံးသာပြောပြီး အတိုဆုံးလမ်း မပြောနိုင်လို့ကတော့ သေပြီဆရာဟုသာ တရတော့မည်။ မီးပွိုင့်မများ များသည့်လမ်းကို ရွေးကာ၊ မဝေးဝေးအောင် မောင်းရင်း ထိုဂဏန်းတရိတ်ရိတ်လေးတွေနှင့် ရိပ်တော့မည်။ ထိုကိစ္စသည် နိုင်ငံကြီးသား၊ နိုင်ငံသေးသားနှင့် မဆိုင်။ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ နယ်ပယ်ဒေသနှင့် မဆိုင်။ လူ၏ ဖြောင့်စင်းသော စိတ်အနေနှင့် ဖြူစင်သည့် စိတ်အထားတို့အပေါ်သာ အရင်းခံသည် ထင်၏။

သည်လိုနှင့် ကျနော်တို့ Willis Tower သို့ ရောက်လာကြ၏။ အဆောက်အဦးကြီး ဇက်လန်အောင် မော့ကြည့်ရသည်။ သူ့ဘေးတဝိုက် ကျန်အဆောက်အဦးတွေက သူနှင့်ယှဉ်တော့ ဂျပုလေးတွေလိုလို ဖြစ်နေ၏။ မြို့လယ်ကောင်ဆိုပေမယ့် ကား အလွန်အမင်း ရှုပ်လွန်းသည့် အနေအထား မဟုတ်။ သည် မိုးထိုးတိုက်ကြီးကြား လျှောက်သွားရင်း အဆောက်အဦးတွေကြား ညပ်ကာ၊ လူက သေးသေးလေးဖြစ်သွားသလိုလည်း ခံစားရ၏။ ခုနေ ငလျင်များ လှုပ်လိုက်လို့ကတော့ - တို့၊ အိုစမာဘင်လာဒင့်လူတွေများ လေယာဉ်နဲ့ ဝင်တိုက်လိုက်လို့ကတော့ - လို့ ဆိုပြီး မဆီမဆိုင်တွေးမိကာ မအီမသာလည်း ဖြစ်မိပြန်သေး၏။

အဝင်ပေါက်တွင် အခြားသူများနည်းတူ တန်းစီရင်း၊ ဟိုလူသည်လူနှင့် မိတ်ဖွဲ့ကြရင်း နောက်ဆုံး မှတ်ပုံတင်ဓါတ်ပုံ ရိုက်၊ ဝင်ကြေးသွင်းတာတွေ ပြီးသွား၏။ နောက်တော့ သည်ဟာကြီးနှင့်စပ်သည့် သမိုင်းနောက်ခံမှတ်တမ်း ဆလိုက်ရှိုးနှင့် ကားတိုလေးတကားကို ရုပ်ရှင်ပြခန်းတွင် ပြပေးရင်း ရှင်းပြ၏။ စိတ်ဝင်စားစရာ ကောင်း၏။ နောင်အလျဉ်းသင့်လျှင် ပြန်ပြောမည် စိတ်ကူးမိ၏။ ထို့နောက် လူအစိတ်ခန့် ဆန့်မည့် ဓါတ်လှေကားကြီးဖြင့် ၉၉ ထပ်အထိ တက်ပြီး ကျန်လေးထပ်ဆက်တက်ဖို့ ဓါတ်လှေကား ပြောင်းရ၏။ ဓါတ်လှေကားက ကြီးတာ မှန်သော်လည်း တက်နှုန်း အလွန်မြန်သဖြင့် တက်နေရင်းတန်းလန်း လှေကားအတွင်း လေဖိအားပြောင်းသည်မို့ နားထဲတွင် တစီစီ ဖြစ်ရသေး၏။ ဓါတ်လှေကားက ၁ဝ၃ ထပ်တွင် ဆုံးကာ တံခါးပွင့်၏။ အပေါ်ဆုံးထပ် ရောက်ရောက်ခြင်း ဟိုသည် မကြည့်အား။ မျက်စေ့က Willis Tower အမှတ်တရပစ္စည်း အရောင်းဆိုင်လေးဘက် ရောက်သွား၏။

အမှတ်တရပစ္စည်းလေးတွေက စုံလှသည်။ ဘယ်ဟာကြည့်ကြည့် လိုချင်စရာ၊ သိမ်းချင်စရာ၊ စုချင်စရာလေးတွေချည်း ဖြစ်နေ၏။ ဘာဝယ်ရမှန်း မသိသေးသဖြင့် စုံတကာစေ့အောင် လိုက်ကြည့်မိ၏။ ကြည့်မိလိုက်တိုင်းလည်း ဘယ်က လုပ်တာပါလိမ့်ဟူကာ စူးစမ်းမိ၏။ အားလုံး တရုတ်ပြည်မှာလုပ်သည် (Made in China) များသာ။ ကျနော်ကသာ ဒါတွေကြည့်ရင်း တအင်းအင်း ဖြစ်နေသော်လည်း ဇနီးသည်က ဘာ ဆန်းတာလိုက်လို့ ဟူသည့် မျက်နှာပေးနှင့်။ ကျနော့်လိုပင် ပစ္စည်းရှာနေ ရွေးနေသည့် ဘေးက လူငယ်တယောက်က တော်သေးတာပေါ့၊ ဒါကြီးတောင် တရုတ်ကဆောက်တာ မဟုတ်သေးလို့ဆိုတော့ နောက်တယောက်က တရုတ်က ဆောက်တာဆိုရင် တက်ကြည့်ခ ဒီ့ထက် ဈေးသက်သာမှာတော့ သေချာတယ်ဟု ဝင် အရွှန်းဖေါက်သဖြင့် အနားက လူတွေအကုန် ပြုံးစေ့စေ့။ ကျနော့်အဖို့ ဆန်းသလို ရှိသော်လည်း သူတို့အတွက်တော့ မထူး။ နောက်ဆုံး အိတ်ဆောင်နာရီလေးတလုံး ဝယ်လိုက်၏။ ၂၂ ဒေါ်လာ။ သူလည်း တရုတ်ပြည်မှ လုပ်သည် ပဲ။ အမေရိကန်၏ အမြင့်ဆုံးမျှော်စင်ကြီးနှင့် ပတ်သက်ရာ အမှတ်တရပစ္စည်းတွေအားလုံးလည်း တရုတ်လုပ်တွေချည်း ပါလား။ ကျနော်တယောက်ထဲသာ အမေရိကန်အမှတ်တရပစ္စည်းကို အမေရိကန်လုပ် ဖြစ်စေ့ချင်နေတာလား မပြောတတ်။ ခုတော့ သူတို့က ထိုသို့မတွေး၊ ဈေးကိုပဲ ကြည့်၏။ သူတို့ စီးပွားရေး စန်းပွင့်နေချိန်တုန်းကရော ဘယ်လိုနေမလဲဟု တွေးမိပြန်၏။

အပေါ်ဆုံးထပ်မှ အပြင်ရှုခင်းတွေ ကြည့်သည့် ဝရန်တာတွင် သိတ်မကြာသေးခင်ကမှ မှန်အခင်းမှန်အကာနှင့် လသာဆောင်လို အခန်းသေးလေးတွေ အပြင်ထုတ်ကာ နံရံကပ်ပြီး တပ်ဆင်လိုက်သေး၏။ အမြင့်က ၁ဝ ပေ၊ အလျား ၁ဝ ပေနှင့် အနံ ၈ ပေခန့် ရှိမည်။ ထိုအခန်းလေးတွေထဲ ဝင်လိုက်တော့ လူက လေထဲ ရောက်သွားတာလိုလိုဖြစ်ကာ အောက်ကို ငုံ့ကြည့်လိုက်တော့လည်း မှန်သားထဲက ဖေါက်မြင်နေရသည့် မြို့ကြီးက ကိုယ့်ခြေထောက်အောက်မှာ။ အသည်းယားစရာ အတော် ကောင်း၏။ ထိုအခန်းလေးတွေထဲဝင်ကာ မှန်ပြင်ပေါ်မှာ ဓါတ်ပုံရိုက်သူတွေ မနည်းလှ။ ကျနော်က ဂျိုင်းထောက်နှင့်ဆိုတော့ ငါ ထောက်လိုက်မှ အောက်က မှန်ပြင်ပေါက်ပြီး ကျွံကျသွားလို့ကတော့ ဒုက္ခဟု တွေးကာ ရုတ်တရက် မဝင်ရဲသေး။ နောက်တော့ အထဲဝင်ကာ အောက်ကမြို့ကြီးကို မှန်သားပြင်ပေါ်က နင်းပြီး ဓါတ်ပုံတွေဘာတွေ ရိုက်လိုက်သေး၏။ ပြီးတော့ မျှော်စင်ကြီးပတ်လည်မှ မြင်နိုင်သမျှမြင်ကွင်းတွေကြည့်ရင်း၊ ဓါတ်ပုံရိုက်ရင်း ပြန်ဆင်းဖို့ ပြင်ကြ၏။ အောက်ဆုံးထပ်ရောက်အပြီး အပြင် ပြန်အထွက်မှာတော့ ရာသီဥတုက လာတုန်းကထက်တောင် ပိုဆိုးနေသလား မှတ်ရ၏။ လေက အတိုက်ကြမ်းသလောက် အေးလိုက်သည်မှာလည်း သွေးတွေ ခဲကုန်ပလားဟုပင် ထင်ချင်စရာ။ မျက်နှာစာရှေ့က နံရံကြီးပေါ်တွင် Chigaco: Windy City ဟု စာလုံးအကြီးကြီးနှင့် ရေးထား တာမြင်တော့ ဇနီးသည်အား မေးငေါ့ပြပြီး မြို့က နံမည်နဲ့ လိုက်တယ်နော် ဟုပြောမိ၏။ ဇနီးက လေတိုက်ကြမ်းလွန်းတာ တခုထဲကြောင့် ဒီမြို့ကို Windy City လို့ ခေါ်တာမဟုတ်ကြောင်းနှင့် နောက်ခံသမိုင်းကြောင်းလေးကို ခတ်တိုတို ရှင်းပြပေး၏။ ကျနော် စိတ်ဝင်စားမှန်းသိသဖြင့် နောက်မှ ရှာကြည့်ပြီး တိတိကျကျ ပြောကြတာပေါ့ဟု ဆိုကာ ပြန်ခဲ့ကြ၏။

ရှီဂါးကိုးသည် ပင်လယ်တမျှကြီးသည့် မစ်ရှီဂန် ရေကန်ကြီးပေါ် မေးတင်ပြီး တည်ထားသည့်မြို့။ ဆောင်းရာသီတွင် ကန်ကြီးတွေပေါ်မှ ဖြတ်တိုက်လာသည့်လေသည် သွေးခဲမတတ်အေးကာ အဟုန် အလွန်ပြင်းပြန်၏။ သည်ကန်ကြီးတွေက နံမည်ကျော်မို့ နွေနှင့် နွေဦးပေါက်များဆို လေတဟူးဟူး ကမ်းခြေတွေမှာ လူတွေ ကြိတ်ကြိတ်တိုး။ မြို့ကလည်း နူးယော့ခ်စီတီးပြီးလျှင် စီးပွားရေးအရ အကြီးဆုံး မြို့။ အမေရိကန် လူငယ်တွေ၏ အနာဂတ်အိပ်မက်ထဲတွင် Chigaco လည်း ပါ၏။ တကယ်တော့ ယခု သူတို့အိပ်မက် ရှီဂါးကိုးသည် မီးလျှံထဲက ဖီးနစ်ငှက်လို ပြန်ထလာရခြင်းပင် ဖြစ်၏။

Great Fire of Chicago ဟုတွင်သည် ဧရာမမီးကြီးကြောင့် မြိုလုံးကျွတ်နီးပါး ပြာကျသွားခဲ့ဖူး၏။ ၁၈၇၁ ခုနှစ် အောက်တိုဘာလ ၈ ရက် (စနေနေ့ ညမှ) စ လောင်လိုက်သည့် ထိုမီးကြီးသည် အောက်တိုဘာ ၁ဝ ရက် အင်္ဂါနေ့ ရောက်မှ ငြိမ်းတော့၏။ လောင်ချိန် နာရီ ၃ဝ ကျော်ခန့်အတွင်း လူ ၃ဝဝ ကျော် မီးသင့် သေခဲ့ရသလို မြို့ကြီး၏ စီးပွားရေးအချက်အခြာ နေရာတွေ၊ ဟိုတယ်လ်တွေ၊ သတင်းစာတိုက်တွေ တင်မက အစိုးရုံးစိုက်ရာရုံးတွေ အဆောက်အဦးတွေပါ မီးထဲ အကုန် ပါသွားခဲ့၏။ ဘယ်က စလောင်နှင့်ပတ်သက်၍လည်း ယခုတိုင် ငြင်းခုန်ကောင်း နေကြဆဲ။

လူပြောများသည့် ဇာတ်လမ်းတခု အရတော့ အိုင်ယာလန်မှ အမေရိကားတွင် လာနေသည့် O’ Leary ဆိုသည့် မိသားစု ကြောင့်။ သူတို့မှာ ကိုယ်ပိုင် နွားခြံလေးနှင့် အသေးစား နို့ချက်လုပ်ငန်းလေး ရှိ၏။ ထိုနေ့က Mrs. Chaterine O’ Leary တယောက် ညကြီးမင်းကြီးထကာ အိမ်နောက်ဘက်က စပါးကျီနားတွင် ရေနံဆီမီးခွက်လေး ထွန်းပြီး နွားနို့ ညှစ်သည် ဆို၏။ ထိုစဉ် နွားမက လန့်ပြီး ကန်ထဲ့လိုက်ရာက မီးခွက် မှောက်သွား၏။ မီးခွက်မီးမှ စပါးကျီသို့ကူးကာ တမြို့လုံး လောင်မီးကျတော့၏။ ဒီ့နောက် မြို့ကြီး ပြန်လည် စည်ပင်ရေးအတွက် တည်ဆောက်ရေးတွေ အကြီးအကျယ် လုပ်တော့၏။ မီးလောင်လို့မှ မြို့မျက်နှာ ပြန် သစ်ရတာဆိုပြီး အကောင်းဘက်က တွေးသူတွေလည်း မနည်းလှ။ မြို့သစ်ကြီး ပြန်တည်ပြီးတော့ အားလုံး သစ်သစ်လွင်လွင်၊ စီးပွားရေးလုပ်ငန်းတွေလည်း ပြန် စန်းထကာ နူးယော့ခ်တို့၊ စင်စင်နာတီတို့နှင့် အပြိုင် ဖြစ်လာ၏။ သည်တွင် မြို့တော်ဝန်ကအစ၊ နိုင်ငံရေးသမားအလယ်၊ သတင်းစာဆရာအဆုံး လေလုံးတွေ ထွားလာကြ၏။ တွေ့လား၊ ငါတို့ ဘယ်လို ပြန် လုပ်လိုက်တာ ဘယ်နှနှစ်အတွင်း ဘာတွေ ဖြစ်လာတာ၊ ဒါ ဘာဟုတ်သေးလဲ၊ ဒီ့ထက်ကောင်းတဲ့မြို့တောင် ဒီလောက် မကောင်းနိုင်ဘူး၊ တခြားမြို့တွေ နားထား၊ နူးယော့ခ်တောင် နောက်ကောက်ချပြလိုက်ဦးမယ်၊ စီးပွားရေး လုပ်ချင်ရင် ဒီ လာခဲ့၊ အခွင့်အလမ်းတွေ သာသလို မြိုးမြိုးမြက်မြက်လေးလည်း ဖြစ်စေရမယ်၊ ဘာညာစတာတွေနှင့် မက်လုံးတွေပေးကာ ကမ္ဘာအနှံ့က စီးပွားရေးသမားကို လာပါလာပါ တစာစာ လုပ်ကြ၏။ နူးယော့ခ်စီတီးမှမဟုတ် ငါတို့မြို့လည်း ကမ္ဘာ့ကုန်စည်ပြပွဲကြီးတွေ လက်ခံလုပ်လောက်အောင် ကြီးကျယ်နေပြီဆိုကာ ဝါစာကမာတွေ များလာ၏။ မြို့က နတ်ရေကန်ထဲ ပစ်ချလိုက်သလို တကယ်လည်း နေ့ချင်းညချင်း ဖွံ့တက်လာ၏။

မြို့စည်ပင်ပြီး ကြွယ်ဝလာတော့ နိုင်ငံရေးသမားက ခြေဖျားတထောက်ထောက်နှင့် နားထင် သွေးရောက်လာကြ၏။ သည်အထဲမှာ မြို့တော်ဝန်က အကဲဆုံး ဆို၏။ နိုင်ငံရေးသမားတွေကလည်း အကြိမ်ကြိမ် ပြန် အရွေးခံရရေးအတွက် မြို့လူထုအား မစားရဝခမန်းမက်လုံးတွေ ပေးကာ မဲဆွယ်ကြ၏။ လက်ခုတ်သံနှင့် ထောက်ခံမဲကို အရချူကြသည် ဆို၏။ အရွေးခံရပြီးလျှင်တော့ ပေးခဲ့သည့် ဂတိကဝတ်တွေက ကြက်ပျောက်ငှက်ပျောက်။ သည်တော့ မြို့သားတွေက နိုင်ငံရေးသမားတွေကို အာဖျံကွီးတွေ၊ လေထိုးထားတဲ့ အိပ်သာ သယ်လာသူတွေဆိုပြီး ခနိုးခနဲ့ ဆိုကြ၏။ ဒီတော့မှ နားကြားပြင်းကပ်လာသည့် မြို့ခံသတင်းစာနှင့် တခြားမြို့က သတင်းစာတွေက သည် နိုင်ငံရေးကို Windbags Politics ၊ သည် နိုင်ငံရေးသမားတွေ နေတဲ့မြို့ကို Windy City ဟု နံမည်ပြောင် ပေးလိုက်ကြတော့၏။ လေ တကယ်ကြမ်း၍လည်း သည်မြို့ကို Windy City ၊ လေလုံး ခတ်ထွားထွား နိုင်ငံရေးသမားတွေ တမိုးလုံးဖျောက်ဆိပ် ဖြစ်ခဲ့ဖူးသောကြောင့်လည်း သည်မြို့ကို Windy City ။ ဤသို့ဖြင့် အနက် ၂ မျိုးကောက်ကာ အဓိပ္ဗါယ် ၂ မျိုးပေါက်သည့် မြို့အဖြစ် တွင်ခဲ့တော့၏။

ကျနော် သည်မြို့ကို အကြိမ်ကြိမ် ရောက်၏။ Windbags Politicians တွေ အာဖျံကွီးသေးလား၊ မကွီးတော့ဘူးလားတော့ ကျနော်လည်း သေချာ မပြောတတ်။ အမြင်ဆန်းသည့် ဗိသုကာလက်ရာမြောက် မိုးထိတိုက်သစ်ကြီးတွေက မစ်ရှီဂန်ရေကန်ကြီးဆီက ဖြတ်တိုက်သည့် လေသရမ်းတွေ မြို့ကို တည့်တည့် ဝင်မတိုက်အောင် ကန်နဖူးက တောင့်ခံပေးနေ၏။ သူတို့ ဘယ်လောက် ကြံ့ကြံ့ခံကာကွယ် နေစေဦး၊ အမေရိကားမှ စလိုက်သည့် ”စီးပွားပျက် ဈေးကွက်ဖြို လေသရမ်း” ဒဏ်ကိုတော့ သူတို့လည်း သိတ်တော့ မခံနိုင်ရှာကြ။ ယိုင်တိုင်တိုင် ဖြစ်နေကြပုံ ပေါ်၏။ ကျနော် သည်တခေါက်ရောက်ချိန်မှာတော့ Chigaco မြို့လယ်ကောင်မှာရော၊ Michigan Lake ကြီး၏ ကမ်းခြေမှာရော ထုံးစံအတိုင်း လေကတော့ ဟူးဟူးရားရား။ လူတွေလည်း ပြေးပြေးလွှားလွှား။

မျိုးမြင့်ချို
မတ်လ ၂၉ ရက် ၂၀၁၂
ဗဟုသုတ - Made in China Willis Tower, လေလုံးထွားတဲ့မြို့နှင့် မံမီရုပ်တွေ နေတဲ့အရပ် မျိုးမြင့်ချို - Apr 3 2012 04:05 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005