Made in China Willis Tower ၊ လေလုံးထွားတဲ့မြို့နှင့် မံမီရုပ်တွေ နေတဲ့ အရပ် (၃)
20120324 Myo Myint Cho

ကျနော်တို့ မံမီရုပ်အလောင်းတွေ ပြခန်းထဲမဝင်ခင် တိဗက်ပြည် ပြခန်း၊ အာဖရိကပြခန်းများဆီ အရင် ဝင်ကြည့် ကြ၏။ တိဗက်ပြည်ပြခန်း၌ ကမ္ဘာကျော် လာဆာကကျောင်းတော်ကြီးပုံစံငယ်နှင့် အခင်းအကျင်းတွေ ပြထားသလို တိဗက်မှ ယူလာသည့် ဘာသာရေး၊ သာရေးနာရေး၊ ဓလေ့ထုံးတမ်းအခမ်းအနားတို့တွင် အသုံးပြုသည့် အဆောင်အယောင်များလည်း မြင်၏။ အိမ်အသုံးအဆောင်နှင့် အိုးခွက်ပန်းကန်တွေလည်း မြင်၏။ တနေရာမှာ ဘုန်းတော်ကြီး ဒလိုင်လားမား၏ပုံတော် ချိတ်ထားသည်ကိုမြင်တော့ ကျနော် အမေရိကားရောက်စ ရှစ်လေးလုံး အနှစ် ၂၀ မြောက် အခမ်းအနား နယူးယော့ခ်စီတီးမှာသွားတက်ခဲ့တာကို ပြန် အမှတ်ရမိ၏။ ထိုတကြိမ်သည် ကျနော် ဒီရောက်ချိန်မှစပြီး အခုချိန်ထိ ဒီက ဆန္ဒပြပွဲများတွင် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ပါဝင်ခြင်းလည်း ဖြစ်ပြန်၏။

သည်တုန်းက နဂို ရည်ရွယ်ချက်နှင့် သွားခဲ့ခြင်း မဟုတ်တာတော့ အမှန်ပင် ဖြစ်၏။ ကျနော့်မှတ်တမ်းကား ဒါရိုက်တာက ထိုအခန်း ပါစေ့ချင်သည်ဟု ဆို၊ ကောက်ကာငင်ခါ စီစဉ်ပြီး ကတိုက်ကရိုက် သွားတက်ခဲ့ခြင်း ဖြစ်၏။ တခါမှ မကြုံဖူးသူဆိုတော့ ကျနော်လည်း သွားချင်နေ၏။ မိတ်ဆွေဟောင်းများနှင့် ပြန်တွေ့ခွင့် ရလိုက်ခြင်း၊ အတွေ့အကြုံသစ်အပေါ်က အသိအမြင်သစ်တချို့ ရခွင့်ကြုံလိုက်ခြင်းတို့အတွက်တော့ ဝမ်းသာရ၏။ အမှန်က ကျနော် ဒီကို ထွက်မလာခင်ကတည်းက ဒီရောက်ရင် ဆန္ဒပြပွဲတွေ ဝင် မနွှဲဟု ရည်ရွယ်ရင်း ရှိခဲ့၏။ ဤသို့ ရည်ရွယ်ရင်း ရှိသဖြင့်လည်း ဝင် မပါခဲ့။ မပါသည်သော်လည်း အခြားသူတွေ လုပ်နေကြတာကို မဆန့်ကျင်။ ကိုယ်တိုင် ဝင် မပါရသည်ကတော့ ၈၈ အရေးတော်ပုံကြီးတွင် ဘာ လိုချင်၊ ဘာ ဖြစ်ချင်ဆိုသည့် ကျနော့်ဆန္ဒတွေ အကုန် ပြခဲ့ပြီးပြီ။ ဆိုတော့ ကျနော့်တွင် ပြစရာ ဆန္ဒ မရှိတော့သလို၊ ပြချင်သည့် ဆန္ဒလည်း ကျနော့်တွင် မရှိတော့။

ရှစ်လေးလုံး နှစ် ၂၀ ပွဲက ကျနော့်အတွက်တော့ အမြင်ဆန်းနှင့်အတွေ့အကြုံသစ်။ နယူးယော့ခ် မြန်မာသံရုံး ရှေ့တွင် လူစုကြပြီးနောက် ဦးဆောင်စီစဉ်သူတွေက မြန်မာသံရုံးတာဝန်ခံအား ကြေညာချက်စာကို ပေးအပ်မည်ဆိုတော့ သက်ဆိုင်ရာတာဝန်ရှိသူက ထွက် မယူ။ မယူသည့်အပြင် အဆောက်အဦးတံခါးကိုပါ ပိတ်လိုက်သေး၏။ ထို့ကြောင့် စာကို သံရုံးစာတိုက်ပုံးထဲ ထည့်ပြီးနောက် ကြွေးကြော်သံများ တိုင်ကြ၊ ပြောကြ ဟောကြပြီးနောက် တရုတ်သံရုံးဘက်သို့ ထွက်လာကြ၏။ တရုတ်သံရုံးနှင့် မလှမ်းမကမ်းနေရာတွင် ဆန္ဒပြကြပြီးနောက် ကုလသမဂ္ဂအဆောက်အဦရှေ့က ဆန္ဒပြမည့်နေရာသို့ ဆက် ထွက်ကြ၏။ သတ်မှတ်နေရာ မရောက်ခင်ကလေးတွင် လမ်းရှင်းရဲများက ရပ်ခိုင်းသဖြင့် လူတန်း ရပ်သွား၏။ လှမ်းကြည့်လိုက်တော့ Free Tibet, Free Tibet, ဆိုသည့် တောင်းဆိုသံများ ဟိန်းဟိန်းထနေသည့် လူတန်းကြီး တတန်း။ ထောင့်ငါးရာခန့် ရှိမည် ထင်၏။ ဒလိုင်လားမားပုံတော်ကို ကိုင်ထားသူတွေလည်း ပါ၏။ အလံတွေ တလူလူ၊ လက်ကိုင်စပီကာတွေ တစာစာ၊ ကြွေးကြော်သံတွေ တိုင်ကာ ဖေါက်ကာနှင့် ဆန္ဒပြနေသည့် အမေရိကန်ရောက် တိဗက်များကို မြင်လိုက်ရ၏။ တိဗက်ဝတ်စုံနှင့် တိဗက်လူမျိုးကို အပြင်မှာ တခါမှ မမြင်ဖူးသေး။ ဤသူတွေကို တိဗက်ပြည်တွင်မြင်လျှင် ဘယ်လို နေမည် မဆိုနိုင်သော်လည်း ဒီနေရာမှာ တွေ့လိုက်ရခြင်း၌ အမြင်ဆန်းနေ၏။ စာနာစိတ်လည်း ဖြစ်မိပြန်၏။ လူတန်းချင်း ဆုံမိပြီး ဖြတ်ကြတော့ ကျနော့်နှုတ်မှ Free Tibet ဟု အလိုလို ထွက်သွား၏။ သူတို့ဘက်ကလည်း Free Burma, Free Burma, တွေ ပြန်အော်ပြီး အပြန်အလှန် အားပေး ကြွေးကြော်ကြ၏။ လွတ်မြောက်ပါစေဟု အပြန်အလှန် ဟစ်ကြွေး တောင်းဆိုခဲ့ကြသည့် ကျနော်တို့နိုင်ငံရော၊ သူတို့တိုင်းပြည်ပါ အခုထက်တိုင် ခါးတောင်းကျိုက် မဖြုတ်နိုင်ကြသေး။ လှုပ်ရှားမှုများကတော့ ပြည်တွင်းပြည်ပ၌ တရံမလပ် ရှိနေဆဲ။ ကြွေးကြော်ဆဲ။ တောင်းဆိုဆဲ။ တိုက်ပွဲဝင် ဆဲ။ နယူးယော့ခ် ရှစ်လေးလုံး အနှစ်နှစ်ဆယ်အကြောင်း တွေးကောင်းဆဲ ဇနီးဖြစ်သူ၏ “မံမီ ပြခန်းဘက် သွားရအောင်” ဟု ဆိုသည့်အသံကြောင့် စိတ်သည် ပစ္စုပ္ဗန်သို့ ပြန်ရောက်လာ၏။

အီဂျစ်ပြည် မံမီတွေ ပြခန်းအဝင်တွင် “ဤပြခန်းတွင် မံမီရုပ်အလောင်းများ ပြသထားခြင်းနှင့် အီဂျစ်လူမျိုးတို့၏ သေသည်၏ အခြားမဲ့၌ ယုံကြည်မှုဆိုင်ရာကိစ္စများကိုသာ မြင်ရမည်ဖြစ်သဖြင့် ဤအရာများကို ကြည့်ပြီး ထိုလူမျိုး၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းတခုလုံးကို ဆုံးဖြတ်၍ မရနိုင်ဆိုသည်ကို သတိပြုပါရန်” ဆိုသည့်သဘော စာတမ်းတခု ကပ်ထား၏။ အီဂျစ်ပြည်ဟု တွေးလိုက်သည်နှင့်စိတ်တွင် ခေတ်ဟောင်းနှင့် ခေတ်သစ်အီဂျစ်ပြည်၏ ပထဝီနိုင်ငံရေးတွင် အရေးပါမှု၊ နိုင်းလ်မြစ်ဝှမ်းမှ တော်လှန်ရေး၊ အန်နဝါ ဆဒတ်၊ စူးအက်တူးမြောင်း၊ အာရပ် အစ္စရေးလ်စစ်ပွဲများ၊ ရေနံလက်နက်နှင့်အရှေ့အလယ်ပိုင်း ပြဿနာ စသည်တို့နှင့် ယက်ရှယ် ဆက်နွယ်နေသည့် ပဋိပက္ခများစွာတို့ထက် ပိရမစ်ကြီးများ၊ စဖင့်ရုပ်တုကြီးများ၊ ပိုင်းပရပ်စ် ပေရွက်များပေါ်က သင်္ကေတ အရုပ်စာ၊ ကလီရိုပါထရာ၊ ကျွန်စနစ်အောက်က လွတ်မြောက်ရေးတိုက်ပွဲများနှင့် စပါတားကပ်စ်တို့ကိုသာ စိတ်ထဲ တန်းကနဲ ပြေး မြင်တတ်ကြသည် မဟုတ်လား။ ထို့ကြောင့် ဤစာတမ်းလေးကပ်ထားခြင်း ဖြစ်မည်ဟု အတွေး ပေါ်မိ၏။ ပြခန်းထဲ၌ အီဂျစ်ပြည်မှ ယူလာပြီး ပြထားသည့် မံမီရုပ်များ။ တချို့က အလောင်းကို မံထားသည့်နဂိုနေအတိုင်း လက်ရာခြေရာ မပျက်၊ အချို့မှာ မျက်နှာပိုင်းအပြင်ကာကို လှီးဖြတ် ဖွင့်ထုတ်ပြီး မျက်နှာနေရာကလေးသာ ကွက်ကွက် ဖော်လျှက်၊ အချို့က ကျောခင်းသာ ချန်ပြီး ရှေ့ပိုင်းတခြမ်းလုံး ဖွင့်လျှက် ပြထား၏။ လေးနှစ်သားအရွယ် မံမီရုပ်အလောင်း တခုကိုတော့ အပြင်သား အကာတွေ အကုန်ခွာထားပြီး ဒီအတိုင်း ချပြထား၏။ ကိုင်ကြည့်လို့တော့ မရ။ သူ အသက်ရှင်စဉ်ကတော့ ဘယ်လို ပုံပန်းသဏ္ဍန်ရှိမည် မဆိုတတ်။ ယခု ကြည့်ရသည်ကတော့ အသားအရေရှိ အစိုဓါတ်တို့ တစမကျန် ခြောက်ခမ်း ပုပ်ပွ ဆွေးမြေ့သွားပြီးနောက် ကျန်နေခဲ့သည့် အရိုးစု သက်သက်ကြီးလိုလည်း မဟုတ်။ လတ်လတ်ဆတ်ဆတ် အလောင်းကောင်လိုလည်း မဟုတ်။ မဲတူးတူး မွဲခြောက်ခြောက်နှင့်မို့ ကျနော့်စိတ်ထဲ ငါကျည်းကျပ်တိုက်ခြောက်တွေကို မြင်နေ၏။ မဖွင့်ပဲထားသည့် မံမီရုပ်များ၏ အတွင်းပိုင်းကို ဖြတ်ရိုက်ထားသည့် ဓါတ်မှန်ချပ်တွေကို မီးထိုးပြီး ပြထားသည်လည်း ရှိ၏။ ရုပ်အလောင်းများထည့်သည့် ကျောက်သားဂူများလည်း မြင်၏။ ပိရမစ်ကြီးများ၏ အတွင်းခန်း ဖွဲ့စည်းမှုတွေအတိုင်း တထေရာတည်း လုပ်ထားသည့်နေရာသို့ ဝင်ကြည့်မိ၏။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ဂူသချိုံင်းကြီးတခုထဲ ရောက်သွားတာလိုလိုဖြစ်ကာ လှောင်အိုက် မွန်းကျပ် သွား၏။ တနေရာမှာတော့ တချိန်တုန်းက ပင်လယ်နီ သို့မဟုတ် နိုင်းလ်မြစ်ကြီးအတွင်း စုံချည်ဆန်ချီဖြင့် တက်စုံရွက်စုံ ဖွင့်ခဲ့မည်ဖြစ်သည့် သစ်သားလှေကြီးတစီး ချပြထား၏။ လှေကြီးကား အတော်ပင် ဆွေးမြေ့နေလေပြီ။ ပိုင်းပရပ် ပေစာထုတ်များ၊ ကျောက်ထွင်း တဖက်ဖေါင်းရုပ်ကြွများ၊ အရုပ်စာများ၊ လေးမြားလက်နက်များ၊ ကြာပွတ်ကြီးများ၊ သံလုံးတန်းလန်းကြီးတွေနှင့်သံခြေကျဉ်းများလည်း မြင်ရ၏။ တနေရာတွင် သစ်သားဒလိမ့်တုံးနှင့် သစ်သား ဘီးများ တပ်ထားသည့် ပျဉ်ချပ်ကြီးပေါ်တွင် တင်ထားသော လေးထောင့်စပ်စပ် ကျောက်တုံးကြီး တတုံး။ လူ့ခါးစောင်းခန့် မြင့်၏။ ကျောက်တုံးကြီးပတ်လည်တွင် ဧရာမကြိုးလုံးကြီးတွေ ဆိုင်းကာ ရှေ့နှင့်ဘေးဘက်တွင် ဆွဲရန် ကြိုးစရှည်ကြီးက တန်းလန်း။ အလေးချိန် ဘယ်လောက်မှန်း မမှတ်မိတော့။ ကျေးကျွန်တွေက မိုင်ရာချီအကွာ ကျောက်တောင်ကြီးတွေဆီမှ ဤအရွယ်ကျောက်တုံးကြီးတွေကို ဖြတ်ထုတ် ဖဲ့ယူ၊ ဒလိမ့်တုံးတွေပေါ် တင်ပြီး ရှေ့က ဆွဲ၊ နောက်က တွန်းပြီး သယ်ယူပေးခဲ့ကြရ၏။ ကျွန်ခေါင်းတို့၏ ကြာပွတ်သံ တရွှမ်းရွှမ်း၊ သွေးစိမ်းလွှမ်း ဟက်တက်ကွဲ ကျောပြင်များ၊ သေကောင်ပေါင်းလဲ အရိုးပေါ် အရေတင်ခန္ဓာများနှင့် သူတို့၏ဝိဉာဏ်တွေက ထိုကျောက်တုံးကြီးတွေမှာ အခုထက်တိုင် ပူးကပ်နေဆဲ။ နားထဲတွင်လည်း “တွန်းထား၊ ဆွဲထား” ဆိုပြီး ညာသံပေး အချီအချ အော်ဟစ်သံများ ကြားလာသလိုလို မျက်စေ့ရှေ့မှ ကျောက်တုံးကြီးပင် နည်းနည်း ရွေ့သွားသလိုလို ခံစားမိ၏။ ရှင်စဉ်ကလည်း အာဏာစက်နှင့် ဓါးအထက် ပြိုင်ဖို့ ဤကျွန်တွေကိုပဲ စတေးခဲ့ကြ၏။ သေလွန်ပြန်တော့လည်း ဤကျွန်တွေ၏ အသွေးအသားနှင့် လုပ်အားကို နိုင်လိုမင်းထက် လုယက်ကာ ဂူသချိုံင်း အကြီး ပြိုင်ခဲ့ကြ၏။ သချိုံင်းကြီးလေ၊ ဂုဏ်ကြီးလေခေတ်က အဖိနှိပ်ခံပြည်သူတို့၏ သနားစဖွယ် ငိုကြွေးသံများ၊ မချိတင်ကဲ မျက်ရည်စများ၊ နာကျည်း အံကြိတ် တက်ခေါက်သံများ၊ တော်လှန်ပုန်ကန်မှုများနှင့် တန်ပြန် ရက်စက် ဖြိုခွဲ နှိပ်ကွပ်မှုများကို စိတ်မျက်စေ့တွင် မြင် ပြန်၏။ တရုတ်ပြည်မှ မဟာတံတိုင်းကြီး၏ အုတ်အချပ်တိုင်း အုပ်အချပ်တိုင်းတွင်လည်း ဤနှယ် အနိဋ္ဌာရုံများ ပြွမ်းနေမည် ဖြစ်၏။ ကမ္ဘာ့အံ့ဘွယ်တွေဆိုပြီး ကြည့်ရှု ရင်သပ်နေကြသည့် ဤအရာတို့သည် ရှေးက အဖိနှိပ်ခံလူတို့၏ အသက်သွေးချွေးနှင့် အသားဆိုင်အသားစ အစုအပုံကြီးတွေမှန်း ခံစား နားလည်ပေးနိုင်ကြရင် ကောင်းမှာပဲဟု တွေးမိပြန်သေး၏။

မံမီတွေပြခန်းက ထွက်ပြီး အပေါ်ထပ် တက်ကြည့်ရင်း တနေရာ၌ လည်ပင်းတွင် ကြေးဝါကွင်းတွေ စွပ်လျှက် ကြေးသွန်း ပဒေါင်အမျိုးသမီး ကိုယ်တပိုင်းပုံ ရုပ်တုတခုကိုလည်း မြင်၏။ အနားတိုးပြီး ရုပ်တုအောက်ခြေက စာတွေ ဖတ်နေတုန်း နောက်မှ “မင်းက ဗမာလား” ဟု အင်္ဂလိပ်လို မေးသံကြားသဖြင့် လှည့်ပြီး “ဟုတ်တယ်” ဟု ဆိုတော့ “ငါ မင်းတို့တိုင်းပြည်ကို ရောက်ဖူးတယ်၊ ဒီ လူမျိုးစုတွေရှိတဲ့ဒေသကိုတော့ မရောက်ခဲ့ဖူး၊ ဒါပေမယ့် ထိုင်းနိုင်ငံမှာတော့ သူတို့နေတဲ့ရွာတွေမှာ သူတို့ကိုပြပြီး ကမ္ဘာလှည့်ခရီးသည်တွေဆီက ပိုက်ဆံရှာတဲ့လုပ်ငန်းကတော့ တော်တော် အလုပ်ဖြစ်နေတာပဲ ကွ၊ ငါတောင် သွားကြည့်ပြီး ဓါတ်ပုံတွေ ရိုက်ယူလာခဲ့သေးတယ်၊ ဒို့ဆီက ရက်အင်ဒီယန်းတွေနဲ့ သူတို့ရွာတွေလို ပေါ့ကွာ” ဟုဆိုတော့ ကျနော့်စိတ်ထဲ ထောင်းကနဲ တချက် ဖြစ်လိုက်မိပြန်၏။ ဘာကို ဖြစ်လာလဲ၊ ဘာကြောင့်လဲ၊ ဘယ်သူ့ကိုလဲ။ ကျနော် သူ့ကိုတော့ ဘာမှ ပြန်မပြော ဖြစ်။ စိတ်ထဲ အတွေးတို့ သီတန်း စုဖွဲ့လာပြန်၏။

(ဆက်ပါဦးမယ်)

မျိုးမြင့်ချို

မတ်လ ၂၀ ရက်၊ ၂၀၁၂။
20120324 Myo Myint Cho

ဗဟုသုတ - Made in China Willis Tower ၊ လေလုံးထွားတဲ့မြို့နှင့် မံမီရုပ်တွေ နေတဲ့ အရပ် မျိုးမြင့်ချို - Mar 24 2012 07:52 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005