ဝတ်ပြုဆုတောင်းပွဲ ငြိမ်းချမ်း အောင်မြင်စွာ ပြီးဆုံး
20120323 Mandalay Strike

မန္တလေး မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ် (ဘုရားကြီး) ၀င်းအတွင်း၌ ၂၀၁၂ မတ်လ ၂၂ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု ပြုလုပ်စဉ်

၂၂၊ ၃၊ ၂၀၁၂ ရက်နေ့ မွန်လွဲတနာရီတွင် စာရေးသူ ဦးဆောင်သော ၀တ်ပြုဆုတောင်းရေးအဖွဲ့ ဘုရားကြီးသို့ ရောက်ရှိခဲ့ပါသည်။ ဘုရားကြီးမြောက်မုခ်မှ အရှေ့စောင်းတန်းသို့ ၀င်ခါနီးတွင် တာဝန်ခံ ဆရာတော် သုံးပါးက “ခဏ စကားပြောချင်လို့”ဟု ဆိုကာ ဂေါပကရုံးခန်းထဲ ခေါ်သွားပါသည်။

ဆရာတော်သုံးပါးအနက် ‘ဘဒ္ဒန္တ သီဟနာဒ’ ဘွဲ့အမည်ရသော ဆရာတော်က လေးစားရည်မွန်စွာ မေတ္တာရပ်ခံပါသည်။ “ဆူပူအုံကြွမှု မဖြစ်စေချင်ပါ၊ အရှင်ဘုရားကို ယုံပါသည်“ ဟု မိန့်တော်မူပါသည်။ စာရေးသူကလည်း “စိတ်ချပါဘုရား။ တပည့်တော် တာဝန်ယူပါသည် ဘုရား။ တပည့်တော်လည်း ဆူပူအုံကြွမူကို မလိုလားပါဘုရား“ ဟု ပြန်လျှောက်ထားရာ၊ ဆရာတော်သုံးပါးလုံးက ၀တ်ပြုဆုတောင်းပွဲကို ငြိမ်းချမ်းစွာ ပြုလုပ်ရန် သဘောတူကြပါသည်။

ဆက်လက်၍ ဆရာတော်များက ဗီနိုင်း ကိုင်ဆောင်မည့်ကိစ္စကို မေတ္တာရပ်ခံ တားမြစ်ပါသည်။ စာရေးသူက အစိုးရကို ဆန့်ကျင်သည့် စာများ မပါကြောင်း၊ အကျဉ်းသားဓာတ်ပုံနှင့် အကျဉ်းသားတို့၏ မိသားစု တို့ ခံစားမှုများသာ ရေးသားထားကြောင်း၊ လျှောက်ထား၍ ဗီနိုင်းများ နမူနာပြရာ ဆရာတော်များက ခွင့်ပြုပါသည်။

ထို့နောက် ဘုရားထံမှာ ၀တ်ပြုဆုတောင်းစဉ် ဗီနိုင်း မထောင်ဖို့ မိန့်တော်မူပါသည်။ စာရေးသူကလည်း ၀တ်ပြုဆုတောင်း၍ ပြန်လာစဉ် ငါးကန်ဝင်းထဲ အ၀င် - လမ်းမရောက်မှ ကိုင်ဆောင်မှာဖြစ်ကြောင်း လျှောက်ထားပြီး “၀တ်ပြုဆုတောင်းပွဲ အစီအစဉ်“ နှင့် ”လွတ်မြောက်ရေး မေတ္တာ” စာရွက်ကို ဆရာတော်များအား ဆက်ကပ်လိုက်ပါသည်။ ဆရာတော်အားလုံးက လိုလား နှစ်ခြိုက်စွာ ခွင့်ပြုကြပါသည်။

ဆက်လက်၍ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး၏ လက်ယာဘက် ဂန္ဓကုဋီ ဘုရားကျောင်းဆောင် တောင်ဘက်မုခ်တွင် အကျဉ်းသားဟောင်း သံဃာများ၊ ပရိသတ်သံဃာများ၊ အကျဉ်းသားဟောင်း လူပုဂ္ဂိုလ်များ၊ အကျဉ်းသားတို့၏ မိသားစုများ၊ အမျိုးသား၊ အမျိုးသမီးပရိသတ်များက တညီတညွတ်တည်း သံပြိုင် မေတ္တာပို့သ၍ ၀တ်ပြုဆုတောင်းခဲ့ကြပါသည်။

ကျောင်းတိုက်လည်း မတူ၊ သိကျွမ်းမှုလည်း မရှိ၊ အတူနေတပည့်များလည်း မဟုတ်၊ ကြိုတင်၍ တီးလုံးတိုက်ခြင်းမျိုးလည်း မရှိပါဘဲလျက် တပြိုင်တည်း တသံတည်း သံပြိုင်ညီညာ ရွတ်ဆိုခဲ့ကြသည်မှာ ကြည်ညိုစရာကောင်းလှပါသည်။ ရေသန့်ဘူးများ၊ ဖျော်ရည်များ ကပ်ဖို့ စီစဉ်ထားမှုများလည်း အထမမြောက်ခဲ့ ပါ။ မေတ္တာသုတ်၊ ဗောဇ္ဈင်သုတ်၊ မောရသုတ် - ပရိတ်တော် သုံးသုတ်လျှင် တကြိမ်နှုန်းဖြင့် သုံးကြိမ်သုံးခေါက် ရွက်ဆိုပွားများရာ၌ သံဃာတော်များ ရေဆာမှုကို သည်းခံ၍ အပင်ပန်းခံ ချီးမြှောက်တော်မူကြသည့်အတွက်လည်း ကြည်ညိုသဒ္ဓါ လွန်စွာ ပွားများရပါသည်။ ကျေးဇူးကြီးလှပါသည်ဘုရား၊ ကျေးဇူး အထူးတင်ပါသည် ဘုရား။

ထို့နောက် သံဃာတော်များ တန်းစီ ပြန်ကြွ၍ ငါးကန်ဘက်အထွက်တွင် သံဃာတော်များရော၊ အကျဉ်းသားတို့၏ မိသားစုများကပါ အသင့်ယူလာသော ဗီနိုင်းများကို ကိုင်ဆောင်၍ အသံတိတ် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါသည်။ အကျဉ်းသားမိသားစုများက အကောင်တရာရှိသော ငှက်ကလေးများကို အစုလိုက် အပြုံလိုက် တပြိုင်တည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြပါသည်။ “အတောင်အပံ ရှိပါလျက် ပျံသန်းခွင့်မရသည့် ငှက်ကလေးများ ယနေ့မှစ၍ လွတ်လပ်စွာ ပျံသန်းနိုင်ပါစေ၊ ဘေးကင်းစွာ ရှင်သန်နိုင်ပါစေ” ဆုတောင်းပြီး ငှက်ခြင်းကို အဖုံးဖွင့်ပြီး မြှောက်တင်ပေးလိုက်ရာ ငှက်ကလေးများ ပျံသန်းသွားသည်ကို ကြည့်၍ ပရိသတ်တွေက ၀မ်းသာအားရ လက်ခုပ်တီး၍ သြဘာပေးခဲ့ကြပါသည်။

ဆက်လက်၍ စာရေးသူက သတင်းထောက်များ အမေးကို ပြန်လည်ဖြေဆိုပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ပါသည်။ တိုင်းဒေသကြီးအစိုးရနှင့် ဆိုင်ရာဆရာတော်များ စိုးရိမ်နေသော ဆူပူအုံကြွမှုများ အရိပ်အယောင်မှ မတွေ့ရဘဲ ငြိမ်းချမ်းအေးဆေးစွာ ပြီးဆုံးသွားခဲ့၍ တိုင်းဒေသကြီးအစိုးရမှ စာရေးသူအပေါ် ကိုင်တွယ်ရခက်နေမည်မှာ သေချာပါသည်။ ဘုရားသားတော်များအရေးအတွက် ဘုရားရှေ့မှာ ဆုတောင်းဝတ်ပြုသည်ကို ဘုရားသားတော်ကြီးများက အမြင်မတူ မကြည်ဖြူကြသည်မှာ ၀မ်းနည်းဖွယ် ကောင်းလှပါသည်။

စာရေးသူအား တိုင်းဒေသကြီး အစိုးရ၏ အမိန့်ကို မနာခံမှု၊ ဘုရားကြီးဂေါပက စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်မှု၊ သံဃာ့ရေးရာ ညွှန်ကြားလွှာပါ လုပ်ထုံးလုပ်နည်း ဥပဒေများကို ချိုးဖောက်မှု၊ ဘုရားကြီး သြ၀ါဒါစရိယ ဆရာတော်ကြီးများ စကားကို နားမထောင်မှုတို့ကြောင့် တစုံတရာ အရေးယူဖို့ ပြင်ဆင်နေကြမည်မှာ အမှန်ပင်။ သို့သော် ၀တ်ပြုဆုတောင်းပွဲ ငြိမ်းချမ်းအေးဆေးစွာ ပြီးဆုံးသွားခဲ့ခြင်းကြောင့် သဘောထားကြီးသူများ ဖြစ်လျှင် ခွင့်လွှတ်နိုင်မည် ဖြစ်သော်လည်း အရပ်သားတပိုင်း စစ်သားတပိုင်း၊ အာဏာရှင်တပိုင်း ဒီမိုကရေစီတပိုင်း ဖြစ်နေသော လက်ရှိအစိုးရ၏ သဘောထားကို စောင့်ကြည့်ရုံသာ ရှိပါတော့၏။

သို့သော် ချက်ခြင်း လက်ငင်း ဖမ်းဆီး ချုပ်နှောင် အရေးယူဖို့တော့ ဖြစ်နိုင်ဖွယ် မရှိဟု မြင်ပါသည်။

“၀တ်ပြုဆုတောင်းပွဲ အစီအစဉ်”

၁။ နမောတဿသုံးကြိမ်ရွက်ဆို၍ ဘုရားရှိခိုးရန်ပါ ဘုရား။
၂။ သရဏဂုံသုံးကြိမ် ဆောက်တည်ရန်ပါ ဘုရား။
၃။ မေတ္တာသုတ်၊ ဗောဇ္ဈသုတ်၊ မောရသုတ် ပရိတ်တော်များကို သုံးခေါက် ရွတ်ဆိုရန်ပါ ဘုရား။
၎။ ရတနာသုံးပါး ဂုဏ်တော်များ၊ ယံဒုန္နိမိတ္တံဂါထာများ၊ ဘ၀တုသဗ္ဗမင်္ဂလံ ဂါထာများ၊ သဗ္ဗီတိယော ဂါထာများ ရွတ်ဖတ်ပူဇော်ရန်ပါ ဘုရား။
၅။ လွတ်မြောက်ရေးမေတ္တာများ ပို့သရန်ပါ ဘုရား။
၆။ သာဓုသုံးကြိမ်ခေါ်ပြီး အခမ်းအနား ရုပ်သိမ်းရန်ပါ ဘုရား။

“လွတ်မြောက်ရေးမေတ္တာ”

၁။ လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ ထောင်ကျနေရှာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေး ကြပါစေ။ အချုပ်အနှောင်မှ အမြန်လွတ်မြောက်နိုင်ပါစေ။
၃။ ယုံကြည်ချက် အကျဉ်းသားများ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေး ကြပါစေ။ ထောင်မှ အမြန်လွတ်မြောက်ကြပါစေ။

ဦးပဉ္ဖင်း ၀ီရသူ (မစိုးရိမ်)
ဘဒ္ဒန္တ ၀ိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း နာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်၊ မန္တလေး
အတွေ့အကြုံ - နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု ဦးဝီရသူ (မစိုးရိမ်) - Mar 23 2012 04:14 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ဦးပဉ္ဖင်း ၀ီရသူ (မစိုးရိမ်) ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005