သော့အိမ်က ရက်စွဲများ၊ လူများ၊ အတွေးစများ (၆)
Myo Myint Cho Burma Soldier

ကျနော် ကြမ်းပေါ် လှဲချလိုက်ပြီး တကိုယ်လုံးရှိသမျှ အကြောအချဉ်တွကို တဖြည်းဖြည်းချင်း လျှော့၊ စိတ်ကိုလည်း တည်ငြိမ်အောင် ပြန် စုယူသည့်အနေဖြင့် အသက်ရှူတာကို လိုက် မှတ်နေမိ၏။ လိုက်သာ မှတ်နေရ၏။ စိတ်က သိတ် မငြိမ်။ အတွေးတွေက ဟိုရောက်သည်ရောက်။ တွေးနေမိမှန်း သိလိုက်သည်နှင့် အတွေးက ပျောက်သွားပြီး စိတ်က အသက်ရှူခြင်းဆီ ပြန်ရောက်လာပြန်၏။ တခါ ပြန်တွေးမိပြန်၏။ ခါးနှင့် နံစောင်းမှာ နာနေသည်ကိုလည်း သတိထားမိ၏။ မနာသည့်ဘက်ကို အသာလေးစောင်းရန် ကိုယ်ကိုပြင်လိုက်တုန်းမှာပဲ တံခါးက ချောင်းကြည့်ပေါက် ကလေး ပွင့်လာ၏။ မျက်လုံးတစုံကို မြင်ရ၏။ တဆက်ထဲ "နောက်လှည့်ထား" ဟု အမိန့်ပေးသံကိုလည်း ကြားရ၏။ သို့ဖြင့် ပြန်ထပြီး နောက်လှည့် ထိုင်ရပြန်၏။ နောက်တော့ တံခါးသော့ဖွင့်သံ၊ အခန်းထဲသို့ လူတယောက် ဝင်လာသံတွေ ကြားရ၏။ အခန်းထောင့်တွင် လေးလေးပင်ပင်ပစ္စည်းတခုခုကို ချသံလည်း ကြား၏။ စိတ်က ဘာပါလိမ့်ဆိုပြီး လူက အမှတ်တမဲ့ နောက်လှည့်ကြည့်မိလိုက်၏။

လူတယောက် ကျနော့်ကို ကျောပေးပြီး ကုန်းကုန်းကွကွဖြင့် ကြမ်းပြင်ပေါ် သောက်ရေအိုးတလုံး ချနေတာ မြင်၏။ အောက်ပိုင်းက စစ်ဘောင်းဘီ ဝတ်ထားသော်လည်း အထက်ပိုင်းကမူ ဗလာကျင်းလျှက်။ ကျနော်လည်း ဆက်ကြည့် နေမိ၏။ ထိုစဉ်မှာပဲ သူကအလှည့် ကျနော့်အကြည့်နှင့် မျက်လုံးချင်းတည့်တည့် တိုးမိတော့၏။ "ဟာ၊ ဟေ့ကောင် နောက်လှည့်ထားဆို၊ -ီးမို့ ကြည့်နေတာလား" ဆိုကာ ရိုက်ရန် လက်ရွယ်လိုက်သဖြင့် ကျနော်လည်း ရုတ်ကနဲ နောက်ပြန်လှည့်လိုက်၏။ သို့သော် နောက်ကျသွားခဲ့ပြီ။ သူ့လက်က ကျနော့်ဇက်ပိုးပေါ် ဖြောင်းကနဲ ကျလာ၏။ လူလည်း ရှေ့ငိုက် ကျသွားပြီး မျက်စေ့တွေလည်း ပြာထွက်သွား၏။ ကျသည့် အနေအထားအတိုင်းပဲ နေလိုက်၏။ ခေါင်းပြန် မထူရဲ။ ထူလိုက်ကာမှ နောက်တချက် ဝင်လာလျှင်ဆိုပြီး တွေးမိကာ အသာပဲ ငြိမ်နေလိုက်၏။ နောက်တချက်တော့ မလာ တော့။ မအေနှမတွေ မိုးမွှန်အောင်ဆဲကာ ပြန်ထွက်သွား၏။ အသံတော့ မဝဲ။ ဆိုတော့ ဒီလူက စောစောကလူ မဟုတ်တော့ သေချာ၏။ ဘာပဲဖြစ်ဖြစ် သူ အခန်းထဲမှာ မရှိတော့ဆိုသည့်အသိကြောင့် စိတ်နည်းနည်း သက်သာရာရသလိုတော့ ဖြစ်မိပြန်၏။ သူ မရိုက်ခင် ကျနော်နောက်ပြန်လှည့်မပေးခင် စက္ကန့်ပိုင်းလေးအတွင်း မြင်လိုက်ရသည့် သူ့မျက်နှာကိုတော့ စိတ်ထဲ စွဲနေ၏။ အသားလတ်လတ်၊ ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့်။ မျက်လုံးမျက်ဖန် ကောင်းကောင်း။ ရုပ်ရည်သန့်သန့်နှင့် ပညာတတ် ရုပ်ပေါက်၏။ ဘာအဆင့်လဲတော့ မသိ။ အပြောအဆိုတော့ ကြမ်းတမ်း ရိုင်းပြသူ။

သူ မရှိတော့မှ ကျနော် ဖင်ရွှေ့ပြီး အခန်းထောင့်က ရေအိုးဆီသွား၏။ စစ်ပန်းကန်ပြားတချပ်ကို အိုးအဖုံးအဖြစ် သုံးပြီး အပေါ်တွင် စစ်မတ်ခွက်တလုံး မှောက်ထား၏။ ကျနော် မတ်ခွက်ကိုယူဖို့ လက်လှမ်းလိုက်တော့မှ လက်ဖမိုးကို သတိထားမိ၏။ လက်ဖမိုးတွင် အရေပြားများ ပွန်းပဲ့စုတ်ပြတ်ကာ သွေးစို့သည့်နေရာ စို့နေပါလား။ စောစောက လက်ပတ်နာရီကို ဆောင့်ဆွဲဖြုတ်တုန်းက ခြစ်မိရှမိသည့်အရာများ။ မတ်ခွက်ကိုမပြီး စစ်ပန်းကန်ပြားကို ဖယ်ကာ ရေတခွက် ခပ်ယူလိုက်၏။ ရေက ကြည်ပြီး သန့်နေတာမြင်တော့ သောက်ချင်စိတ်က တားမရတော့။ ခွက်အပြည့် ရေခွက်ကို တရှိန်ထိုး မော့ချလိုက်၏။ "အားပါး၊ ကောင်းလိုက်တာ" ဟုပင် ပါးစပ်က ထွက်သွား၏။ နောက်တခွက် ခပ်ရန်လုပ်တော့ ဝမ်းထဲ ရေဝင်သဖြင့် ပါးစပ်က လေ ပြန်ထွက်လာ၏။ သည်တော့မှ အနံ့တမျိုး ရလိုက်၏။ ခပ်ရန် ပြင်နေသည့်လက်က တန့်သွား၏။ ဘာနံ့ပါလိမ့်ဆိုပြီး စိတ်တွင် ဖြစ်နေ၏။ ရေထဲ ဆေးတခုခုများ ခတ်ထားသလား။ ဘာဆေးများပါလိမ့်ဆိုကာ လန့်သလိုလည်း ဖြစ်ရပြန်၏။ ထောင်ထဲမှာ ထောင်သားတွေကို ခဲပုတ်တွေ စိမ်ထားတဲ့ရေကို တိုက်တယ်။ အဲဒီရေတွေကို ကြာကြာသောက်ရင် ဦးနှောက်တွေ ထုံထိုင်းပြီး ပန်းပါသေသွားအောင် လုပ်တာဆိုသည့် ပြောသံတွေလည်း ပြန် သတိရ၏။ ဟုတ်မဟုတ်တော့ မသိ။ နောက်တခုက စစ်ကြောရေးစခန်းတွေ အကြောင်းရေးသည့် စာအုပ်တွေထဲမှာနှင့် သူများ ပြန် ပြောပြဖူးတာတွေကိုလည်း သတိရမိပြန်၏။ စစ်ကြောရေးလုပ်ရင် အစားအသောက်တွေထဲမှာ ဆေးတမျိုး မသိအောင် ခတ်ထားတယ်။ အဲဒါတွေ စားမိသောက်မိရင် လူက သိစိတ် ပျောက်သွားပြီး မသိစိတ်ကနေ သူတို့မေးသမျှ အမှန်အတိုင်း ပြန်ဖြေပြီး ဟုတ်တာတွေရော မဟုတ်တာတွေရော အကုန်လုံး ဝန်ခံတော့တာပဲ။ နောက်ဆုံး လူလည်း ရူးသွားတတ်တယ် စသည်များ။ ရလိုက်သည့်အနံ့ကြောင့် မင်္သကာစိတ်တွေ ဝင်လာ၏။ လန့်သလိုလည်း ဖြစ်မိ၏။ အခု ဒီ သောက်ရေထဲ ဒီကောင်တွေ ဒီဆေးမျိုး ခတ်မထားဟု မည်သူ ပြောနိုင်မည်နည်း။ ခတ်ထားရင်ရော ဘာ ဆက်ဖြစ်ဦးမည်နည်း။ တခွက်တော့ ဝမ်းထဲ ဝင်သွားပြီ။ မတတ်နိုင်တော့။ ပြန် အန်ထွက်အောင် လုပ်ပစ်လိုက်ရင်ကောင်းမယ်ဟု တွေးကာ ပါးစပ်ထဲ လက်ခလယ်ကို တဆုံး ထိုးထည့်မိ၏။ အရေးထဲ ပြတ်နေသည့်လက်ခလယ်က တိုနေ၏။ အာခေါင် ဆုံးအောင်ပင် မထိ။ ကြိုးစားပြီး တဆုံး ထပ် ထိုးသော်လည်း အာခေါင်ဆုံးထိ မထိ။ စိတ်က တိုလာ၏။ မသောက်ခင်မှာ ဘာလို့များ အနံ့မခံကြည့်ခဲ့ရတာတုန်းဆိုကာ ကိုယ့်ဘာသာကိုယ်လည်း အပြစ်တင်မိ၏။ ရေ ပြန် အန်မရတာရော၊ လက်ခလယ် တိုနေတာကြောင့်ရော စိတ်က ပို တိုလာပြန်၏။ ရေက ဘယ်လိုမှ ပြန် အန်မထွက်။ မထွက်သည့်အပြင် ပါးစပ်ထဲက သွားရေနှင့် တံတွေးတွေက တမှောင့်။ ပါးစပ်တဝိုက် ပေကျံကုန်၏။ ပုဆိုးစကို လိမ်ကျစ်ပြီး ပါးစပ်ထဲ ထိုး ထည့်ရင်တော့ ရေ ပြန်အန်တန်ကောင်းရဲ့ဆိုကာ ပုဆိုးအနားစကို လက်ဖြင့် လိမ်ကျစ်နေတုန်း တံခါးပေါက် "နောက်လှည့် ထား" ဆိုသည့်အသံ ထွက်ချလာ၏။ ပုဆိုးစ အသာ ပြန်ချပြီး နောက်ပြန်လှည့်လိုက်တော့ ကြမ်းပြင်ပေါ်က ရေခွက်ကို ခြေထောက်ဖြင့် တိုက်မိပြီး အခန်းထဲတွင် ကလုံကလွမ်အသံတွေ ဆူညံသွားတော့၏။

အပေါက်ဝက "ဟေ့ကောင်၊ အထဲမှာ ဘာလုပ်နေတာလဲ၊ နောက် လှည့်ထားဆိုတာ မကြားဘူးလား၊ ငါ -ိုးမသား" ဆိုသည့် အသံကြောင့် "ဘာမှ မလုပ်ပါဘူး။ ရေ သောက်နေတာပါ။ ခွက်ကို တိုက်မိလို့" ဆိုပြီး ပြန်ဖြေရင်း နောက်လှည့်ထိုင်ကာ မျက်စေ့ပါ မှိတ်ထားလိုက်မိတော့၏။

(ဆက်ရန်)

မျိုးမြင့်ချို
အတွေ့အကြုံ - သော့အိမ်က ရက်စွဲများ၊ လူများ၊ အတွေးစများ မျိုးမြင့်ချို - Mar 15 2012 03:37 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005