သော့အိမ်က ရက်စွဲများ၊ လူများ၊ အတွေးစများ (၅)
Myo Myint Cho Burma Soldier

ကုလားထိုင်ကအထမှာ ဗိုလ်ကြီးထံမှ “ဟေ့ကောင်တွေ Body Search လုပ်လိုက်ဦး” ဟု အသံကြားလိုက်ရ၏။ ဤတွင် ကျနော့် တကိုယ်လုံး လက်ဖြင့်စမ်းတော့၏။ ပေါင်ချန်ကြားပါမကျန်။ တော်တော့ တော်သေး၏။ တကိုယ်လုံးတော့ မချွတ်။ နောက်တော့ အိပ်ကပ်ထဲ နှိုက်၏။ အိပ်ထဲမှာ ဆေးလိပ်ဗူး၊ မီးခြစ်၊ အင်န်အယ်လ်ဒီကဒ်ပြားနှင့် ပိုက်ဆံအနည်းငယ်။ အကုန် နှိုက်ယူထားလိုက်၏။ နောက်တော့ လက်က လက်ပတ်နာရီကိုပါ ချွတ်ယူလိုက်၏။ နာရီ ချွတ်ယူတာက ဖြည်းဖြည်းသက်သာ မဟုတ်။ ဆောင့်ဆွဲပြီးလူယူသလို ယူလိုက်ခြင်း။ လက်ကောက်ဝတ်နှင့် လက်ဖမိုးတွင် ထိမိ ခြစ်မိသွား၏။ ဓါးပြတိုက်သလိုပါလားဟု စိတ်တွင်ထင်မိ၏။ ကျနော့်ပစ္စည်းတွေ အကုန်သာ သိမ်းယူသွားသော်လည်း အထောက်အထားအဖြစ် ဘာလက်မှတ်မျှ မထိုးခိုင်း။ ကျနော် ပထမတော့ သိမ်းဆည်းယူထားကြောင်း အထောက်အထားလက်မှတ်ထိုးဖို့ ပြောမလား တွေးလိုက်မိသေး၏။ သို့သော် မပြောဖြစ်။ ပြောလိုက်ကာမှ ဘာမပြော ညာမပြော ထပ်တီးနေရင် ခက်မယ်ဟုတွေးပြီး အသာပဲနေလိုက်ရ၏။ ပြောလို့မရ။ မလုပ်ဘူးဟု မည်သူမျှ အာမမခံနိုင်သည့် အနေအထား။

နောက်တော့ “မောင်မြင့်ဆီကို သွားပို့ လိုက်” ဟု ဗိုလ်ကြီးထံမှ အမိန့်ပေးသံ ကြား၏။ မောင်မြင့်က ဘယ်သူလဲ။ ဘယ်လဲ။ ဘာလုပ်ဖို့ ငါ့ကို မောင်မြင့်ဆီ ပို့ခိုင်းတာလဲတွေ တွေးနေမိသေး၏။ အကောင်းတော့ မဟုတ်တန်ရာ။ မောင်မြင့်သည် သူ့ထက်သူလူစွမ်းကောင်း မဟုတ်ရင်သာ ရှိမည် လူကောင်းတော့ မဟုတ်လောက်ဟု စိတ်တွင် မှတ်လိုက်မိပြန်၏။ ကျနော့်ကို တွဲခေါ်လာသူက “မင်းကို မေးရင် ကောင်းကောင်းမွန်မွန်နဲ့ မှန်မှန်ကန်ကန် ဖြေ၊ ကြားလား၊ မဟုတ်ရင် နာမယ်” ဆိုပြီး ပြောသေး၏။ သူတို့က ဘာတွေ မေးလို့ ငါက ဘာကို ကောင်းကောင်းမွန်မွန် မှန်မှန် ဖြေရမှာလဲ ဆိုပြီး တွေးမိသော်လည်း နှုတ်ကမူ “ဟုတ်ကဲ့ပါ” ဟု အလိုလို ထွက်သွား၏။ ထိုသို့ ထွက်သွားရခြင်းအတွက်လည်း ကိုယ့်ဘာသာ ပြန် စိတ်တိုသလိုလို ဘာလိုလို။

“ငုံ့၊ ငုံ့”ဆိုသည့်အခါ ခေါင်းကို ငုံ့၍ “ကျော်၊ ကျော်” ဆိုသည့်အခါ ချိုင်းထောက်ကို ခတ်ကျဲကျဲ လှမ်းချပြီး ကျော်ရပြန်၏။ ဘာမှလည်း မမြင်မတွေ့ရပဲ လမ်းလျှောက်ရသည်မှာ အတော် ဂွကျပါလားဟု တွေးမိပြီး မျက်မမြင်ဒုက္ခိတများအား စာနာစိတ်ကလေးက ဖျတ်ကနဲတချက် ပေါ်သေး၏။ ဘာမှ မပြောသည့်အခါ ပုံမှန် လျှောက်။ သံမံတလင်းပြင်ညီပေါ် ပုံမှန်လျှောက်ရင်း တနေရာကျတော့ အထစ်တခုနှင့် တိုက်မိပြီး ရှေ့ကို ဟပ်ထိုး လဲကျ၏။ ဒူး၊ တံတောင်ဆစ်နှင့် လေးဘက်ထောက် ကျသည်မို့ နာလိုက်သည့်ဖြစ်ခြင်း။ “ဆောရီး၊ ဆောရီး၊ ငါ ပြောဖို့ မေ့သွားလို့၊ ဟဲ ဟဲ” ဆိုသည်ကြောင့် နာကျင်နေသည့်အထဲ ဒေါသပါ စွက်မိ၏။ လဲကျနေရာမှ “ခင်ဗျားဗျာ၊ ပြောရောပေါ့” ဟု ပြောလည်း ပြော၊ လက်ကလည်း ခေါင်းစွပ်ကိုဆွဲ အချွတ် “ဟေ့ကောင် ပြန်စွပ် ပြန်စွပ်၊ အံမယ် မအေ -ိုးက” ဆိုကာ ဘေးကို တချက် ကန်ထဲ့လိုက်၏။ ပါးစပ်က “အွတ်” ကနဲအသံနှင့် လူလည်း တဘက်သို့ စောင်းထွက်သွား၏။ ထိုအချိန်တွင် မလှမ်းမကမ်းမှ “ဘာဖြစ်တာလဲ၊ ဒီကောင်” ဟု လှမ်းမေးသံ ကြားရလိုက်၏။ စောစောက ဆရာကြီးအသံမှန်း ချက်ခြင်း ကျက်မိ၏။ “ဘာမှ မဟုတ်ပါဘူး ဆရာကြီး၊ ဒီကောင် ဂဂျိုးဂဂျောင် လုပ်နေလို့”ဟု ကျနော့် ကိုတွဲလာသူက ပြန်ဖြေတော့ “မင်းတို့ကလည်းကွာ၊ ဖြည်းဖြည်း လုပ်ပါ ဟ၊ သူ့ခမျာ ခြေမရှိ လက်မရှိတာကို” ဟု ခတ်ထန်ထန် ပြန်ပြောသံလည်း ကြား၏။ စိတ်တွင် တော်ပါသေးရဲ့၊ ဒီဆရာကြီး ကယ်လို့ နို့မို့ဆို မလွယ်ပါလားဟု တွေးကာ ဆရာကြီးကို ကြိတ်ပြီး ကျေးဇူးတင်ရပြန်၏။

နောက်တော့ ထုံးစံအတိုင်း “ငုံ့၊ ငုံ့၊ ကျော်၊ ကျော်” တွေနှင့် အဆောက်အဦးတခုအတွင်း ရောက်သွား၏။ နေမပူတော့သဖြင့်သာ အရိပ်အောက်၊ အဆောက်အဦးအောက်ဟု သိသော်လည်း ဘာ အဆောက်အဦးမှန်းတော့ မပြောတတ်သေး။ ကျနော့်ကို ရပ်ခိုင်းထားပြီး သူတို့ အချင်းချင်း ခတ်တိုးတိုး ပြောနေသံ၊ စာရွက် ပွတ်နေသံ၊ သေနတ်နှင့်ကိုယ်က သံထည်ပစ္စည်းတွေ တချက်တချက် ထိခတ်လိုက်သံတွေ ကြားနေရ၏။ ကျနော်လည်း ရေ အတော် ငတ်နေပြန်၏။ ရေပေးဖို့လည်း မပြောရဲသဖြင့် အာခြောက်ပြေရန် တံတွေးသာ ကြိတ်မြိုချနေရ၏။ ခဏနေတော့ “ကဲလာ” ဆိုပြီး ကျနော့်လက်ကို ရှေ့မှဆွဲကာ ခြေလှမ်း ၂၀ဝ ခန့် လျှောက်ကြပြန်၏။ နောက်တော့ ရပ်ခိုင်းပြီး သော့ခလောက်ထဲ သော့ထိုး လှည့်ဖွင့်သံတွေ ကြားရ၏။ ကျနော့်အား နောက်ကျောဖက်မှ ခတ်ဖိဖိလေး တွန်းပြီး အခန်းတွင်းသို့ ဝင်ခိုင်း၏။ ကျနော်လည်း အလိုက်သင့် ဝင်သွား၏။ လူတကိုယ်လုံး အထဲရောက်သွားမှ နောက်ဖက်ကနေ ခေါင်းစွပ်ကို ဆွဲချွတ်ပြီး “မင်း၊ ဟိုဟိုဒီဒီတွေ ကြည့်တာ ဘာညာ မလုပ်နဲ့ နော်၊ နံရံမှာလည်း ဟိုခြစ်ဒီခြစ် မလုပ်နဲ့၊ ညောင်းရင် လှဲနေ၊ မင်းချိုင်းထောက် အပြင် ထုတ်ထားမယ်၊ လိုတာရှိရင် တံခါးကို ၃ ချက်ခေါက်၊ ပြီးရင် အပေါက်ကို ကျောပေးပြီး ထိုင်ထား၊ လာ ဖွင့်ပေးမယ်” ဆိုပြီး အေးအေးဆေးဆေးပဲ ပြော၏။ ကျနော်က ရေငတ်နေကြောင်း၊ ရေတခွက်လောက် သောက်ချင်ကြောင်း ပြောတော့ ခဏနေရင် သောက်ရေအိုး လာ ထည့်ပေးမယ် ဆို၏။ ပြောသူအသံက မြန်မာသံပီပီမြည်မြည် မဟုတ်။ ရခိုင်သံ။ စကားအနည်းငယ် ဝဲသော်လည်း ညင်ညင်သာသာ။

ကျနော်လည်း နာတာရော ညောင်းတာပါရောပြီး လူက လှဲချင်နေ၏။ မလှဲချခင် အခန်းကို တချက် ဝေ့ဝိုက်ကြည့်မိ၏။ အခန်းက ၆ ပေ ပတ်လည်ခန့်ရှိပြီး မျက်နှာကျက်က လူ့လက်တဖေါင်သာသာ။ နံရံတွေက ကွန်ကရိအခံပေါ် ၄”+၂” သစ်သားတန်းတွေကို ဒေါင်လိုက် ၂ လက်မလောက် ခြားပြီး ကပ်ရိုက်ထား၏။ အခင်းက သံမံတလင်းပေါ်တွင် ၃ လက်မခန့်မြင့်သည့် ကွပ်ပျစ်တခု။ အခန်းထဲမှာ ဘာဆိုဘာမျှ မရှိ။ နောက်ကျောနံရံမှာ ပြတင်းပေါက် ရှိသော်လည်း ဂျက် ချထား၏။ မဖွင့်ရဆိုသည့်သဘော။ တံခါးပေါက်ကြီးတွင်မူ ချောင်းကြည့်ပေါက်ကလေး တခုရှိပြီး Shutter ဖြင့် ပိတ်ထား၏။ အခန်းက ကျဉ်းရုံမက နိမ့်လည်းနိမ့်သည့်အပြင် လေဝင်လေထွက်လည်းမရှိ ဆိုတော့ လူက မွန်းမွန်းကျပ်ကျပ်ကြီး ဖြစ်လာ၏။ စိတ်ကို အနည်းလျှော့၊ အသက်ကို ဝဝ ရှူပြီး အင်္ကျီကြယ်သီးတချို့ ဖြုတ်လိုက်တော့မှ နည်းနည်း နေသာထိုင်သာ ဖြစ်ရ၏။ ကြမ်းပေါ် အသာ ထိုင်ချလိုက်ပြီး လှဲရန်အလုပ် မျက်စေ့က တူရှူနံရံပေါ် ရောက်သွား၏။ လေး နှစ် သစ်သားချောင်းပေါ်တွင် တခုခု ရေးထားသည်ဟု ထင်ပြီး ဖင်ရွှေ့ကာ အနားကပ် ဖတ်မိတော့ “ဒီကို (-) လ ၂ (-) ရက်၊ ၁၉၇၄ မှာ ရောက်တယ်။ စိုး (-ိုး) ထွန်း” ဟု ရေးထား၏။ အသေအချာ ဖတ်သော်လည်း လ ဆိုသည့်ရှေ့က ဘာ ရေးထားမှန်း မသိ။ ရက်စွဲတွင်လည်း ၂ တလုံးသာ သဲကွဲပြီး နောက်တလုံးက ဘာမှန်းမသိ။ တခါ အမည်နေရာတွင်လည်း စိုးစိုးထွန်းလား စိုးမိုးထွန်းလား မကွဲမပြား။ ဘာပဲဖြစ်ဖြစ် ဒီနေရာကို ကျနော့်လိုပဲ ရောက်ခဲ့သူတယောက်က ကမန်းကတမ်း ရေးခြစ်သွားတာပဲဟု တွေးပြီး ပြန်လှဲချတော့မှ အတွေးတွေ တသီကြီး ထွက်လာ၏။

အဲဒီလူက ဘယ်သူလဲ။ ဘာလို့ ဒီနေရာကို ရောက်ခဲ့တာလဲ။ ဒီမှာ သူ ဘာတွေများ ဖြစ်ခဲ့သလဲ။ ခုရော ဒီလူ ရှိသေးလား။ ရှိရင်ရော ဘာဖြစ်နေလဲ။ ၇၄ ခုနှစ်က ဆိုတော့ ဦးသန့်အရေးအခင်း ဒါမှမဟုတ် အလုပ်သမားအရေးအခင်းက များလား။ နံမည်က စိုးစိုးထွန်း လား၊ စိုးမိုးထွန်းလား။ ရ၄ ဆိုတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က။ ဒီကို ရောက်တဲ့အချိန်မှာဘာပဲပြောပြော အသက် ၁၈ နှစ်ပဲ ထား။ ခု အနည်းဆုံး အသက် ၃၃ နှစ် ရှိပြီ။ တွေးရင်း စိတ်က ထွေထွေပြားပြား။ ရေကလည်း ငတ်နေ၏။ ဆေးလိပ်သောက်ချင်စိတ်တော့ တစက်မှ မရှိတော့။ ဒါနဲ့ လှဲနေရာက ပြန်ထပြီး အခန်းတံခါးကို ၃ ချက် ထုလိုက်၏။ ပြီးတော့ တံခါးကို ကျောပေးပြီး နောက်လှည့်ကာ တင်ပလ္လင်ခွေ ထိုင်စောင့်နေလိုက်၏။

တံခါးနား လူ ရောက်လာသံကြားသော်လည်း တံခါးက မဖွင့်။ “ဘာလဲ၊ ဘာဖြစ်လို့လဲ” ဟုမေးသဖြင့် ချောင်းကြည့်ပေါက်ကနေ မေးမှန်း သတိထားမိ၏။ “ရေသောက်ချင်လို့ပါ” ဟု ပြန်အဖြေ အေး၊ အေး၊ ခဏလေး ကွာ၊ ယူလာပေးမယ်၊ အလုပ်များနေလို့ ဆိုပြီး ပြန်ထွက်သွား၏။ ကျနော် စိတ်အတော် တိုမိ၏။ တခုခု ပြောထွက်တော့မလို ဖြစ်သွားပြီးမှ အချိန်မီ ဘရိတ် ပြန်အုပ်မိ၏။ ကျနော့်စိတ်အလိုအတိုင်း လိုက်ရန် ကျနော့် ဆင်ခြင်တုံတရားက ခွင့်မပြု။ ဘာမှ မပြောတော့ပဲ ကြမ်းပေါ်သို့ နာကျင်ပင်ပန်းစွာ လှဲချလိုက်မိတော့၏။

(ဆက်ရန်)

မျိုးမြင့်ချို
အတွေ့အကြုံ - သော့အိမ်က ရက်စွဲများ၊ လူများ၊ အတွေးစများ မျိုးမြင့်ချို - Mar 15 2012 02:02 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005