Made in China Willis Tower ၊ လေလုံးထွားတဲ့မြို့နှင့် မံမီရုပ်တွေ နေတဲ့ အရပ် (၂)

"ပြည်တွင်းမှာ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေနှင့်စပ်၍ ကျနော့်အမြင်သဘောထား" ဆိုတော့ ကျနော်က လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေဟာ ပီပြင်ခိုင်မာပြီး စိတ်ချရတဲ့အခြေအနေ မဟုတ်သေးကြောင်း၊ စစ်အာဏာ သိမ်းဖို့ လိုတယ်လို့ ယူဆလိုက်တာနဲ့ ရှိနေတဲ့အစိုးရက တိုင်းပြည်ကို ချက်ခြင်း စစ်တပ်လက် အပ်လိုက်ရမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ တပ်က နံမည်ပျက်ခံပြီး အာဏာသိမ်းနေစရာပင် မလိုတော့ကြောင်း၊ ဒါဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖြစ်တာကြောင့် တရားဝင်မှု ရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်သည့် လွှတ်တော်တွင်းက ၂၅ ရာခိုင်နှုန်းသော ယူနီဖေါင်းဝတ် စစ်ဗိုလ်အမတ်တွေနဲ့တင် လွှတ်တော်ကိုလည်း စိတ်ကြိုက် ပုံဖော် ထိန်းညှိထားပြီးဖြစ်ကြောင်း၊ အစိုးရအဖွဲ့တွင်းမှာလည်း အရေးပါသည့် ဝန်ကြီးနေရာတွေကို ယူနီဖေါင်းဝတ်စစ်ဗိုလ်တွေလက်ထဲမှာသာ ထားကြောင်း၊ ကာ/ချုပ်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) မှတပါး သမ္မတကိုဖြစ်စေ၊ ကာကွယ်ရေးဝန်ကြီးကိုဖြစ်စေ မနာခံပဲနေလို့ ရနေကြောင်း၊ ဘတ်ဂျက် ခွဲဝေရာတွင်လည်း စစ်အသုံးရိတ်ကို ကာ/ချုပ် တင်ပြသမျှ ခွင့်ပြုရမည်ဖြစ်ပြီး နိုင်ငံတော်စာရင်းစစ်ချုပ်က ဘာမှ ဝင် စစ်ဆေးရန် အခွင့်မရှိကြောင်း၊ ကာ/လုံတွင်လည်း ကာ/ချုပ်၏ အခန်းကဏ္ဍက ကြီးကြီးမားမား ရှိနေကြောင်း၊ သမ္မတ၊ အစိုးရနှင့်လွှတ်တော်က ဘာတွေပဲ ဆုံးဖြတ် ဆုံးဖြတ် အချုပ်မှာတော့ ကာ/လုံ က သဘောတူ ခွင့်မပြုလျှင် မည်သည့် ဥပဒေမှ အတည်ဖြစ်မလာနိုင်ကြောင်း၊ ကာ/လုံမှာလည်း စစ်ဗိုလ် ၆ ဦး၊ အရပ်သားဟု ဆိုနိုင်မည့် အရပ်ဝတ် စစ်ဗိုလ်ဟောင်း ၅ ဦးနှင့် အရပ်သားစစ်စစ် တဦးထဲသာ ပါကြောင်း၊ မဲခွဲ ဆုံးဖြတ်ရမည့် အခြေအနေရောက်တိုင်း တပ်က အသာစီးယူထားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံဥပဒေဖြင့် ပြဋ္ဌာန်းထားပြီးသား စစ်အာဏာနှင့် စစ်အုပ်စု အကျိုးစီးပွားကို ကာကွယ်သည့်ဥပဒေများအား ပြင်ရန် မဆိုနှင့်၊ ထိပါးလို့ပင် မရနိုင်သေးကြောင်း၊ ပြောရမည်ဆိုလျှင် အရပ်သားအစိုးရဟု ဆိုမည့်အစား စစ်အာဏာ ကာကွယ်ရေး ဖွဲ့စည်းပုံနှင့်၊ အရပ်ဝတ် - စစ် အထိန်းချုပ်ခံအစိုးရဟုသာ ဆိုရဦးမည်ဖြစ်ကြောင်း သဘောထားပေး ပြောဖြစ်၏။
"စစ်မှန်တဲ့အပြောင်းအလဲဖြစ်ဖို့ ဦးသိန်းစိန်အစိုးရက ဘာတွေ လုပ်ပေးစရာလိုဦးမလဲ" ဆိုတော့ တစ် တချက်က ထောင်ထဲမှာ ကျန်နေသေးသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်လိုကြောင်း၊ နောက်ထပ် ဖမ်းလိုက် လွှတ်လိုက် သံသရာတွင် လည်မနေစေရန် အာမခံချက် တိတိကျကျ ပေးရန်လိုကြောင်း၊ လွတ်ပြီး နိုင်/ကျဉ်းတွေကိုလည်း ဗမာ့နိုင်ငံရေးဖြစ်စဉ်၏အဆင့်တိုင်းတွင် အကန့်အသတ်မထားပဲ လွတ်လပ်စွာ ပါဝင် ဆောင်ရွက်ခွင့် ရရန် လိုကြောင်း။ နှစ် တချက်က လူမျိုးစုများနဲ့ ဆွေးနွေးနေတဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းများကိုလည်း မှန်မှန်ကန်ကန် လုပ်ရန် လိုကြောင်း၊ ခွဲပြီး၊ ကြိတ်ပြီး၊ ဖိအားပေး ဆွေးနွေးတာတွေ မလုပ်ဖို့လိုကြောင်း၊ ပွင့်လင်းမြင်သာပြီး အဓိပ္ဗါယ်ရှိသည့် အနေအထားဖြစ်ရန်လိုကြောင်း၊ စစ်တမျက်နှာကို အားပြည့် တိုက်နိုင်ရေးအတွက် အခြားတမျက်နှာမှာ ယာယီ ကြေအေးထားသည့် အနေအထား မဖြစ်ရန် လိုကြောင်း၊ မူမှန်ပြီး နှစ်ဘက် လက်ခံနိုင်မည့် အပစ်အခတ်ရပ်စဲရေးမှတဆင့် ပြည်တွင်းငြိမ်းချမ်းရေးသို့သွားရန် လိုကြောင်း၊ သုံးတချက်က သတင်းစာလွတ်လပ်ခွင့်နှင့် နိုင်ငံသား အခွင့်အရေး၊ လူထု၏စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးဘဝများ တိုးတက် ကောင်းမွန်အောင် ပြည်တွင်း ပြည်ပ ကုလသမဂ္ဂ အပါအဝင်၊ နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများနှင့် လက်တွဲကာ အပြည့်အဝ ပူးပေါင်း လုပ်ဆောင်ရန်လိုကြောင်းများကို ပြောဖြစ်ခဲ့၏။
နောက်တော့ အခြားသူများနှင့် ဆိုင်ရာဆိုင်ရာ မေးခွန်းတွေ မေးကြ ဖြေကြ၏။ အွန်လိုင်း စကိုဒ်ပ် (Skype) မှနေ၍ ပါမောက္ခ ဒေးဗစ် ၀ီလျံ (Professor David Williams) နှင့်လည်း မေးကြဖြေကြ၏။ သူ့အဖြေတွေက အချက်အလက် စုံပြီး ထောင့်စေ့ကာ၊ ပညာရှင်ဆန်သည် ထင်ရ၏။ တချို့ဝေါဟာရတွေ ကျနော် နားမလည်သဖြင့် မှီသလောက် ကောက်မှတ်ပြီး နောက်မှ အဘိဓာန်လှန်ရှာ ဖြစ်သေး၏။ နောက်တော့ ကျနော့်ဆီ တပတ်ပြန် လည်လာပြန်၏။ ဒီတကြိမ်တော့ အမေရိကန်အစိုးရ၏ "ပစ်မှတ်ထား စီးပွားရေး ပိတ်ဆို့မှု" (Targeted Economic Sanction) အပေါ် သဘောထားနှင့် "ဗမာပြည်ကို သွားလည်သင့်၊ မလည်သင့်" ဖြစ်၏။ ကျနော်က ပစ်မှတ်ထား စီးပွားရေး ပိတ်ဆို့မှုသည် လက်ရှိအစိုးရအား ပြုပြင်ပြောင်းလဲရေးလုပ်ရန် ဖိအားအဖြစ် ဆက်ရှိနေသေးရန် သင့်ကြောင်း၊ အပြောင်းအလဲလုပ်သည့် အတိုင်းအတာအလျှောက် ပိတ်ဆို့မှုကိုလည်း တဆင့်ချင်း လျော့ချသွားရေးဆိုသည့် အမေရိကန်အစိုးရ၏ပေါ်လစီကို လက်ခံကြောင်း ပြန် ဖြေ၏။ "ဗမာပြည်သွား လည်သင့် မလည်သင့်" ကိုတော့ လက်ရှိအစိုးရအနေဖြင့် သူတို့ လက်ခံနိုင်သည့် သတင်းဋ္ဌာနများနှင့်သတင်းသမားများသာ ဝင်ခွင့်ပေးသေးကြောင်း၊ သတင်းသမားချင်း အတူတူမှာတောင် အချို့ကို ကန့်ပြီး အချို့ကို ဟ,ပေးထားကြောင်း၊ သတင်းသမားတွေအနေဖြင့် နေရာတကာသွားဖို့ သိတ်မလွယ်ကြောင်း၊ အကယ်၍ သာမန်လူများ ကမ္ဘာလှည့်ခရီးသည်အနေဖြင့်သွားမည်ဆိုလျှင် အနည်းဆုံး ကင်မရာတလုံးတော့ ယူသွားနိုင်သဖြင့် သာမာန်ပြည်သူတွေနှင့် တိုက်ရိုက် ထိတွေ့ မေးမြန်းကြည့်ပြီး လူထုဘဝနှင့် ခံစားချက်တွေ မှတ်တမ်းတင်ယူလာပြီး အခြားသူများကို တဆင့် ပြန် ပြောပြလို့ ရနိုင်ကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအများစုမှာ အစိုးရနှင့် နီးစပ်သူများ လက်တွင်ရှိသည်မှန်သော်လည်း ထိုလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းများ၊ အလုပ်သမားလည်း ရှိသေးသဖြင့် ထိုသူများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေကို တဘက်တလမ်းမှ ဖြည့်ရာရောက်ကြောင်း၊ ကျနော့်အနေဖြင့် ကမ္ဘာလှည့်ခရီးသည်တွေကို ပြည်သူ့သတင်းသမား (Citizen Journalists) တွေအဖြစ် မြင်ကြောင်း ပြောပြီး သွားလည်ကြရန် တိုက်တွန်းလိုကြောင်းလည်း ပြောခဲ့၏။ ဤသို့ဖြင့် တယောက်တလှည့် မေးကြ မြန်းကြ၊ ဖြေကြ ကြားကြနှင့် အခမ်းအနားလည်း ပြီးသွား၏။ ပြီးတော့ အုပ်စုလိုက် ဓါတ်ပုံရိုက်ကြ၊ တယောက်ချင်းစီ သီးသန့် စကားပြောကြ၊ ကျေးဇူးတင်ကြောင်း ဝမ်းသာကြောင်းတွေ ပြောကြ၏။ အားလုံး လေးလေးနက်နက် ပြုံးပြုံးရွှင်ရွှင် ဖြင့်။
ထို့နောက် Field Museum တွင် လုပ်နေသည့် Christian Holst ၏ ဓါတ်ပုံပြပွဲနှင့် ပြတိုက်သွားရန် အစီအစဉ် ဆွဲ၏။ သည် ပြတိုက်ကြီးမှာ အီဂျစ်ပြည်က သယ်လာပြီး ပြထားသည့် မံမီဆေးရည်စိမ်ရုပ်အလောင်းအစစ်တွေ ရှိ၏။ ရှီကားဂိုးရောက်လို့ ပြတိုက်တွေ သွားကြမည်ဆိုလျှင် Field Museum သည် ထိပ်ဆုံးမှ အမည်ပေါက်သည့်ပြတိုက် ဖြစ်၏။ လာသူတိုင်းကလည်း အခြားအရာတွေထက် ဤမံမီရုပ်တွေကိုမှ ပို စိတ်ဝင်စားလေသလား ထင်ရအောင်ပင် ထိုပြခန်းတွင် လူစည်၏။ ကျနော်တို့အား ပြတိုက်လမ်းညွှန် လုပ်ပေးမည့် ရှီကားဂိုးရှေ့နေတယောက်ကို ခဏ စောင့်ရ၏။ သူ ရောက်လာတော့ လိုက်ပို့ပေးသူက "သူက ရှီကားဂိုးက ရှေ့နေကျော်တယောက် ပေါ့ ဗျာ။ အခုတော့ ခင်ဗျားတို့အတွက် ပြတိုက်လမ်းညွှန်ကောင်း လုပ်ပေးပါလိမ့်မယ်" ဟု ပြောကာ မိတ်ဆက်ပေး၏။ ထိုသူက "ဓါတ်ပုံဆရာ (Christian Holst) ၏ (Blood/Red Stone-Burma Rubies) ဓါတ်ပုံပြပွဲကို အရင်သွားမည်ဆိုကာ ပြတိုက်ကြီး၏ နောက်ခံသမိုင်း၊ ပြတိုက်ရှိ နိုင်ငံတကာပြခန်းများ၊ လောလောဆယ် ကျင်းပနေသည့် ပြပွဲများ၊ ပြတိုက်တွင် ကြည့်စရာ အမယ်ပေါင်း သန်းချီ ရှိသော်လည်း အပေါ်တင်ပြီး ပြခွင့်မရသေးသည့်အရာများ မြေအောက်ခန်းတွင် ထားကြောင်း" တွေ စုံတကာစေ့အောင် ကရားရေလွှတ် ပြောတော့၏။ သည်တော့မှ ဟိုလူ ပြောသည့် "ရှေ့နေကျော်နဲ့ လမ်းညွှန်ကောင်း" ဆိုတာ ဒါများလားဟု တွေးမိ၏။ သူ့နောက်က လိုက်ရင်း ဓါတ်ပုံပြပွဲသို့ ရောက်လာကြ၏။ ဓါတ်ပုံဆရာက ကျနော်တို့ကိုကြိုရင်း တနေရာကို လက်ညှိုးထိုးကာ "မျိုး၊ ဒီစာသားတွေက မှန်ရဲ့လား" ဆိုသဖြင့် ဘာများပါလိမ့်ဆိုကာ ကြည့်လိုက်တော့ ပိုစတာငယ်တခုတွင် "ဗမာ့ပတ္တမြား" ဆိုပြီး မြန်မာလို အပီ ရေးထားတာ တွေ့ရ၏။ ရှီကားဂိုးက အမေရိကန်ပြတိုက်ကြီးတွင် မြန်မာစာကိုမြင်တော့ စိတ်ထဲ ကြည်နူးဝမ်းသာ ဖြစ်ရ၏။ ပိုစတာအပေါ်က စင်ကလေးတွင် မှန်သေတ္တာလေးတခု။ ထိုအထဲတွင် ရဲရဲနီကာ ကြည်တောက်နေသည့် ကျောက်မျက်တုံးကလေးတွေ ပြန့်ပြန့်ကျဲကျဲ။ ကျနော်က အစစ်တွေလားဟု မေးတော့ "မဟုတ်ပါဘူး၊ ဓါတုဗေဒကျောက်တွေ ပါ၊ အစစ်တွေ ဒီလောက်များများဆို ငါ ဘယ်လိုလုပ် တတ်နိုင်မှာတုန်း ကွာ၊ မင်းတို့နိုင်ငံက ပြည်တန်ပတ္တမြားတောင် ထွက်တဲ့တိုင်းပြည် မဟုတ်လား၊ အဲသလိုတိုင်းပြည်မျိုးမှာ လူဖြစ်ရတာဂုဏ်ယူစရာ ပါ။၊ ဒါပေမယ့် ခက်နေတာက အဲဒီ အဖိုးတန်သယံဇာတတွေက ရတဲ့ဝင်ငွေကို မင်းတို့ပြည်သူတွေ မခံစားရတာကိုတော့ ငါ စိတ်မကောင်း ဖြစ်မိတယ်၊ လူတွေ သွေးနဲ့ ချွေးနဲ့ရ င်းပြီးမှရတဲ့ ဒီကျောက်မျက်တွေကို လူတစုက ခံစား ချယ်လှယ်နေတာ ဆိုတော့ ဒီ ကျောက်မျက်က အရောင်ဟာ ငါ့အတွက်တော့ ပတ္တမြားရောင်မဟုတ်ပဲ သွေးရောင်တွေလို့ မြင်နေတယ်၊ ဒါဟာ ပတ္တမြားရောင်ဆိုရင်လည်း အနီရောင်သက်သက်ကြီးလိုပဲ ငါ ခံစားရလို့ ငါ့ဒီပြပွဲကို "သွေး/အနီရောင် ကျောက် (ဗမာ့ ပတ္တမြား)" လို့ အမည်ပေးခဲ့တာပဲ" ဟု ရှင်းပြ၏။ ဓါတ်ပုံကြီးအချို့ကို နံရံတွင် ချိတ်ထားပြီး ပုံသေးတွေကိုတော့ ဖန်သားပြင် ၃ခုပေါ်တွင် အောက်ခြေစာတမ်းထိုးများဖြင့် Slideshow ပြထား၏။ ကျနော်တို့လည်း ဓါတ်ပုံတွေ ကြည့်လိုက် သိချင်တာတွေ မေးလိုက်နှင့် တနာရီနီးပါး ကြာသွား၏။ သည်တော့မှ လမ်းညွှန်ဆရာ ရှေ့နေကျော်က "မံမီနဲ့ အခြားပြခန်းတွေကို မင်းတို့ စိတ်ကြိုက် အချိန်ယူပြီး ကြည့်ကြပါဦး။ လိုက်တော့ မပို့တော့ဘူးနော်၊ ပြန်ခါနီး ကျရင် ပြောပါ၊ တည်းတဲ့နေရာ ပြန် ပို့ပေးမယ်" ဆိုပြီး ကျနော်တို့ကို ထား၍ တနေရာ ထွက်သွား၏။ ကျနော်တို့လည်း မံမီဆေးရည်စိမ် ရုပ်အလောင်းတွေရှိရာ ပြခန်းသို့ ချီတက်ကြ၏။
(ဆက်ပါဦးမယ်)
မျိုးမြင့်ချို
မတ်ခ်ျ ၃ ရက် ၂၀၁၂
မတ်ခ်ျ ၃ ရက် ၂၀၁၂

ဗဟုသုတ - Made in China Willis Tower ၊ လေလုံးထွားတဲ့မြို့နှင့် မံမီရုပ်တွေ နေတဲ့ အရပ် မျိုးမြင့်ချို - Mar 8 2012 02:13 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012