သော့အိမ်က ရက်စွဲများ၊ လူများ၊ အတွေးစများ (၄)
Myo Myint Cho Burma Soldier

ကျနော့်အဖြေ ကြားပြီးနောက် ဆဲဆိုပြီး ချီးမွမ်းထောမနာပြုလိုက်သူမှ “ကဲ့ ဟေ့ကောင်၊ အခု မင်းအခု ဒို့လက်ထဲ ရောက်နေပြီ၊ ကောင်းကောင်းမွန် နေ၊ ယီးတီးယားတားလုပ်လို့ကတော့ ကိုယ့်ဘဝ ကိုယ် တွေးထားပဲ၊ ဟုတ်ပြီလား” ဆိုပြီး ခေါင်းစွပ် စွပ်ထားသည့် ကျနော့် မျက်နှာနားကပ်ကာ ပြော၏။ ကျနော်က ဘာမှပြန်မပြောဖြစ်ပဲ သူ့စကားထဲက “ယီးတီးယားတားမလုပ်နဲ့” နှင့် “ကိုယ့်ဘဝ ကိုယ် တွေးထား” ဆိုသည့် အဓိပ္ပါယ်ကို တွေးလိုက်မိ၏။ ရေရေရာရာတော့ သဘောမပေါက်။ သို့သော် ခြိမ်းခြောက်မှန်းကိုကား သိ၏။ ထိုအတိုင်း တထပ်တည်း ကျသည့် စကားသံတို့အား ယခုမှစ၍ နောင် ၁၅ နှစ်တိုင်တိုင် ကြားရဦးမည်ဟုလည်း ထိုစဉ်က မတွေးမိခဲ့။ “ကြားလား၊ ဟေ့ကောင်၊ ပြောနေ တာ”ဟု ဆိုတော့မှ ကျနော့်အတွေးများ လွင့်စဉ်ထွက်သွား၏။ “ဟုတ်ကဲ့” ဟု ပြန်ဖြေလိုက်မိ၏။ သို့သော် ဘာကို၊ ဘာ့ကြောင့် ဟုတ်ကဲ့ဟု ဆိုကာ နာခံလွယ်လွယ် ပြန်ပြောမိသည်ကိုကား မတွေးတတ်။ ဖြစ်နိုင်သည်က ကျနော့်တွင် အကြောက်တရား၊ စိုးရိမ်မှုနှင့် အားငယ်ခြင်းတို့ မသိစိတ်တွင် ကြီးစိုးနေ၍ဖြစ်မည် ထင်သည်။ တကယ်လည်း ကျနော် စိုးရိမ် ထိတ်လန့်စပြုနေပြီ ဖြစ်၏။ ဗိုက်ဆာသလိုလို၊ အာခေါင်တွေ ခြောက်ပြီး ရေငတ်သလိုလိုတွေလည်း ဖြစ်လာ၏။ အရေးထဲ ဆေးလိပ်သောက်ချင်စိတ်ကလည်း တဖွားဖွား။

သည်တွင် အတွေးတခု ရုတ်ကနဲ ကျနော့်ခေါင်းထဲ ဝင်လာ၏။ “သူတို့ကို ငါ ကြောက်နေသလို သူတို့လည်း ငါ့ကို ကြောက်နေကြတယ်” ဟု မြင်လိုက်မိခြင်းပင် ဖြစ်သည်။ သည်လို တွေးမိတော့မှ ကျနော့်စိတ် အနည်းငယ် ပြန် ငြိမ်သွား၏။ စောစောကလောက် အထိတ်တလန့် မဖြစ်တော့သလို ကြောက်စိတ်လည်း နည်းနည်း ပြယ်သွား၏။ ကျနော် တည်တည်ငြိမ်ငြိမ် ရှိနေကြောင်းပြဖို့ တခုခုလုပ်လျှင် ကောင်းမည်ဟု လည်း ဆက်တွေးမိပြန်၏။ စိတ်ထဲတွင် အတွေးများရောက်ယက်ခတ်ပြန်ရ၏။ ဘာလုပ်ရင်ကောင်းမလဲဟု ကပျာကယာတွေး၏။ “ရေသောက်ချင်တယ် ပြောရ ကောင်းမလား၊ ရေသောက်ချင်တယ် ပြောတာထက်၊ ဆေးလိပ်သောက်ချင်တယ် ပြောရတာက ပိုကောင်းမယ် ထင်တယ်၊ တော်ကြာနေ ရေသောက်ချင်တယ်ပြောမှ သူတို့ကို အကြောက်လွန်ပြီး ရေတွေ ဘာတွေတောင် ငတ်နေပြီဆိုပြီးများ ထင်နေမလား”။

နောက်ဆုံးတော့ “ကျနော်ဆေးလိပ် တဖွာနှစ်ဖွာလောက် သောက်ချင်တယ်” ဟု အသံကို တတ်နိုင်သမျှ ငြိမ်အောင် ထိန်းပြီး ပြောချလိုက်၏။ တယောက်က “ဆေးလိပ်တော့မသောက်နဲ့ -ီး သောက်၊ မင်းကို ဟော်တယ်လ် ခေါ်လာတယ်များ မှတ်နေလား၊ မအေ -ိုးက၊ လူပါး ဝလို့” ဆိုပြီး ကျနော့်ရင်ဘတ်အား လက်ဖနောင့်ဖြင့် ဆောင့်ထည့်ချလိုက်၏။ ကျနော် ဟန်ချက်ပျက်ပြီး ကယိမ်းကယိုင် ဖြစ်သွား၏။ နောက်ကို လဲကျမလို ဖြစ်နေစဉ် ဘေးတွင် အသင့်ရှိနေသူတယောက်က ကျောနှင့်ရင်ဘတ်အား ညှပ်ပြီး အုံးကနဲ ရိုက်ထည့်လိုက်သည်ကို သိလိုက်၏။ ကျနော် မြေကြီးပေါ် ဖင်ထိုင်ရက်သား လက်လွတ်ခြေလွတ်ပြုတ် ကျသွား၏။ ဂျိုင်းထောက်တခြား လူတခြား။ မြီးညှောင့်ရိုးက အောက်အခံ ကျောက်စရစ်ခဲများနှင့် ဆောင့်မိပြီး လူတကိုယ်လုံးကျင်စက်ဖြင့်တို့လိုက်သလို ကျင်ကနဲဖြစ်သွားပြီး ပါးစပ်မှလည်း အားကနဲ အသံထွက်သွား၏။ ကျနော် ကမူးရှူးထိုးဖြင့် လူးလဲ အားယူပြီးပြန်ထချိန်တွင် ကားအပေါ်အတက် နောက်မှ ဆောင့်ကန်လိုက်သဖြင့် ပွန်းပဲ့နေသည့် ဒူးနှစ်ဘက်လုံးက နာလိုက်သည်ဖြစ်ခြင်း။ ကျနော်လေးဘက်ထောက်နေလို့ မဖြစ်တော့။ ဒီအတိုင်းပဲ မြေကြီးပေါ် ဖင်ထိုင်ချလိုက်ရ၏။

သည်တွင် တနေရာမှ လှမ်းကာ “ဟေ့ကောင်တွေ၊ တော်တော့၊ တော်တော့”ဟု ပြောသံကို ကြား၏။ ပြီးတော့ “သွား၊ သွား၊ တာဝန်မှူးရုံးခန်း ခေါ် သွား” ဆိုသည့်အသံ တဆက်တည်း ထွက်လာ၏။ ကျနော်လည်း တော်ပါသေးရဲ့ဟု တွေးကာ “ကျနော့် ဂျိုင်းထောက်ရော၊ ကျနော့်ဂျိုင်းထောက်” ဟု ဗလုံးဗထွေး တောင်းမိ၏။ သူ့အသံက နီးနီးလာသဖြင့် ထိုသူ အနားရောက်လာမှန်း ခန့်မှန်းမိ၏။ “ဟ၊ အာလူး နီလာကြီးပဲကွ” ဆိုတော့ တယောက်က “မဟုတ်ဘူး ဆရာကြီး၊ ဒီကောင် တပ်ထွက်၊ ဘီအီးက ထွက်တာ၊ ရှေ့တန်းမှာ ဒဏ်ရာရလာတာ” ဟု ပြန်ဖြေသံလည်း ကြားတော့ နာကျင်ထိတ်လန့်နေသည့်ကြားမှပင် စိတ်ထဲ ပြုံးမိသေး၏။ ဆက်သွယ်ရေးတပ်သားများ ကီးဖြင့် မရိုက်ပဲ နှုတ်ဖြင့် ကြေးနန်းပို့သည့်အခါသုံးသည့် စကားဝှက်များတွင် ကကြီးဆိုလျှင် ကမာ၊ ခခွေးဆိုလျှင် ခရု၊ ဂငယ်ဆိုလျှင် ဂီတာ။ စသည်ဖြင့်ပြောသလို အာလူးဆိုသည်က အ၊ နီလာဆိုသည်က န။ ဆိုတော့ အ - န။ အန ဆိုတော့ အနူ(အနာကြီးရောဂါသည်)။ ကျနော့်ကို အနူကြီးလားဟု မေးခြင်းကို သိ၍ ဖြစ်၏။ ဂျိုင်းထောက် လှမ်းယူနေချိန်မို့ မညီမညာ ပြတ်တောက်နေသည့် ကျနော့် ဘယ်လက်ချောင်းများကို မြင်ပြီး ဆရာကြီးက အနူဟု ထင်လိုက်ပုံ ရ၏။ နောက်မှ “သြော် မသိပါဘူးကွာ၊ အေးကွာ ဒါဆိုလည်း ဖြည်းဖြည်း သက်သာလုပ်ပါ ဟ၊ သူ့ခမျာလည်း မချောင်ပါလား” ဟုဆိုပြီး အသံပျောက်သွားပြန်သည်။ ကျနော့်စိတ်တွင် “ဒီ ဆရာကြီးက မဆိုးဘူးပဲ၊ ဟိုကောင်တွေ လောက်တော့ ရမ်းကားတဲ့သဘော မရှိဘူး၊ ငါ့ကိုလည်း တပ်ထွက်၊ ဒုက္ခိတဆိုတာနဲ့တင် သနားသွားပုံပဲ” ဟု တွေးကာ ကျေးဇူးပင် တင်မိချင်ချင် ဖြစ်လိုက်သေး၏။

ထို့နောက် အခန်းတခန်းထဲ ရောက်လာကြ၏။ ကုလားထိုင်တလုံး ဆွဲလာပြီး ကျနော့်အား ဂုတ်ပိုးမှ ဖိချကာ “ထိုင်” ဟု ဆို၏။ ကျနော်လည်း လက်ဖြင့် အသာစမ်းကာ ထိုင်ချလိုက်၏။ တယောက်က “ဟေ့ကောင်၊ မေးတာ မှန်မှန် ဖြေနော်၊ ကောင်းကောင်းမွန်မွန် ဖြေ၊ ငါတို့ ဗိုလ်ကြီးက သဘောကောင်းရင် သူများထက် ကောင်းတယ်” ဟု ဆို၏။ ကျနော့်စိတ်တွင် “ဒါဆို သူတို့ ဗိုလ်ကြီးက သဘောဆိုးရင်လည်း သူများထက် ဆိုးတယ်လို့ ပြောချင်တာများလား” ဟု တွေးဖြစ်အောင် တွေးမိလိုက်၏။ ထို့နောက် ခေါင်းစွပ်တန်းလန်းနှင့် မေးခွန်းတွေ မေးကြ၏။ ကိုယ်ရေးအချက်အလက်များ။ အနည်းဆုံး နှစ်နာရီလောက်တော့ ကြာမည် ထင်၏။ ရိုက်တာ နှက်တာ ထိုးတာကြိတ်တာတွေ ဘာမှ မလုပ်။ အခြား မေးခွန်းများမေးနေရင်းမှ မေးပြီးသားမေးခွန်းကို အလစ်အငိုက် ဖမ်းသလိုမျိုး ဖြိုးကနဲ ဖျတ်ကနဲ ပြန် ပြန်လည်း မေး၏။ ကျနော့်မှာ ကိုယ်ရေးအချက်အလက်များနှင့်ပတ်သက်၍ ဘာမျှ မမှန်မကန်ပြောစရာ မရှိ။ မရှိသည့်ကြားကပဲ တချက်ခတ်ပြင်းပြင်း အတွယ်ခံလိုက်ရ သေး၏။

“အမေ နံမည်” ဆိုကာ နောက်တကြိမ် ပြန် မေးတော့ ကျနော်က ”ဒေါ်ကြည်” ဟု ပြန် အဖြေ၊ ဗိုလ်ကြီးထံမှ “ဘာကွ” ပဲ ရှိသေးသည်။ နောက်ကနေ ဖြောင်းကနဲ ဇက်ပိုးရိုက်အချ ကျနော့်နဖူးနှင့် စားပွဲစောင်း ဒိုင်းကနဲ ပြေး ဆောင့်တော့၏။ “မင်း မလိမ်နဲ့နော်” ဟု ဗိုလ်ကြီးက ထပ်ပြောသဖြင့် ကျနော်က ကျနော်က “မလိမ်ပါဘူး၊ ကျနော့် အမေနံမည်က ဒေါ်ကြည်ပါ ပဲ၊ ကျနော် ဒေါ်ကြည်လို့ပဲ ပြောတာပါ” ဟု ကမန်းကတမ်း ပြန် ပြောရ၏။ “သြော်၊ အေးအေး၊ ငါ က ဒေါ်ကြည်ကြည်လို့ ကြားလိုက်မိလို့” ဟု ဗိုလ်ကြီးက ဆို၏။ နောက်က လူက မှားရိုက်မိသည့်အတွက် ကျနော့်ကိုတော့ ဆောရီးလေးတောင် တခွန်း မဟ။ သူ့ဗိုလ်ကြီး နားကြားလွဲခြင်းတော့ ပူပူပန်ပန် ရှိဟန်တူ၏။ “ဗိုလ်ကြီး နားကြားများ လွဲသွားသလား မသိဘူး၊ ဟဲ ဟဲ၊ မင်းကလည်း ဖြေရင် ပီပီသသ ဖြေ” ဟု စပါးရောဖွဲရော ပြန်ဖြေသံလည်း အတိုင်းသား။ အနာက နဖူးနှင့် ဇက်ပိုးတွင် မဟုတ်တော့။ ရင်ထဲသို့ ရောက်သွားပြီ။ ကျနော် စိတ်မထိန်းနိုင်တော့။ “ခင်ဗျား ဗျာ၊ ကျနော် ဖြေတာ မှန်ရဲ့သားနဲ့၊ ဘာလို့” ပဲ ရှိသေး၏။ စကားမဆုံးလိုက် ရှေ့တည့်တည့်မှ နဖူးတည့်တည့်သို့ သစ်သားမျဉ်းလုံးဖြင့် ဆောင့်ထိုး ခံလိုက်ရ၏။ ဒီတခါတော့ ဗိုလ်ကြီး လက်ချက်မှန်း ကျနော် သိလိုက်ပြီ။ သြော် သူတို့ဗိုလ်ကြီး သဘောကောင်းတာ ဒါကိုး - ဟု စိတ်အမှတ်တွင် စွဲသွား၏။

အမေးအဖြေတွေပြီးတော့ ခေါင်းစွပ်ကို မျက်လုံး ပေါ်ရုံလေး မ,တင်၍ “မော့ မကြည့်နဲ့၊ ဒီမှာ လက်မှတ်ထိုး” ဟုဆိုကာ ဘောပင်န်နှင့် စာရွက် ထိုးပေး၏။ ကျနော်လည်း ထိုးပေးလိုက်ရ၏။ ပြီးမှ ကျနော် ရေသောက်ချင်ကြောင်းပြောတော့ ခေါင်းစွပ်ကို ပါးစပ်နားလေးအထိ အသာမ,တင်ကာ ရေတခွက် ထိုးပေးပြန်၏။ ကျနော် ငတ်ငတ်နှင် တကြိုက်တည်း သောက်ချလိုက်၏။ မနားတမ်း။ ဘာပဲဖြစ်ဖြစ် ရေငတ်နေ ချိန်မို့ အတော် အဆင်ပြေသည်ဟု ဆိုရမည်။ ထို့နောက် “ကဲ ထ” ဟု ဆိုကာ ကော်လံစကိုကိုင်ပြီး ဆောင့်ဆွဲလိုက်သဖြင့် လူက အလိုလို ထမိလျက်သား ဖြစ်သွား၏။

မျိုးမြင့်ချို
အတွေ့အကြုံ - သော့အိမ်က ရက်စွဲများ၊ လူများ၊ အတွေးစများ မျိုးမြင့်ချို - Mar 8 2012 02:01 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005