ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်
20120304 Kyaw Thu

မတ်လ (၁) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က တာဝန် ထမ်းဆောင်မှု တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြောကြားလိုက်သည့် မိန့်ခွန်းကို ကျွန်တော် ရေဒီယိုမှ နားမထောင်မိ၊ ရုပ်မြင်သံကြားမှ တိုက်ရိုက်လွှင့်မှုကိုလည်း မကြည့်ရှုမိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော ကျွန်တော်တို့ လူမှုရေးသမားများသည် အချိန်နှင့်တပြေးညီ နာရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ပြည်သူလူထုတို့၏ လိုအပ်ချက်၊ တောင်းဆိုချက် အကူအညီရလိုမှုတို့ကို နံနက်မှ ညအချိန် အိပ်စက်သည့် အချိန်ကာလအထိ ပေးဆပ်မှုတို့ကို နေ့တဓူဝ နားရက်မရှိ လုပ်ကိုင်ပေးဆပ်နေရ၍ ဖြစ်တော့သည်။ မတ်လ (၂) ရက်နေ့တွင် ရောက်ရှိလာသော မြန်မာ့အလင်းသတင်းစာကို လူမှုရေးအလုပ်ရပ်နားသော ညနေပိုင်းအချိန်တွင် သမ္မတကြီး၏ မိန့်ခွန်းကို အကြိမ်ကြိမ် ဖတ်ရှုမိသည်။ ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးနေသော သမ္မတကြီး၏ မိန့်ခွန်းအပြည့်အစုံကို ပြည်သူလူထု တဦးအနေဖြင့် ဖတ်ရှုကာ လူမှုရေးသမားတယောက်အနေဖြင့် ခံစားကြည့်မိတော့သည်။

နိုင်ငံရေး

နိုင်ငံရေးကို ကျွန်တော်ရိုးရှင်းစွာပြောရလျှင် ကျွန်တော် နားမလည်၊ ရွံရှာသည်။ မုန်းတီးခဲ့သည်။ ကျွန်တော်သိခဲ့သော နိုင်ငံရေးမှာ - ကျွန်တော် လူ့ဘဝထဲရောက်ပြီး သုံးလေးနှစ်အရွယ်တွင် ကျွန်တော်၏ မိဘဘိုးဘွားပိုင် နိုင်လွန်စက်ရုံကြီးကို ထိုအချိန်ကာလ၌ နိုင်ငံတော်သမ္မတကြီးဖြစ်ခဲ့သော ဦးနေဝင်းမှ သိမ်းပိုက်ခဲ့ခြင်း၊ အဖိုးနှင့်အဖေတို့ကို အင်းစိန်ထောင်ထဲသို့ မတရား ထည့်သွင်းခံရခြင်းတို့ပင် ဖြစ်သည်။ ထို့နောက် ၇ တန်း၊ ၈ တန်းအရွယ်တွင် နိုင်ငံတော်၏ အထင်ကရပုဂ္ဂိုလ်တဦးဖြစ်သော ကမ္ဘာ့ကုလသမ္မဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးသန့်၏ ဈာပနအခမ်းအနားမှစ၍ ဦးသန့်အရေးအခင်း။ ထို့နောက် ကျွန်တော်၏ အဖိုးနှင့်ဖခင်တို့ကို မတရား ဖမ်းဆီးထောင်ချခဲ့သော ကျွန်တော်တို့၏ သမိုင်းကြောင်းကို ဖိနှိပ်ခဲ့သော စစ်အာဏာရှင် (မ.ဆ.လ) တို့ကို ပြည်သူတစ်ရပ်လုံးက ဆန္ဒပြတောင်းဆိုခဲ့သော ၈၈ အရေးအခင်းတို့ ပေါ်ပေါက်လာခဲ့သည်။ ၈၈ အရေးအခင်းကာလတွင် ကျွန်တော်သည် ဒုတိယနှစ် ရူပဗေဒနှင့် ရုပ်ရှင်သရုပ်ဆောင် လုပ်ကိုင်စဉ် ဖြစ်သည်။ ပြည်သူကို လုပ်ကျွေးပြုပေးနေသူ၊ မတရားမှုကို ငုံ့မခံတက်သော စိတ်ဓါတ် တို့ဖြင့် ကျွန်တော်သည် ချီတက်ဟောပြောပွဲများတွင် ပါဝင်လှုပ်ရှားခဲ့သည်။ သို့သော် ကျွန်တော် နိုင်ငံရေးကို မယုံကြည်ခဲ့။ မတရားဖိနှိပ်မှုကို လက်မခံနိုင်၍ ပါဝင်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ ၈၈ အရေးအခင်းတွင် ကျွန်တော်တို့ ကျောင်းသားပြည်သူ၊ ရဟန်သံဃာများ များစွာ အသက်ဆုံးရှုံးခဲ့ရသည်။ ကျွန်တော့်၏တပည့် ဖြစ်သူ ကရင်အမျိုးသားလေး “အဘီး” တယောက်လည်း အသက်ဆုံးခဲ့ရသည်။ ယင်းနောက် န.ဝ.တ စစ်အာဏာရှင်တို့၏ စစ်ဆေးမေးမြန်းခြင်းကို ကျွန်တော် ခံခဲ့ရသည်။ ကျောင်းသားပြည်သူများ အကျဉ်းကျ ခံခဲ့ရသည်။ သို့သော် ကျွန်တော်သည် နိုင်ငံရေးကို နားမလည်၊ မတရားမှုကိုသာ သိရှိခဲ့ရသည်။ ယင်းနောက် ရုပ်ရှင်သရုပ်ဆောင် လုပ်ကိုင်ရင်းနှင့် “အဖြူရောင်ကမ်ပိန်း” ဟုခေါ်သော အကျဉ်းကျ ကျောင်းသားများ၏ မိသားစုဝင်တို့အား လိုက်လံ အားပေး နှစ်သိမ့်ကျသော လှုပ်ရှားမှုတွင် ကျွန်တော်ပါဝင်ခဲ့သည်။ ၈၈ ကျောင်းသားများ၏ ဆွမ်းကျွေးပွဲ၊ မင်္ဂလာပွဲတို့ကို ကျွန်တော် တက်ရောက်ခဲ့သည်။ သို့သော် ကျွန်တော်နိုင်ငံရေးကို နားမလည်။ လူသားခြင်း စာနာထောက်ထားသော စိတ်ဓါတ်နှင့်သာ လုပ်ဆောင်ခဲ့သည်ဟု ခံယူခဲ့သည်။ ထို့နောက် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင် ကုန်ဈေးနှုန်းမြင့်မားမှုကြောင့် ဖြစ်ပေါ်လာခဲ့သော သံဃာ့အရေးအခင်း (ရွှေဝါရောင်တော်လှန်ရေး) တွင် သံဃာတော်များ နေပူ မိုးရွာမရှောင် ဖိနပ် မပါပဲ ဆုတောင်းမေတ္တာပို့မှုတွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးယောက်အနေဖြင့် ဆွမ်းဆက်ကပ် လှူဒါန်းမှု များပြုလုပ်ခဲ့သည်။ ယင်းအတွက် န.အ.ဖ အာဏာရှင်တို့မှ ဖမ်းဆီးကာ စစ်ကြောရေးစခန်းသို့ (၈) ရက် တိုင်တိုင် ရောက်ခဲ့ရပြန်သည်။ သို့သော် ကျွန်တော်နိုင်ငံရေးကို နားမလည်သေး။ ဘာသာတရားကို ကြည်ညိုမှုဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အမျိုးဘာသာ သာသနာအတွက် ပေးဆပ်ခဲ့မှု၏ရလဒ်ကား အနုပညာလောကထဲမှ ထုတ်ပယ်ခံရခြင်းပင် ဖြစ်တော့သည်။ အချုပ်ဆိုသော် - ကျွန်တော်သည် နိုင်ငံရေး ကိုမသိ။ နိုင်ငံရေးကို နားမလည်၊ မယုံကြည်၊ မနှစ်မြို့၊ ရွံရှာခဲ့သည်။ ရွံ့မုန်းမိတော့သည်။

ယခု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ တနှစ်ပြည့်သောနေ့တွင် အများပြည်သူတို့ ယုံယုံကြည်ကြည်နှင့် နိုင်ငံတော် အချုပ်အခြာအာဏာကို အပ်နှင်းခံထားရသည့်အတွက် မိဘပြည်သူများကို ဦးထိပ်ထားပြီး ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးမည်ဟု ပြောကြားခဲ့သည်။ ယခုအစိုးရသည် နောက်နှစ်ပေါင်းများစွာအတွက် အလှည့်အပြောင်း ဖြစ်သလို အနာဂတ်သားစဉ်မျိုးဆက်များအတွက်လည်း သမိုင်းတွင်စေမည့် စတင်ခြင်းအသစ်ဖြစ်ကြောင်း၊ မိဘပြည်သူများအတွက် ယခုကဲ့သို့ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ၊ စံနမူနာ သာဓကပြုဖွယ်ရာ အောင်မြင်တဲ့ ကူးပြောင်းမှုကြီးကို ဆောင်ရွက်ခဲ့ခြင်းသည် အစိုးရချည်း သက်သက်မဟုတ်ကြောင်း နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တရားစီရင်ရေးမဏ္ဍိုင်များ၊ မီဒီယာများ စသည်တို့ အားလုံးတို့က စည်းလုံးညီညွှတ်စွာ ဦးထမ်းပဲ့ထမ်း ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်ပါကြောင်း၊ နိုင်ငံသားများအားလုံး နောက်ကြောင်း ပြန်မလှည့်စတမ်း လျှောက်လှမ်းကြပြီး မတူညီတာတွေကို ဖယ်၊ တူညီတာတွေကို ပူးပေါင်း လုပ်ကိုင် သွားကြမည်ဆိုပါက ဒီမိုကရေစီသည် ခိုင်မာသည်ထက် ခိုင်မာလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာ ရင့်သန်လာစေရန် ခိုင်မာတောင့်တင်းသော နိုင်ငံရေးမျိုးဆက်သစ်များ လိုအပ်ကြောင်း၊ မျိုးဆက်သစ် မျိုးဆက်ဟောင်းတို့၏ စုပေါင်းစွမ်းအားနှင့် နိုင်ငံတည်ဆောက်သွားနိုင်ရေးသည် ကျွန်တော်တို့နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးရဲ့ အနာဂတ်နှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း ပြောကြားခဲ့သည့်အတွက် ကျွန်တော်သည် နိုင်ငံရေးအပေါ် သမ္မတကြီးမှ ယခုကဲ့သို့ ပြောကြားသော စကားလုံးများကြောင့် ကျေနပ်မိတော့သည်။ ဝမ်းမြောက်မိတော့သည်။ နိုင်ငံရေး ကောင်းခြင်း ဆိုးခြင်းတို့သည် နိုင်ငံတော်ကို အုပ်ချုပ်သော နိုင်ငံ့ခေါင်းဆောင်များပေါ်တွင်သာ တည်တော့သည်ဟူ၍ နားလည် သွားတော့သည်။ ထို့ကြောင့် ကျေနပ်မိပါတော့သည် - နိုင်ငံရေး။

စီးပွားရေး

ကျွန်တော်စီးပွားရေးကို နားမလည်။ မကျွမ်းကျင်။ အဆုံးစွန်ဆုံးပြောရသော် ရုပ်ရှင်လောကတွင် သရုပ်ဆောင်အဖြစ် ကျင်လည်စဉ်ကာလများ၌ ကျွန်တော့်အား ထုတ်လုပ်သူမှ သရုပ်ဆောင်ကြေးငွေများ ပေးသော် ကျွန်တော်ပိုက်ဆံ မရေတွက်တတ်။ ငွေကြေးကို မကိုင်ဆောင်တတ်။ ဇနီးဖြစ်သူအား အိမ်သို့ရောက်လျှင် ထိုငွေကြေးတို့ကို ထိုးအပ်၊ ငွေကြေးကွာဟမှုများ ဖြစ်သည့်အခါ ကွာဟ၊ လိုသည့်အခါ တွင် လို၊ ထုတ်လုပ် သူကို ပြန် ပြော၊ ပြန်တောင်းနှင့် သံသရာလည်နေခဲ့သူတယောက် ဖြစ်သည်။ အနုပညာမှလွဲ၍ မည်သည့် စီးပွားရေးမှ မလုပ်တတ်။ လုပ်ခဲ့ရင်လည်း မအောင်မြင်ခဲ့။ ဤမျှလောက်ကို စီးပွားရေးကျွမ်းကျင်သူ တယောက် ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးကို ကျွန်တော် ရွံမုန်းခဲ့သည်။

သို့သော် နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းထဲတွင် စီးပွားရေးလုပ်ငန်းလိုင်စင်များ၊ သွင်းကုန်ပို့ကုန် လိုင်စင်များ၊ ပို့ကုန်နှင့် ပတ်သက်သော အခွန်အခများကို လျှော့ချဖယ်ရှားပေးခဲ့ခြင်း၊ နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထားများ ပြောင်းလဲပေးခြင်း၊ ဆန်စပါးတင်ပို့ခွင့်များ ဖန်တီးပေးခြင်း၊ စက်သုံးဆီ၊ တယ်လီဖုန်း၊ မော်တော်ကားဈေးနှုန်းများကို ကျဆင်းလာအောင် ဆောင်ရွက်ပေးခဲ့ခြင်း၊ အများပိုင်ကုမ္ပဏီများ တိုးပွားရှင်သန်စေခြင်း၊ စက်မှုလုပ်ငန်းများ တိုးမြင့်ပေးခဲ့ခြင်း၊ ပြည်တွင်း/ပ တတ်သိပညာရှင်များ၏ တန်ဖိုးကြီးမားသော အကြံဉာဏ်များကို အလေးအနက်ထားပြီး ပြည်သူလူထုတို့၏ စီးပွားရေးကို မြှင့်တင်ပေးခြင်း၊ ယခင် မ.ဆ.လခေတ်က ပုဂ္ဂလိကပိုင် စက်ရုံ/အလုပ်ရုံများကို အစိုးရပိုင်အဖြစ်သိမ်းပိုက်ခဲ့သော်လည်း ယခု ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲမှုကို လူတစု လက်ဝယ်သို့ မရောက်ရှိစေရန်၊ မညီမှုများ မဖြစ်ပေါ်စေရန်၊ စွမ်းရည်မြှင့်တင်မှုကို အဟန့်အတားမဖြစ်စေရန် အဘက်ဘက်မှ သုံးသပ်ဆောင်ရွက်နေကြောင်းများကို ကြားသိရ၍ စီးပွားရေးကို ကျွန်တော် ကျေနပ်မိပြန်တော့သည်။ ထို့ကြောင့် ကျေနပ်မိပါတော့သည် - စီးပွားရေး။

ပညာရေး

ပညာရေးနှင့် ပတ်သက်ပြန်တော့လည်း ကျွန်တော် နားမလည်။ မတတ်ကျွမ်း။ မ.ဆ.လခေတ်တွင် ကြီးပြင်းလာသူ တယောက်အနေဖြင့် ပညာရေးဆုံးရှုံးမှုများထဲတွင် တယောက် အပါအဝင် ဖြစ်ခဲ့သည်။ ပညာရေး အစမ်းသပ်ခံ လူသားတဦး ဖြစ်ခဲ့ရသည်။ ပညာရေးနှင့်ပတ်သက်၍ နောက်ဆုံးနှစ် ရူပဗေဒနှင့် ကျောင်းထွက်ခဲ့သည်။ ဘွဲ့ထူးဂုဏ်ထူးများလည်း မရ။ အဂ္ဂမဟာဘွဲ့၊ သရေစည်သူဘွဲ့တွေ ဆိုရင် ဝေးရော ပေါ့။ ပညာရေးကို အဲဒီလို ကျွန်တော် မုန်းခဲ့။ စိမ်းကားခဲ့သည်။

သို့သော် ယခုသမ္မတကြီး၏ မိန့်ခွန်းမှာ တက္ကသိုလ်တွေ စာသင်ကျောင်းတွေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့နေရာမှာ ခေတ်စနစ်နှင့်ညီတဲ့ သင်ရိုးညွှန်းတန်းတွေကိုသာမက စီမံခန့်ခွဲမှု၊ ပြုပြင်ပြောင်းလဲရေးကိုပါ ဒွန်တွဲ ဆောင်ရွက်နေကြောင်း၊ စာသင်ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များတွင် သမားရိုးကျ စာကြည့်တိုက်များအပြင် နိုင်ငံတကာအဆင့်မြင့် တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်ထားသော အွန်လိုင်း စာကြည့်တိုက်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆရာ/မများ၏ အရည်အသွေးမြှင့်မားရေး လက်တွေ့ အင်တာနက်ချိတ်ဆက်မှုများ၊ ကွန်ရက်များ မြှင့်တင်ဆောင်ရွက်ရေးများကို လုပ်ဆောင်ပေးမည့်အပြင် “သေနတ်ကိုင်သောလက်များကို လက်တော့ပ်ကိုင်သော လက်များအဖြစ် ပြောင်းပေးမည်” ဟူသော သမ္မတကြီး၏ မိန့်ခွန်းစကားအရ ပညာရေးဟူသော စကားလုံးအား ကျွန်တော်ချစ်ခင်မိသည်။ မြတ်နိုးမိတော့သည်။ ထို့ကြောင့် ကျေနပ်မိပါတော့သည် - ပညာရေး။

ကျန်းမာရေး

ကျန်းမာရေးနှင့်ပတ်သက်၍ ကျွန်တော် မကောင်းမွန်လှ။ နေ့တမျိုး ညတမျိုး ဖြစ်နေသည်။ ကျွန်တော်၏ ကျန်းမာရေးမှာ ဂဏှာမငြိမ်လှ။ အများပြည်သူ၏ မေတ္တာပို့မှုများကြောင့် အသက်ခန္ဓာ မြဲနေခြင်းပင်ဖြစ်သည်ဟု ယုံကြည်မိသည်။ ထို့ကြောင့် ကျန်းမာရေးကို ကျွန်တော်ကြောက်သည်။ ရွံ့သည်။

သို့သော် နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင် ဆင်းရဲနွမ်းပါးသော မိဘပြည်သူများအတွက် ကျန်းမာရေးနှင့်ပတ်သက်၍ လူသားဂုဏ်သိက္ခာနှင့်အညီ ကျန်းမာစွာနေထိုင်နိုင်ရန်အတွက် ပြည်တွင်း/ပ များတွင်ရှိသော ပုဂ္ဂလိက၊ NGO၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီကိုရယူပြီး ကုလသမ္မဂ္ဂအဖွဲ့ကြီး၏ ထောင်စုနှစ်ရည်မှန်းချက်များနှင့်အညီ ကြိုးပမ်း ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်သူများ၏ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ယူနီဗာဆယ်ကျန်းမာရေး အာမခံစနစ်သစ် ပေါ်ထွန်းလာရန် ဆောင်ရွက်နေကြောင်း၊ လာမည့်နှစ်တွင် ကျန်းမာရေးကဏ္ဍ၌ နိုင်ငံတော်၏ဘဏ္ဍာငွေကို ယခင်နှစ်များထက် လေးဆတိုးမြှင့်သုံးစွဲမည်ဖြစ်သည်ဟု ပြောကြားခဲ့သော ကြောင့် ကျွန်တော် နေကောင်းသလိုလို ဖြစ်သွားသည်။ ကျွန်တော်သည် - ကျန်းမာရေးကို မြတ်နိုးမိတော့သည်။ ထို့ကြောင့် ကျေနပ်မိပါတော့သည် - ကျန်းမာရေး။

လူမှုရေး

ဟုတ်ကဲ့။ လူမှုရေးနှင့်ပတ်သက်၍ ကျွန်တော်ထဲထဲဝင်ဝင် သိထားသည်။ လူမှုရေးနှင့်ပတ်သက်၍ ထုံးလိုမွှေ ရေလိုနှောက်ထားသူ ဖြစ်သည်။ ၂၀၀၁ ခုနှစ်မှစပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် လုပ်ကိုင်ပေးဆပ်ခဲ့ရာ ယခုဆိုလျှင် (၁၂) နှစ်တာ ကာလတွင်းသို့ ရောက်တော့မည်ဖြစ်သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ မိမိ၏ အနုပညာလုပ်ကိုင်မှုအချိန်များကို ဖဲ့ယူ၍ ပေးဆပ်ခဲ့ရာမှ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစ၍ ယနေ့တိုင် အနုပညာလုပ်ငန်းများ လုပ်ခွင့်မရှိတော့ပါသဖြင့် နေ့စဉ်နေ့တိုင်း ပေးဆပ်မှုပေါင်းများစွာကို မြတ်စွာဘုရား၏ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြုခဲ့ကာ အများပြည်သူတို့ကို ကူညီဖေးမပေးဆပ်ခဲ့သော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် ကယ်ဆယ်ရေးတို့ကို ထဲထဲဝင်ဝင် လုပ်ကိုင် နားလည်ခဲ့တော့သည်။

သမ္မတကြီး၏ မိန့်ခွန်းတွင် ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီရှင်သန်ခိုင်မာရေးမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်းများ ခိုင်မာ အားကောင်းလာရေးအတွက် တိုင်းရင်းသားလူမျိုးတွေဟာ ဘာသာတရားရဲ့ အဆုံးအမနဲ့အတူ ယဉ်ကျေးမှုအရ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တဲ့ ပရဟိတစိတ်ဓါတ်များနှင့် အရှိန်အဟုန်မြင့်စွာ လုပ်ကိုင်လာရန် အရေးကြီးကြောင်း၊ ယခုကဲ့သို့ လူမှုရေးအသင်းအဖွဲ့များ ပေါ်ထွန်းလာခြင်းကိုလည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် ဤတကြိမ်တွင်တော့ လူမှုရေးကို ထဲထဲဝင်ဝင်သိရှိလုပ်ကိုင်ပေးဆပ်နေသော ကျွန်တော့်အဖို့ သမ္မတကြီး၏ လူမှုရေးစကားလုံးများကို ကြားသိရသောအခါ ကျွန်တော်သည် “လူမှုရေး” ကို အထူး ကြောက်ရွံ့မိတော့သည်။ အထူး တုန်လှုပ်သွားတော့သည်။

ထို့ကြောင့် ကြောက်ရွံ့မိပါတော့သည် - လူမှုရေး။

အဘယ့်ကြောင့်ဆို - ကျွန်တော်တို့သည် ၂၀၀၁ ခုနှစ်မှစ၍ နာရေးကူညီမှုတည်းဟူသော နာရေးရှင်တို့၏ အပူမီးများကို ငြိမ်းသတ်ပေးသော နာရေးကူညီဖေးမမှုတို့ကို (အခမဲ့) လုပ်ဆောင်ခဲ့ရာ ပထမပိုင်းတွင် တနေ့လျှင် နာရေးပေါင်း (၅) ဦးခန့်မှ ယခုဆိုလျှင် တနေ့လျှင် (၄၅) မှ (၅၀) ဦးခန့် (အခမဲ့) သဂြိုံဟ်ပေးနေရပြီဖြစ်သည်။ ဘဝကူးပြောင်းမှုများ မြင့်မားလာမှုကို ပြန်လည် သုံးသပ်သော ဆင်းရဲနွမ်းပါး၍ ဆေးဝါးမကုနိုင်ခဲ့ခြင်းကို သိရှိခဲ့ရသည်။ ထို့ကြောင့် ၂၀၀၃ ခုနှစ်မှစ၍ ခွဲစိတ်ကုသမည့် လူနာများ၊ ခွဲစိတ်မွေးဖွားမည့် ကိုယ်ဝန်ဆောင်မိခင်များကို ခွဲစိတ်ခ အကုန်အကျခံ ခွဲစိတ်ပေးခြင်း၊ ၂၀၀၇ ခုနှစ်မှစ၍ သုခ ကုသိုလ်ဖြစ်ဆေးခန်း ဟူ၍ (အခမဲ့) ဆေးဝါးကုသမှုတို့ကို လုပ်ဆောင်ခဲ့ရာ တနေ့လျှင် လူနာ (၂၀) ခန့်မှ ယခုဆိုလျှင် တနေ့လျှင် လူနာ (၂၀၀) ယောက်ကျော်ခန့်ကို (အခမဲ့) ကုသပေးနေရပြီ ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးချို့ယွင်းမှု ဘာကြောင့် ယခုကဲ့သို့ မြင့်မားလေသနည်းဟု စဉ်းစားကြသော် အသိပညာ နည်းပါးမှု၊ ဗဟုသုတ ခေါင်းပါးမှုတို့ကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သုခအလင်း စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ အခြေခံ အင်္ဂလိပ်စာ နွေရာသီသင်တန်း၊ အဆင့်မြင့် အင်္ဂလိပ်စာသင်တန်းများ၊ ဟိုတယ် ဝန်ဆောင်မှုသင်တန်း၊ ကွန်ပြူတာသင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ စသည့် လူ့ကျင့်ဝတ်ပညာရေးနှင့် ပတ်သက်သော အသိပညာပေးသင်တန်းများကိုပါ တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။ လွန်ခဲ့သော သုံးနှစ်ခန့်က နွေရာသီအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်ရာတွင် ကလေးငယ် (၂၀၀) ခန့် တက်ရောက်ခဲ့သော်လည်း ယခုနှစ် နွေရာသီသင်တန်းအတွက် စာရင်းလာရောက်ပေးသူ ကလေးပေါင်း (၁၀၀၀) နီးပါးခန့် ရှိခဲ့သည်။ လူမှုရေးနှင့်ပတ်သက်၍ ယခုအချိန်အထိ နာရေးကူညီမှုပေါင်း (၁၁၂,၃၀၃)၊ ဆေးဝါးကုသပေးမှုပေါင်း (၁၅၀,၆၃၁)၊ ပညာရေးနှင့်ပတ်သက်၍ (၁၀,၀၀၀) ဦးခန့် ကူညီဖေးမ ပံ့ပိုးမှုများကို ကျွန်တော်တို့ လုပ်ကိုင်ပေးပြီး ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် သမ္မတကြီး ပြောကြားသွားသော လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ နာရေး၊ သဘာဝ ဘေး ကယ်ဆယ်ကူညီထောက်ပံ့ရေး စသည့် လူမှုလုပ်ငန်းများကို နှစ်အလိုက်၊ ခေတ်အလိုက် ဆထက်တန်ဖိုး တိုးချဲ့လုပ်ကိုင်ပေးဆပ်ရန်သာ ရှိတော့သည်။

သို့ရာတွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အပြင် အခြားလူမှုရေး အဖွဲ့အစည်းများ၊ လူမှုရေးအသင်းများအတွက် တရားဝင် လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်ဝယ်သို့ မရရှိသေးပါ။ နေပြည်တော်မှ မှတ်ပုံတင်ခွင့်ပြုချက် ထုတ်ပေးလိုက်ပြီဟု ဖြစ်သော်ငြားလည်း ပြည်နယ်၊ တိုင်း၊ မြို့နယ်ဋ္ဌာနဆိုင်ရာများမှ ယနေ့တိုင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အသိပေး အကြောင်းကြားခြင်း မရှိသေးချေ။ ထို့ကြောင့် သမ္မတကြီး မိန့်ကြားခဲ့သော ဖောင်ဒေးရှင်းများ၊ အသင်းအဖွဲ့များ ဖြစ်ထွန်းအောင်မြင်လာတာဟာ ကျွန်တော်တို့နိုင်ငံရဲ့ လူ့အဖွဲ့အစည်းအတွက် ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ကြောင်း၊ အရပ်ဘက် အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီ ရှင်သန်ခိုင်မာရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိကြောင်းဟု မိန့်ဆိုငြားသော်လည်း ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့များအတွက် ယခုတိုင် မှတ်ပုံတင်မရခြင်းသည် သမ္မတကြီးနှင့် ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက်အာဏာပိုင်တို့ ချိတ်ဆက်မှုများ လွဲနေပြီလားဟု ကျွန်တော် တွေးမိသည်။ ထို့ကြောင့် ကျွန်တော်တို့ လူမှုရေးသမားများ၊ လူမှုရေးအသင်းအဖွဲ့များအနေနှင့် အစိုးရအသိအမှတ် မပြုသော တရားမဝင် အဖွဲ့အစည်းများအဖြစ် ပြည်သူလူထုတို့အား ကူညီဖေးမမှုတို့ကို အကြောက်တရားနှင့် ယှဉ်တွဲကာ ကုသိုလ်ရေးကို လုပ်ကိုင်နေရသောသူများပမာ ဖြစ်နေတော့သည်။ ဤတွင် သမ္မတကြီး၏ မိန့်ခွန်းများကို ကျွန်တော် ထပ်ခါထပ်ခါ ဖတ်ရှု၍ တွေးတောစဉ်းစားမိတော့သည်။ “ငါ သာလျှင် သမ္မတကြီးဖြစ်ရင်တော့” ဟူ၍ တွေးတော စဉ်းစားမိတော့သည်။

ဟုတ်ပါသည်။ “နိုင်ငံတော်သမ္မတ ဦးကျော်သူ” ဟူ၍ အတွေးထဲဖြစ်ပေါ်သွားတော့သည်။ ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင် ဒီမိုကရေစီနိုင်ငံတော်သစ် ချီတက်ရာတွင် ခေတ်မီ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသော နိုင်ငံတော်ကြီး ဖြစ်ပေါ်လာအောင် ပြည်သူလူထုအားလုံး ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်သီလ စိတ်ဓါတ်များကို ပထမဦးဆုံး ပြုပြင်ရမည်။ အောက်ခြေ လူတန်းစားများဖြစ်သော ဆင်းရဲနွမ်းပါးသော ပြည်သူလူထုတို့၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နာရေး စသည့် ကိစ္စရပ်များကို အဆင်ပြေ ချောမွတ် အောင် လုပ်ဆောင်ရမည်။ ထိုသို့လုပ်ဆောင်ရာတွင် ပြည်သူလူထုထဲသို့ မြို့နယ်၊ ရပ်ကွက်များအတွင်းသို့ ထဲထဲဝင်ဝင် ကွင်းဆင်းလေ့လာရန် မလိုချေ။ မြို့နယ်၊ ရပ်ကွက် အာဏာပိုင်များ၏ သတင်းပို့သချက်များထက် ပိုမို တိကျမှန်ကန်သော ဖြစ်ရပ်များကို သိရှိရန် အရေးကြီးသည် မဟုတ်ပါလား။ ထို့ကြောင့် ပြည်သူလူထု တို့၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို အနီးကပ် ပံ့ပိုး ကူညီ ဖေးမပေးနေသော မြို့နယ်အလိုက်၊ တိုင်းအလိုက် ဖွဲ့စည်းထားသော လူမှုရေးအသင်းအဖွဲ့များနှင့် တနာရီခန့်သာ တွေ့ဆုံလိုက်ယုံသာ ဖြစ်သည်။ ထိုအခါ ယင်း လူမှုရေးအသင်းအဖွဲ့များ၏ အများပြည်သူတို့အပေါ် ကူညီ ပေးရမှုများကို အခန်းကဏ္ဍအလိုက် ရာခိုင်နှုန်းများနှင့် လိုအပ်ချက်များကို သိရှိရမည် ဖြစ်သည်။ ထိုအခါ မည်ကဲ့သို့ ပြည်သူလူထုတို့၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့ကို ခိုင်မာလာအောင် လုပ်ဆောင် ပေးသင့်သည်ကို တိကျသော အဖြေရရှိမည် ဖြစ်တော့သည်။ အောက်ခြေပြည်သူလူထု ခိုင်မာပါမှ ဖောင်ဒေးရှင်း ခိုင်မာသော မိုးထက်မြင့်သော ဒီမိုကရေစီတိုက်တာကြီးများ ပေါ်ထွန်းလာမည်ဟု တွေးမြင်မိတော့သည်။ ထို့ကြောင့် ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အောက်ခြေ ပြည်သူလူထုတို့နှင့် တိုက်ရိုက်ထိတွေ့ ကူညီပေးနေသော လူမှုရေးအသင်းအဖွဲ့များအား အမြန်ဆုံး တရားဝင်မှတ်ပုံတင်များ ချမှတ်ပေးပြီးသည့်နောက် မိဘပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နာရေး စသည့် လူမှုကိစ္စများကို ခိုင်မာလာအောင် ပံ့ပိုး ကူညီပေးနိုင်ရေးအတွက် သမ္မတကြီး ပြောကြားသော စကားအရ အပြန်အလှန်နားလည်မှု၊ ယုံကြည်လေးစားမှုတို့နှင့်အတူ ပြည်သူ့အကျိုး တဖက်တလမ်းမှ သယ်ပိုးနေသော တိုင်း၊ ပြည်နယ်အလိုက် ဖွဲ့စည်းထားသော လူမှုရေး အသင်းအဖွဲ့များသို့ သမ္မတကြီးကိုယ်တိုင် ကွင်းဆင်း၍ သွားရောက် လေ့လာ ကြည့်ရှု လည်ပတ်မည်ဆိုပါက ပြည်သူလူထုတို့ ကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်း အနှောက်အယှက်များကို မျက်ဝါးထင်ထင် တွေ့မြင်ရပြီး အချိန်တိုတို အတွင်းမှာ ပြုပြင်ပြောင်းလဲမှုများ အရာထင်လာမည်ဟု သမ္မတကြီးအတွေးမျိုးနှင့် ကျွန်တော်အတွေး နယ်ချဲ့ကာ အိပ်ပျော်သွားတော့သည်။

ထိုညက ကျွန်တော်အိပ်မက် မက်သည်။ နံနက် အာရုံတက်တွင် မက်သော အိပ်မက် ဖြစ်သည်။

“သမ္မတကြီး ဦးသိန်းစိန် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို လာသည်” ဟု။

အာရုံတက်တွင်မက်သော အိပ်မက်သည် ဒဲ့ထိအောင် မှန်သည်ဟု အဆိုရှိပေသည်။

ကျော်သူ
ရှုဒေါင့်အမြင် - ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင် ကျော်သူ - Mar 8 2012 01:38 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ကျော်သူ ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005