Made in China Willis Tower ၊ လေလုံးထွားတဲ့မြို့နှင့် မံမီရုပ်တွေ နေတဲ့ အရပ် (၁)
20120304 Myo Myint Cho

၂၀၁၁ ဒီဇင်ဘာတွင် အီလီနွိုင်းပြည်နယ်၊ ရှီကားဂိုးမြို့ရှေ့နေများ အစည်းအရုံး (The Chicago Bar Association) က သူတို့ဆီ လာပြီး "ဗမာပြည် လူ့အခွင့်အရေးအခြေအနေအကြောင်း ပြောဆို ဆွေးနွေးပေးနိုင်မလား" ဟုဆိုကတည်း က ခြေလှမ်းတပြင်ပြင် ဖြစ်နေမိ၏။ ကျနော် ထိုမြို့သို့ အနည်းဆုံး ရှစ်ကြိမ်ခန့် ရောက်ဖူးပြီးသား။ သွားခဲ့သည့်ကိစ္စတွေက အများအားဖြင့် နေ့ချင်းပြီးနှင့် တညအိပ်တွေချည်းသာ။ ထို့ကြောင့် ရောက်ပြန်။ လည်ချိန် ပတ်ချိန် လှည့်ပတ် ကြည့်ရှုချိန် မရခဲ့။ တခေါက်လောက်တော့ အချိန်ယူပြီးသွားဦးမှဟု ခဲထားသည့်အားအတွက် ဒီတကြိမ် အခါသင့်၍ အခွင့်သာပြီ ထင်မိ၏။ သို့ဖြင့် ပြောရဆွေးနွေးရမည့်ကိစ္စတွေအပြင် သွားရေးလာရေး၊ နေရေးထိုင်ရေးတွေပါ အပြီး စီစဉ်ရတော့၏။ ဤခရီးက အခြားခရီးတွေထက်စာလျှင် နည်းနည်းပို လက်ပေါက်စိပ်ကာ အဆာကျယ်သည်ဟု ဆိုရမည် ဖြစ်၏။ ဘာ့ကြောင့်ဆိုတော့ စီစဉ်သူနှင့် တက်မည့်သူအများစုက ရှေ့နေများ။ ပြောရမည့်နေရာကလည်း ရှေ့နေများ အစည်းအရုံး။ ရှေ့နေအလုပ်ဆိုသည်က အမေရိကားတွင် ငွေအဝင်ဖြောင့်သည့် အသက်မွေးဝမ်းကြောင်း တခုလည်း ဖြစ်ပြန်၏။ ဝင်ငွေ ဖြောင့်တော့ အသုံးအစွဲလည်း သိတ် စစ်စစ်စိစိ လုပ်ဖို့ မလို။ ကားကြီးကားကောင်းစီးကာ အိမ်ကြီးရခိုင်နှင့်နေနိုင်သူများ။ သောင်သောင်သာသာနှင့် ဘဝအနေမြင့်သူများဟု ဆိုရမည် ထင်၏။ ရှီကားဂိုးတွင် ကျနော်တို့တည်းရန်အတွက် ဟော်တယ်လ်များတွင် မစီစဉ်ပဲ သူတို့ကိုယ်ပိုင်ဟု ဆိုရမည်ထင်သည့် ၂၃ ထပ်မြင့်သော (Union League Club of Chicago) တွင် နေရာချပေး၏။ အဆောက်အဦးက ခမ်းနားပြီး ဟော်တယ်လ်ကြီးတွေအတိုင်း အဆောင်အယောင်နှင့် ဝန်ဆောင်မှုတော့ အတူတူပင် ဖြစ်၏။ ထူးခြားသည်က Dress Code ဟုဆိုသည့် ဘယ်နေရာ ဘာ အဝတ်အစား ဝတ်ရမည် ဆိုခြင်း ပင်။ စားသောက်ခန်းတွေထဲ ဝင် စားသောက်သည့်အခါ အပေါ်ဝတ်ကုတ်အကီင်္ျတွေ ချွတ်ပြီး တနေရာမှာ အပ်ရသေး၏။

သူတို့ဆီက ရှေ့နေတွေအကြောင်းပြောရင်း ကိုယ့်ဆီက ရှေ့နေတွေဆီလည်း စိတ်က ရောက်ပြန်၏။ "ကမ္ဘာ ကျော် တရားခွင် လျှောက်လဲချက်များ" "တရားခံ ဖြစ်သွားသော ရှေ့နေ" "ရှေ့နေကြီး ပယ်ရီမေဆင်" စသည်ဖြင့် ရှေ့နေ ဟုတ်သူ/မဟုတ်သူ တချို့နှင့် တရားခွင်များအကြောင်းစပ်ကာ နံမည်ကျော်ခဲ့သည့် စာအုပ်တချို့ကိုလည်း ပြန် အမှတ်ရ မိသေး၏။ တချို့က ဥပဒေရေး ရှေ့နေတွေ မဟုတ်ခဲ့သော်လည်း အဖိနှိပ်ခံတွေဘက်က ရပ်ပြီး တရားခွင်ကို တရားဟောစင်မြင့်အဖြစ် ထိထိမိမိ ပြောင်းကာ စနစ်ဆိုးအား ကျကျနန ဖွင့်ချခဲ့သည့် လူထုရှေ့ကနေခဲ့သည့် ရှေ့နေကျော်ကြီးများ ဖြစ်၏။ ဗမာ့သမိုင်းဝင် အမှုအခင်းတွေအတွက် ရှေ့နေလိုက်ပေးခဲ့ကြသည့် ဗမာ့ရှေ့နေကျော်တွေအကြောင်း ပြန် စဉ်းစားမိတော့ ဦးစောမှသည် ကိုဖိုးဖြူအထိ၊ ဂဋ္ဌုန်ဆရာစံမှသည် တိုင်ရီစက်ရုံအလုပ်သမားတွေအထိ ရောက်၏။ ရှေ့နေအစစ်ဖြစ်လျက်က ကိုယ့်အမှုကိုယ် ပြန် လျှောက်လဲချက်ပင် ပေးခွင့်မရခဲ့ကြသော သော့အိမ်စံ၊ နိုင်ငံရေးဝင်္ကပါထဲက ရှေ့နေတွေကိုလည်း ပြန် အမှတ်မိရပြန်၏။ အဘဦးထွန်းတင်၊ မုံရွာတင်ရွှေ၊ မောင်ကိုယု၊ ကိုစန်းအောင်တို့ အပါအဝင် ခင်မင် လေးစားရသည့် ရှေ့နေကြီးငယ်များကိုလည်း သတိရမိပြန်၏။

မြန်မာစကားတွင် ရှေ့နေနှင့်စပ်၍ ဆိုးရိုးများလည်း ရှိ၏။ ထိုအထဲမှ "ရှေ့နေဆိုတာ ငိုစား ရယ်စား" "ရှေ့နေ ငှားမှ ထောင်လုံးလုံး ကျ" နှင့် "ရှေ့နေ သေလို့ မီးသဂြိုံဟ်လျှင် လျှာ မီးမလောင်" စသည်တို့မှာ စိတ်ဝင်စားစရာ ကောင်း၏။ ထို စကားတို့သည် ရှေ့နေနှင့်စပ်၍ အကောင်းထက် အဆိုးကို၊ အကျိုးထက် အပြစ်ကို၊ အပြုထက် အပျက်ကို ဇောင်းပေး ရည်ညွှန်းနေဟန် ပင်။ တခါ ကျနော်တို့ခေတ်၏ လက်တွေ့အရ မြင်ခဲ့ရသည့် ရှေ့နေတချို့မှာ တရားသူကြီးနှင့် အမှုသည် ကြားက အမှုပွဲစားသက်သက်။ အမှုသည်နှင့်တရားခွင်တို့ မမြင်ရာ ကန့်လန့်ကာ နောက်ကွယ်က ရှေ့နေနှင့် တရားသူကြီးတို့၏ လက်သိပ်ထိုး ဇာတ်လမ်းတွေလည်း တပုံတပင်။ ထိုအခြေအနေများအောက်မှ လှမ်းကြည့်တော့ အပေါ်က ပြောခဲ့သည့် ရှေ့နေနှင့်စပ်သည့် ဆိုရိုးစကားတို့ မှန်သယောင်ယောင်တွေ ဖြစ်ရပြန်၏။ "ဘယ်သူ တရားပျက်ပျက် ငါ မပျက်" ဆိုသည့် ရှေ့နေတွေခမျာလည်း ဝါးလုံးရှည်စာ မိရပြန်၏။ တရားဥပဒေဆိုသည်ကလည်း အခက်သား။ ဘယ်လောက် မှန်မှန် ကောင်းကောင်း လက်တွေ့ကျင့်သုံးမှု မရှိလျှင် ထို ဥပဒေမျိုး မရှိသည်က တော်သေး၏ဟု ဆိုရမည် ထင်၏။ လူအထက်က တက်ထိုင်၍ တရားဥပဒေ စိုးမိုးရေးတို့၊ ဥပဒေအထက်တွင် မည်သူမျှမရှိတို့ဆိုကာ အသံကောင်း ဟစ်ပြီး သူတော်ယောင်ဆောင်ခြင်းက တိုင်းပြည်နှင့်လူထုအတွက် ပို နစ်နာစရာတွေသာ ဖန်တည်းပေး၏။ ရှေ့နေ အလုပ်ဆိုတာမျိုးက ဥပဒေပြုရန် မဟုတ်။ ပြုထားသည့် ဥပဒေ ပြဋ္ဌာန်းထားချက်များ၏ အားသာချက် အားနည်းချက်တို့ကို ထုတ်နှုတ် ရှာဖွေပြီး ထို ဥပဒေဘောင်၏ အကန့်အသတ်ထဲမှနေ၍ အမှုသည်တို့ကို (တနည်းပြောရလျှင် လူထုကို) ထိုဥပဒေနှင့်အညီ အကာအကွယ် အကူအညီ ရယူခံစားပိုင်ခွင့် ရှိစေရန်၊ ကူညီ စောင့်ရှောက်ပေးသူများသာ ဖြစ်၏။ ထို့ကြောင့် ရှေ့နေတို့ထံမှ တည်ဆဲဥပဒေကို လွန်သည့် တရားမျှတမှုမျိုး၊ ကူညီ ကာကွယ် စောင့်ရှောက်ပေးမှုများကို မမျှော်လင့်အပ်။ မျှော်လင့်လို့ မရ။ မျှော်လင့်လို့မဖြစ် ဆိုသည်ကိုတော့ အမှုသည်ကိုယ်တိုင်က (လူထုကိုယ်တိုင်က) သိထားမှ ဖြစ်မည် ထင်၏။ ကျနော်လည်း ထိုသို့အတွေးများ နားလည် သဘောပေါက်ချက်များဖြင့် ရှီကားဂိုးရှေ့နေများ အစည်းအရုံး (Chicago Bar Association) သို့ ထွက်ခဲ့၏။

အခမ်းအနားတက်ပြီး ပရိသတ်ကို စကားပြောရ၊ အမေးအဖြေ လုပ်ရမည့်သူများတွင် တဦးက ဗမာပြည် လူ့အခွင့် အရေးအခြေအနေများအား စောင့်ကြည့်လေ့လာသူ အကြီးတန်းသုတေသီနှင့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး၏ အဖွဲ့ဝင် (David Scott Mathieson - Senior Researcher on Burma for Human Rights) ဖြစ်၏။ နောက် တဦးက ဂျော့ခ်ျတောင်း ဂျာနယ်လ် နိုင်ငံတကာဆက်ဆံရေး (လူမျိုးစု၊ ရွေးကောက်ပွဲများ နှင့်ဗမာပြည် ပြုပြင်ပြောင်းလဲရေး) စာအုပ်အပါအဝင် ဗမာ့နိုင်ငံရေးသမိုင်းနောက်ခံ ဆောင်းပါးများနှင့်စာတမ်းများ ရေးသား ဖတ်ကြား တင်သွင်းခဲ့သူ၊ အင်ဒီယားနားပြည်နယ်တက္ကသိုလ် ဥပဒေရေးရာပါမောက္ခ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ဒီမိုကရေစီရေး ဗဟိုဋ္ဌာနမှ အမှုဆောင် ညွှန်ကြားရေးမှူး (Professor David Clair Williams) ဖြစ်၏။ အခြားတဦးက (U.S Campaign for Burma) မှ တွဲဘက်အမှုဆောင်၊ ကရင်အမျိုးသားများ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ ဗမာ့စစ်အာဏာရှင်တို့ကြောင့် မိတကွဲဘတကွဲ ဆွေတကွဲမျိုးတကွဲနှင့် ဘဝတလျှောက်လုံး အဆုံးအရှုံးများဖြင့် ကြီးပြင်းလာခဲ့ရသူ (Myra Dahgaypaw) နှင့် ကျနော်တို့ ဖြစ်၏။ ကျနော် အမေရိကားရောက်စက David Scott Williams နှင့် အီးမေးလ်ဖြင့် အပြန်အလှန် အဆက်အသွယ်ရှိခဲ့ဖူးသည်မှ တပါး လူချင်း မဆုံဖူးသေး။ David Mathieson ကိုတော့ ကျနော့်မှတ်တမ်းကားဒါရိုက်တာ Nic Dunlop ပြောပြသဖြင့် အမည်ကို မှတ်မိနေ၏။ လူချင်းမဆုံဖူးသေး။ Myra Dahgaypaw နှင့်ကျတော့ အနည်းဆုံး လေးကြိမ်လောက် လူချင်းလည်း ဆုံဖူး၊ ဗမာပြည်အရေး အတူလည်း ဆွေးနွေးပြောဆိုဖူးသည့်အပြင် တခါတခါ ကျနော်က ယူအက်စ်ကမ်ပိန်းဖေါ်ဘားမားအတွက် လိုအပ်သည့်စာတချို့ပါ ဗမာလိုဘာသာပြန်ပေးဖူးသဖြင့် ရင်းနှီးနေသူ။

ကျနော်တို့ ရှီကားဂိုးရောက်တော့မှ Professor David Williams က လူကိုယ်တိုင် လာတက်ဖို့ အခက်ရှိနေသဖြင့် Skype ပေါ်မှ ဆွေးနွေးပြီး အမေးအဖြေ လုပ်ပေးမည်အကြောင်းနှင့် David Matheison လည်း အရေးပေါ်ကိစ္စတခု ပေါ်လာသဖြင့် မတက်ဖြစ်တော့ကြောင်းများ သိရ၏။ ပွဲစီစဉ်သူတွေလည်း ကသိကအောက်တော့ အထိုက်အလျှောက် ဖြစ်ကြရ၏။ သို့သော် ပွဲမစခင်မှာ တက်ရောက်ရန် ဖိတ်ကြားထားသူတွေထဲမှ ဓါတ်ပုံဆရာ၊ ဗမာပြည်အရေး လှုပ်ရှားဆောင်ရွက်နေသူ (Christian Holst) က သူ ဗမာပြည်ထဲသွားကာ ရိုက်ကူး မှတ်တမ်းတင်လာသည့် ဓါတ်ပုံတွေ ပြပေးမည့်အကြောင်း၊ Field Museum တွင် လုပ်နေသည့် (Blood/Red Stone Burma Rubies) ဗမာ့ပတ္တမြား၊ အနီရောင်/သွေးကျောက်အမည်ရှိ သူ့ဓါတ်ပုံပြပွဲအကြောင်းနှင့် အခမ်းအနားအပြီး လာရောက် ကြည့်ရှုနိုင်ရန် ပြတိုက်လက်မှတ်များပါ အခမဲ့ စီစဉ်ပေးမည့်အကြောင်းဆိုကာ၊ သူ၊ Myra Dahgaypaw နှင့် ကျနော်တို့က Panelists တွေ အဖြစ် ထိုင်ဖို့ ဖြစ်သွား၏။ Professor David Williams က အွန်လိုင်းက ပါဝင် ဆွေးနွေးဖို့ စီစဉ်၏။ စစခြင်း ကျနော်တို့နှင့်ပရိသတ်ကို မိတ်ဆက်ပေးပြီးနောက် ကျနော့်မှတ်တမ်းကား (Burma Soldier) အင်္ဂလိပ်လို အပိုင်းကို အစအဆုံး ပြပေး၏။ တက်ရောက်သူက စုစုပေါင်း ၆၀ ခန့် ရှိမည်။

မှတ်တမ်းကားပြအပြီး Myra Dahgaypaw က ဗမာပြည်အရေး အကျဉ်းချုပ် စုစည်း တင်ပြထားသည့် ၁၅ မိနစ်စာ Power Point Slideshow ကိုပြပြီး နှုတ်ဖြင့် တင်ပြပေး၏။ Myra က စကားကို အချိတ်အဆက် မိမိ၊ အကျိုးအကြောင်း ရှိရှိ၊ အချက်အလက် ဝေဝေဆာဆာနှင့် တင်ပြတာဖြစ်တော့ ပရိသတ်လည်း နှစ်ခြိုက်၏။ နောက်တော့ ဓါတ်ပုံဆရာ (Christian Holst) က သူ ရိုက်ယူလာခဲ့သည့်ဓါတ်ပုံများကိုပြရင်း နောက်ခံလေးတွေလည်း ရှင်းပြ၏။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းက သူရိုက်ကူးခဲ့သည့်ပုံများ။ ဗမာပြည်က စစ်ပြေးဒုက္ခသည်တို့၏ ရင်နင့်စဖွယ် ပုံများ။ ကိုမင်းကိုနိုင်အား အနီးကပ်ရိုက်ချက်ဖြင့် ရိုက်ထားသည့်ပုံ စသည်တို့ဖြစ်ပြီး အားလုံးက အဖြူအမဲတွေ ချည်း။ နောက်တော့ ပရိသတ်နှင့် အမေးအဖြေခန်း စ, ၏။ အရင်ဆုံး အမေးခံရသူက ကျနော်။ အရင်ဆုံး မေးသည့် မေးခွန်းက "ဗမာပြည်မှာ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေအပေါ် ဘယ်လိုသဘောထားသလဲနှင့် စစ်မှန်သည့်အပြောင်းအလဲ ဖြစ်ဖို့ ဦးသိန်းစိန်အစိုးရက ဘာတွေ လုပ်ဖို့ လိုသေးသနည်း" ဖြစ်၏။

(ဆက်ပါဦးမယ်)

မျိုးမြင့်ချို

မတ်လ ၂ ရက် ၂၀၁၂
ဗဟုသုတ - Made in China Willis Tower ၊ လေလုံးထွားတဲ့မြို့နှင့် မံမီရုပ်တွေ နေတဲ့ အရပ် (၁) မျိုးမြင့်ချို - Mar 8 2012 01:37 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005