Air Force One ၊ မန္တလေးနှင့် Dayton တက္ကသိုလ် (၃)
20120304 Myo Myint Cho

ကျနော်တို့ လေယဉ်ရုံပြခန်းကြီးတွေထဲ လျှောက်ကြည့်ရင်း တနေရာရောက်တော့ ဟိုက်ဒရိုဂျင်ဗုံးကြီးတလုံးကို ချပြထားတာ တွေ့ရ၏။ ထို ဗုံးအမျိုးအစားသည် အနုမြူဗုံးထက် ပို အဖျက်စွမ်းအားကြီးကြောင်း၊ ထိုဗုံးကြီးအား ဘယ်တုန်းက ဘယ်အရပ်တွင် စမ်းသပ် ဖေါက်ခွဲကြည့်ခဲ့ကြောင်း၊ ပြင်းအားဘယ်လောက်ရှိကြောင်းတွေ ရေးပြထားသည့်အပြင် ထို ဗုံးကြီးခွဲချိန်က ဓါတ်ပုံကိုလည်း ပုံကြီးချဲ့ကာ နောက်ခံကားအဖြစ် ပြထားသေး၏။ အနုမြူဗုံးတွေက လက်မတထောင်ထောင်နှင့် ဂုဏ်မာန်ဝင့်နေသလောက် ထိုဗုံးကြီးကတော့ ကိုယ်စွမ်းကိုယ်စ မပြရသေးသဖြင့် အံတကြိတ်ကြိတ်နှင့် သိမ်ငယ်နေပုံပေါ်နေ၏။ သူ့ကို ကြော်ငြာထိုးပြီးတာ မှန်သော်လည်း တကယ့်လက်တွေ့ စစ်ပွဲတွေမှာ ချမသုံးရသေး။ လက်နက်ဆန်းဆိုတာမျိုးက ထုတ်ထား၊ စမ်းသပ်ပြီးသားဖြစ်ရုံနှင့် မရ။ လက်တွေ့ပြဖို့ လို၏။ လက်တွေ့ ပြနိုင်မှလည်း ဝယ်သူ ကြိုက်၏။ ကြိုက်မှလည်း အဝယ်လိုက်မည်။ အဝယ်လိုက်မှလည်း စီးပွားဖြစ်မည် မဟုတ်လား။ လူသတ်လက်နက်ဆိုသည်က တချက်တည်းနှင့် လူများများ သတ်နိုင်လေလေ ဂုဏ်ရှိရှိလေ ဖြစ်ရသည်မှာ ဓမ္မတာ။ ဤတွင်ကြော်ငြာ လို လာ၏။ သို့သော် လူ့အသုံးအဆောင်နှင့် ဆေးဝါးစသည်တို့ ကြော်ငြာသလို လုပ်လို့မရ။ မဖြစ်။ သူက ကိုယ်ဟန်ပြမယ်လေးတွေ မလို၊ ရှုခင်းလှလှနှင့် သီချင်းကောင်းကောင်းတွေ မလို။ လိုသည်က စစ်။ စစ်မြေပြင်နှင့် လူသတ်ကွင်း ဖြစ်၏။ သည်တွင် စစ်အကြီးစားတွေ မဟုတ်ပဲ အကန့်အသတ်နှင့် စစ်အသေးစားလေးတွေ၊ ဒေသိယဆန်သည့် စစ်ပွဲလေးတွေ ပေါ်လာကြ၏။ ဤစစ်ပွဲလေးတွေကား လက်နက်အစစ်တွေအတွက် ပြပွဲအစစ်တွေ ဖြစ်ရ၏။ လက်နက်သစ်များ လက်တွေ့ စမ်းသပ်ပြရင်း အပြိုင်အဆိုင် ကြော်ငြာ ကြတော့၏။ ကမ္ဘာပေါ်တွင် လက်နက်ရောင်းပြီး စီးပွားအဖြစ်ဆုံး နိုင်ငံများတွင် အမေရိကန်က ထိပ်ဆုံးမှာရှိ၏။ ရုရှားတို့၊ ပြင်သစ်တို့၊ အင်္ဂလန်တို့၊ တရုပ်တို့ကလည်း အားကျမခံ။ လက်နက်တွေ ထုတ်၏။ ကြော်ငြာ၏။ ဈေးကွက်တင်၏။ ရောင်း၏။ ပြီးတော့ သူတို့တတွေကပဲ ကမ္ဘာ့ငြိမ်းချမ်းရေး ဆိုပြီး အသံအကျယ်ဆုံး ကြွေးကြော်ကြပြန်၏။ ဘယ်လို နားလည်ရမှန်းပင် မပြောချင်တော့။ ဒါ့အပြင် အရေးကြီးတာ တခုလည်း ရှိသေး၏။ အခြေအနေတချို့နှင့် နိုင်ငံတကာ အခင်းအကျင်းတချို့တွင် နိုင်ငံတို့၏ စစ်အင်အားနှင့် နည်းပညာ ပါဝါကိုပြပြီးမှ နိုင်ငံရေးသမားတို့ အသာစီးက အပြီးချည်ကာ ဖိကစားနိုင်မည် မဟုတ်လား။ သည်တော့ လက်နက်ဆန်းတွေ အပြိုင်အဆိုင် ထုတ်ကြ၊ စမ်းသပ်ကြ၊ ကြော်ငြာကြ၊ ရောင်းဝယ်ဖေါက်ကားကြနှင့် ကမ္ဘာမြေသည် မည်သည့်အခါမျှ မုဆိုးရာသီလည်း မကုန်၊ လေးနှင့် မြားလည်း ဘေးချလို့ မရတော့။ ထိုအခြေအနေတွေ ကြည့်ပြီး ဟိုက်ဒရိုဂျင်ဗုံးကြီးက "ငါ့အလှည့်ကျရင် မိုးကြိုးပါ ပစ်ချလိုက်ဦးမည်" ဟု တွေးကာ နေသေးသပ ခြုံထဲက ချိုသွေးတမြမြ ဖြစ်နေတာလည်း ဖြစ်နိုင်၏။

နောက်တနေရာရောက်တော့ ရန်သူ့ရေဒါစက်ကွင်းတွေက လွတ်အောင်ရှောင်တိမ်းကာ ပစ်မှတ်တွေအပေါ် ဗုံးကြဲချနိုင်သည့် Stealth လေယဉ်ကြီးတစင်း ချပြထား၏။ လေယဉ်ကြီးကို သေချာကြည့်မှ ငါးလိပ်ကျောက်လိုလို၊ ငါးလိပ်စွန်လိုလို။ တန်ဖိုး သိတ်ကြီးလွန်းသဖြင့် လေတပ်တွင် အမြဲတမ်း မသုံးကြသေးဟု တယောက်က ရှင်းပြ၏။ ကုန်တင်လေယာဉ်ကြီးတွေကလည်း ဧရာမလေယာဉ်ကြီးတွေ ဖြစ်၏။ တင့်ကားအကြီးစား တဒါဇင်လောက် သယ်နိုင်မည့် အရွယ်တွေလား မှတ်ရ၏။ နောက်တော့ ဟိုကြည့် ဒီကြည့်၊ ဟိုမေး ဒီမေး၊ ဟိုနား ဓါတ်ပုံရိုက် ဒီနား ဓါတ်ပုံရိုက်နှင့် ဧည့်ကြိုကောင်တာတခုသို့ ရောက်၏။ တာဝန်ရှိသူက သူ့ကိုယ်သူ မိတ်ဆက်ပြီး စကားနည်းနည်းပါးပါး ပြော၊ ကျနော့်ကိုလည်း မေးခွန်းနည်းနည်း မေး၏။ သူ မေးသည်က ဗမာ့တပ်မတော် (လေတပ်) အကြောင်း။ ကျနော်က ဘာမှ များများစားစားသိသူ မဟုတ်။ ကျနော် သိသလောက်ကလေး ပြောပြတာကိုပဲ တလေးတစား နားထောင်တာ မြင်တော့ "ငါ့နှယ် နော် ဒီမလာခင်က ဗမာ့လေတပ်အကြောင်း နည်းနည်းပါးပါး ကြို လေ့လာခဲ့ရ ကောင်းသား" ဟု တွေးမိကာ အားနာသလို ဖြစ်ရ၏။ သူကပဲ ကျနော့်ကို ဒုတိယကမ္ဘာစစ်အတွင်းက ဗမာ - တရုပ် -အိန္ဒိယ စသည့်နိုင်ငံများရှိ အမေရိကန်နှင့်မဟာမိတ်များ၏ လေတပ်စုဖွဲ့မှုများအကြောင်း၊ သုံးစွဲခဲ့သည့် လေယာဉ်အမျိုးအစားများနှင့် လေယဉ်အုပ်များအကြောင်း ရှင်းပြပေးသေး၏။ ထိုသို့ ရှင်းပြနေရင်းမှ အမေရိကန်သမ္မတများ စီးနင်းသည့် အထူးလေယာဉ်ကြီးများထားရာ ပြခန်းကို သွားဖို့အစီအစဉ်ရှိသလားဟု မေးကာ ကျနော်တို့က ရှိကြောင်း ဆိုတော့ မှတ်ပုံတင်ရန်နှင့် လက်မှတ်ယူရန်နေရာအထိ လိုက်ပို့ပေး၏။

သို့နှင့်သွားပြီး မှတ်ပုံတင်ကာ လက်မှတ်လည်း ဖြတ်ရ၏။ အခမဲ့ ပင်။ Wright-Patterson Air Force Base ရှိ ထိုပြခန်းသို့ ဘတ်စ်ကားကြီးဖြင့် ပို့ပေးမည်ဖြစ်ကြောင်း၊ ကားပေါ်မတက်ခင် အခန်းတခုတွင် လူ အရင်စုပြီး ပြခန်းအကြောင်းနောက်ခံနှင့် ပြခန်း စည်းကမ်းတွေအကြောင်း ရှင်းပြပေးကြ၏။ သိလိုတာရှိက မေးရန်ဆိုတော့ ခတ်ငယ်ငယ် အမေရိကန်စုံတွဲတတွဲက "ဘယ်အချိန် ဘယ်နေရာမှာ ဆေးလိပ်သောက်လို့ ရမလဲ" ဟု မေးတော့ ရှင်းပြသူက ရယ်ရယ်မောမောဖြင့် ပြခန်းအပြင်ဘက်၊ ဘတ်စ်ကားအပြင်ဘက်၊ အဆောက်အဦးတိုင်းနှင့် ပေ ၂၀ အကွာ မည်သည့်နေရာမှာမဆို ဆေးလိပ်သောက်နိုင်ကြောင်း ပြန် ရှင်းပြ၏။ ထို့နောက် ကျနော်တို့နှင့်အတူ သွားမည့်သူ ၃၀ ခန့်ဘတ်စ်ကားကြီးတွေပေါ်တက်ကာ မောင်းထွက်သွား၏။ ၁၀ မိနစ် မရှိတတ်ရှိတတ်တွင် ပြခန်းကြီးသို့ ရောက်၏။ သိတ် ထွေလီကာလီ မေးမြန်းစစ်ဆေးနေတာ မရှိပဲ ကျနော့်အတွက် ဘီးတပ်ကုလားထိုင် စီစဉ်ပေး၏။ ကျနော်ဝတ်ထားသည့် စစ်ဂျာကင်ကို ကြည့်ပြီး တဦးက အမေရိကန်လေတပ်က တပ်ထွက်ဟု မှတ်ပြီး "မင်းလက်မောင်းပေါ်က အရစ်တွေနဲ့ တိုင်းပြည်အတွက် ပေးဆပ်ခဲ့မှုတွေအတွက် အလွန် လေးစားပါကြောင်း၊ ပြခန်းအတွင်း သိလိုသမျှ မေးမြန်းဖို့ အားမနားရန်" လာ ပြောပြန်၏။ ကျနော်က US Air Force မှ မဟုတ်ကြောင်း ပြန် ရှင်းပြတော့ သူက အားတုံ့အားနာဟန်ဖြင့် ကျနော့်အကြောင်း ပြောပြ နိုင်ရင် ပြောပြပါလား ဆို၏။ ကျနော် သူ့ကို ရှင်းပြနေတုန်း ပြတိုက်တာဝန်ရှိသူအချို့လည်း လာ နားထောင်ကာ တချို့လည်း ခေါင်းတငြိမ်ငြိမ့်၊ တချို့လည်း စုပ်တသတ်သတ်။ ရင်ဘတ်တွင် လေတပ်တံဆိပ်တွေနှင့် အမျိုးသမီးကြီး ၂ ဦးက ကျနော်တို့နှင့်အတူ လမ်းလျှောက်လိုက်ပါပြီး ပြခန်းနောက်ခံသမိုင်းနှင့် အမေရိကန်သမ္မတတွေ စီးသည့် လေယာဉ်ကြီးတွေအကြောင်း အသေးစိတ်တွေရှင်းပြ၏။ ကျနော့်ကိုလည်း "လေယာဉ်ကြီးတွေထဲ ဝင်ကြည့်တဲ့အခါ အဆင်မပြေဖြစ်ရင် ပြောပါ" ဟု ထပ်တလဲလဲ မှာပြန်၏။ "ဘာ့ကြောင့် ဒီပြခန်းကို လာကြည့်ချင်တာလဲ" ဆိုတော့ ကျနော်က "ဒါရိုက်တာ Wolfgang Petersen ရိုက်ကူးပြီး မင်းသား Harrison Ford ပါဝင် သရုပ်ဆောင်ထားသည့် Air Force One လေယဉ်ကြီးကို အပြင်မှာ မြင်ချင်လို့" ဟု ပြန်ဖြေတော့ ရုပ်ရှင်ထဲက အဲဒီ လေယာဉ်ကြီးတော့ မရှိကြောင်း၊ သို့သော် အမေရိကန် သမ္မတတွေ စီးသည့် အခြား Air Force One လေယာဉ်တွေတော့ ရှိကြောင်း၊ သမ္မတ ဂျွန်အက်ဖ် ကနေဒီ၊ ဒွိုင်က် အိုက်စင်ဟောင်ဝါ၊ ဖရန်ကလင် ဒီ ရုစဗဲ့လ်နှင့် ဟယ်ရီထရူးမင်န်းတို့ အသုံးပြုခဲ့သည့် Air Force Ones တွေ ရှိကြောင်း၊ လေယဉ်ထဲ ဝင်ကြည့်လို့ရကြောင်း၊ အတွင်းအပြင်နေရာများတွင် ဓါတ်ပုံရိုက်ယူနိုင်ကြောင်းတွေ ပြောပြ၏။

သို့ဖြင့် ကျနော်အပြင်မှာ တကယ် မြင်ချင်သည့် ရုပ်ရှင်ထဲက Air Force One ကြီးတော့ မတွေ့ခဲ့ရ။ အခြား Air Force Ones တွေတော့ တွေ့ခဲ့၊ မြင်ခဲ့၊ ဝင်ခဲ့၊ ကြည့်ခဲ့ဖြစ်၏။ သမ္မတတွေ စီးသည့် လေယာဉ်တွေမှာက သမ္မတတံဆိပ်တုံးကို လေယဉ်ကိုယ်ထည်အပြင်ဘက် ဘယ်ညာတွင် ပုံကြီးဖော်ကာ ခပ်နှိပ်ထား၏။ လေယဉ်တံခါးပေါက်အဝင်တွင်လည်း ပုံသေးဖော်ကာ ခပ်နှိပ်ထားသေး၏။ သမ္မတတံဆိပ်တုံးကို ကြည့်ရင်း စိတ်က စာအုပ်ထဲတွင်သာ တွေ့ဖူးသည့် "မင်းတုန်းမင်းတံဆိပ်တော်" ဆီသို့ ရောက်ပြန်၏။ မင်းဧရာဇ်တို့၏ တန်ခိုးအာဏာကို သင်္ကေတပြုသည့်အရာများတွင် တံဆိပ်တော်ဆိုသည်က အလွန် အရေးပါသလောက် အရာလည်း ရောက်၏။ မင်းတို့ ဘုန်းမီးနေလတောက်ပလျှင် တောက်ပသလောက် ယင်းတို့၏ တံဆိပ်တော်နှင့် မင်းချင်းတို့လည်း အရာရောက်ကြပြန်သေး၏။ မင်း၏တံဆိပ်တော်သည် တိုင်းပြည်၏ ဓန၊ စစ်အင်အားနှင့် တန်ခိုးအာဏာကို ကိုယ်စားပြုသည် မဟုတ်လား။ စက်ကြီး ၁၁ စက်တွင် "မင်းတို့လက်နက် အာဏာစက်" ဟု ဆိုထားပြန်ရာ အာဏာစက်ပြင်းသည့် မင်းက ပို တန်ခိုးထွားသည်ဟုပဲ မှတ်ရမည်လားဟု တွေးမိလိုက်သေး၏။ အမေရိကန်တွေ အာဏာစက်ပြင်းနေသေးသည်ကတော့ ဘယ်သူ့မှ ငြင်းလို့ မရကြသေး။ ဆိုဗီယက်ယူနီယံကြီးပြိုအပြီးတွင် တကိုယ်တော် မဟာအင်အားကြီးနိုင်ငံအဖြစ် ရွှေထီးဆောင်းနေတုန်းမှာပဲ ဝုန်းကနဲ အမွှာမျော်စင်ကြီး ပြိုကျသွား၏။ အီရတ်၊ အာဖဂန်၊ တာလီဘန်၊ အိုစမာဘင်လာဒင်နှင့် အကြမ်းဖက်မှုအပေါ် ဆင်သည့် စစ် စတာတွေနှင့် လုံးလည်ချာလည်လိုက်ပြီး စီးပွားရေးတွေ ခရိုခယိုင် ဖြစ်၊ ငွေကြေးဈေးကွက်တွေ ပြိုကျ၊ အလုပ်လက် မဲ့ပြဿနာတွေ ထောင်ထ၊ ဝေါစထရိလမ်းမကြီး သိမ်းပိုက်ရေး လှုပ်ရှားမှုတွေ ပေါ်လာကာ ကသောင်းကနင်းတွေလည်း ဖြစ်လာ၏။ တခါတခါလည်း ဦးနင်းပဲ့ထောင်တွေ။ လွှတ်တော် နှစ်ရပ်နှင့် သမ္မတလည်း ခွန်းကြီးခွန်းငယ်တွေ ခဏခဏ။ အမေရိကန်၏ ဓနအင်အား၊ စစ်အင်အား၊ နည်းပညာနှင့် နယ်ပယ်အတော်များများတွင် တွင်ကျယ် လွှမ်းမိုးနိုင်စွမ်းကို ကြည့်ကာ တချို့က အမေရိကန်သမ္မတတွေကို စကြာဝတေးမင်းအလား ထင်တတ်သေး၏။ အမေရိကန်သမ္မတသည် စေတလုံးပိုင်ရှင် မဟုတ်။ ဘွဲဖြူလက်နက်ပိုင်ဆိုင်သူ မဟုတ်။ အကြွင်းမဲ့အာဏာရှင် မဟုတ်။ လွှတ်တော်နှင့် ပြည်သူကို နာခံရ၏။ "ငါ သမ္မတ" ဆိုကာ နေရာတကာ စွာလို့မရ။ အမေရိကန်တန်ဖိုး နှုန်းစံနှင့် ပေတံတွေ အတိုင်းသာ သွားရ၏။ ထို တန်ဖိုးနှုန်းစံတို့တွင်ကား ပြောမည် ဆိုပြောစရာတွေတော့ ရှိလိမ့်မည် ထင်၏။

အလျားလိုက် အနီ အဖြူ အစင်းများနှင့် ထောင့်က အပြာခံပေါ်တွင် အဖြူရောင်ကြယ် အလုံး ၅၀ နှင့် အလံကို မြင်တာနှင့် ဒါ အမေရိကန်အလံဆိုပြီး တန်းသိကြသလို၊ ခြေတဘက်တွင် မြား၊ အခြားတဘက်တွင် သံလွင်ခက်၊ ဦးခေါင်းထက်က ကြယ် ၁၃ ပွင့်နှင့် တောင်ပံကြီးတွေ ဖြန့်ကားထားသည့် လင်းယုန်ငှက်တံဆိပ်ကို တွေ့လျှင်လည်း ဒါ အမေရိကန် နိုင်ငံတော်တံဆိပ်မှန်း တန်းပြောနိုင်သူ များ၏။ သမ္မတ တံဆိပ်တော်ကိုကား သိသူ သိတ် မများလှဟု ထင်၏။ သို့နှင့် လေယဉ်ကိုယ်ထည်ပေါ်က သမ္မတတံဆိပ်တော်ကို အနီးကပ် ဓါတ်ပုံရိုက်ယူ ဖြစ်၏။ နောက်တော့ အတွင်းထဲဝင်ကာ ကြည့်၏။ လေယာဉ်ဦးခန်း၊ လေယဉ်ဝမ်းတွင်းခန်းနှင့် အမြီးပိုင်းတွေအထိ လိုက်ကြည့် ဖြစ်၏။ အတွင်းခန်း ဖွဲ့စည်းပုံတွေက သာမာန် ခရီးသည်တင်လေယဉ်တွေလို မဟုတ်။ တချို့နေရာတွေမှာ အခန်းငယ်လေးတွေ ကန့်ကန့်ထားပြီး တချို့ အခန်းကျယ်တွေကျတော့ ရုံးခန်းဆန်ဆန်။ အခန်းတိုင်းတွင် တယ်လီဖုံးတွေ၊ အင်တာကွန်းတွေလည်း တပ်ထား၏။ ခေတ်မီ ဆက်သွယ်ရေးကိရိယာတွေနှင့် ဘာမှန်း မသိသည့်ကိရိယာတွေကလည်း တပုံတခေါင်း။ ရုစဗဲ့လ်နှင့် ထရူးမင်း တို့၏ လေယဉ်အတွင်းပိုင်းတွင်တော့ သူတို့ပုံတူ လူ့အရွယ်အစား ရုပ်တုကြီးတွေက ခုံပေါ်မှာ ထိုင်လျှက်သား။ ရုစဗဲ့လ် စီးသည့်လေယဉ်ကြီးတွင် ဝမ်းဗိုက်မှ အပေါက်ဖေါက်ကာ ဓါတ်လှေကားအငယ်စားလေးတခုတော့ ထူးထူးခြားခြား မြင်၏။ သူက ပိုလီယိုရောဂါကြောင့် လမ်းကောင်းကောင်း လျှောက်လို့ရသူ မဟုတ်။ ခြေ နှစ်ဘက်စလုံးတွင် လမ်းလျှောက် အားပြုကိရိယာတွေ တပ်ထားရတာ မှန်သော်လည်း သွားလေရာရာမှာ ဘီးတပ်ကုလားထိုင် ယူသွားရ၏။ လေယဉ် အတက်အဆင်း ဘီးတပ်ကုလားထိုင်ဖြင့် အသွားရလွယ်အောင် စီစဉ်ပေးထားခြင်း ပင်။ ကျနော်တို့လည်း ဓါတ်ပုံလေး ဘာလေး ရိုက်၊ ဟိုကိုင်ကြည့် ဒီကိုင်ကြည့်တွေ လုပ်ပြီး ထို ပြခန်းမှ ပြန်ထွက်ခဲ့၏။

ပြန်ထွက်တော့ ပြတိုက်ကြီးလည်း ပိတ်ချိန် ရောက်ပြီ။ အပြင်ဘက်တွင်လည်း အိုဟိုင်းယိုး၏ ဇန်နဝါရီနှင်းနှင့် မိုးစက်တို့က တဖွဲဖွဲ။ အေးလိုက်သည်မှာ ပြောစရာ မရှိ။ လေကလည်း တဟူးဟူးနှင့်မို့ ဆေးလိပ်သောက်ချင်လျက်နှင့် ကားပေါ် ပြန်တက်ခဲ့ရ၏။ မသောက်ဖြစ်တော့။ ဘာပဲဖြစ် စီးကရက်တလိပ်စာ ကျန်းမာရေးတော့ ကောင်းမှာ အမှန်။ ပြောစရာတွေ ကျန်သေး၏။ ပြောချင်သေး၏။ အကုန်မပြောဖြစ်သေး။ ထိုက်သလောက်ကြည့်ပြီး မြင်သလောက်တော့ ပြောဖြစ်သွား၏။ ဘာပဲဖြစ်ဖြစ် မကြည့်ရမမြင်ရ မပြောရသည်ထက်စာလျှင် ဆောင်းပါး သုံးပုဒ်စာတော့ အသားတင် ပြောဖြစ်သွား၏။ စိတ်အဆာတော့ ပြေမှာ အမှန်။

မျိုးမြင့်ချို။

ဖေဖေါ်ဝါရီ၊ ၂၈၊ ၂၀၁၂။
20120304 Myo Myint Cho

ဗဟုသုတ - Air Force One ၊ မန္တလေးနှင့် Dayton တက္ကသိုလ် (၃) မျိုးမြင့်ချို - Mar 4 2012 04:05 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005