သော့အိမ်က ရက်စွဲများ၊ လူများ၊ အတွေးစများ (၃)
Myo Myint Cho Burma Soldier

ရဲစခန်းလှေကားထစ်ပေါ်မှ လှမ်းဆင်းလိုက်ချိန်တွင် တယောက်က နောက်နားကကပ်ပြီး “မင်း၊ အော်လား ဟစ်လားတွေတော့ မလုပ်နဲ့နော်။ ကောင်းကောင်းမွန်မွန် လိုက်ခဲ့။ မင်းကို ဘာမှလုပ်မှာမဟုတ်ဘူး” ဟု အံကြိတ်သံဖြင့် ကြိမ်း၏။ ကျနော် ဘာမှ ပြန်မပြောတော့။ အသာ ဆင်းလိုက်၏။ တီ တူးသောင်ဇင် (T-2000) ကားနောက်ရောက်တော့ ကားပေါ်မတက်ခင် အထဲကို ကြည့်မိ၏။ ကားအလယ်နောက်ခန်းတဝက်တွင် သံပြားဖြင့်လအလုံပိတ်ထားပြီး သစ်သားတံခါးတချပ်ကို ကြမ်းပေါ်ချထားသည်ကို မြင်ရ၏။ ဘယ်လိုပါလိမ့်ဟု တွေးနေဆဲ “တက်၊ တက်။ ဟေ့ ကောင်၊ ဘယ်မှ ကြည့်မနေနဲ့” ဆိုကာ တယောက်က နောက်မှ တွန်းတင်လိုက်ပြီး တယောက်က ဂျိုင်းထောက်ကို ဆွဲယူလိုက်၏။ ကျနော် ကားဝမ်းထဲ လေးဘက်ထောက် ကယိမ်းကယိုင် ရောက်သွား၏။ တံတောင်ဆစ်နှင့် ဒူးဂေါင်းတွေ ပွန်းပဲ့ကုန်ပြီလားမှတ်ရအောင်ပင် နာကျင်၏။ အားယူပြီး ပြန်ထရန် ကြိုးစားချိန်မှာပဲ တယောက်က “ရှေ့တိုး၊ ရှေ့တိုး” ဆိုကာ နောက်ကနေ ဖင်ကို ပိတ်ကန်ထဲ့လိုက်သဖြင့် ကြမ်းပြင်ပေါ်က သစ်သားတံခါးလေးနှင့် မေးစေ့ ထပ်တိုက်မိပြီး ရှေ့သို့ ဟပ်ထိုးကျသွား၏။ လူလည်း မဟန်နိုင်တော့။ နောက်တခြမ်း အလုံပိတ်ကား ကြမ်းပြင်ပေါ် ကုန်းကွကွ ဖြစ်နေစဉ်မှာပဲ ချထားသည့်သစ်သားတံခါးကို ဆွဲထောင်ကာ အံကျအောင်ချပြီး အပြင်မှ သော့ခတ်လိုက်ကြ၏။ ကျနော် ဘာမှ မမြင်ရတော့။ မှုံဝါးဝါး အလုံပိတ်အခန်းငယ်တခုအတွင်း၊ အပြင်လောကနှင့် အဆက်ပြတ်သွားပြီ။ တခုခုများ ဖြစ်တော့မလားဆိုပြီး စိုးရိမ်မှုတို့ စိတ်တွင် စ, ကြီးစိုးလာခဲ့ပြီ။ ဒူးဂေါင်းလှန် စမ်းကြည့်တော့ နှစ်ဘက်စလုံး စေးထန်းထန်း ဖြစ်နေ၏။ ကားစက်နှိုးပြီး ဆောင့်ထွက်လိုက်၏။ စခန်းပေါက်နားရောက်တော့ ကားဘေးလမ်းပေါ်က “မျိုးမြင့်ရေ။ တောင့်ထားကွ။ ဘာမှမကြောက်နဲ့၊ ငါတို့ ဆက်လုပ်မယ်” ဆိုသည့် အားပေးသံကို ကြားရသော်လည်း စိတ်တွင် ထူးထူးခြားခြား အားမဖြစ်ခဲ့။ သို့သော် ကျေးဇူးကားတင်မိ၏။ လူကား အားငယ်စိတ်ဖြင့် ထိတ်လန့်တကြား။ ကြောက်တော့ မကြောက်။ ရှေ့လျှောက် ဖြစ်သမျှကြုံသမျှတို့အတွက် ကျနော်တယောက်တည်း ရင်ဆိုင်ရတော့မည်။ အဖော် မရှိ။ လုပ်ဖော်ကိုင်ဘက်တို့အား ခံဖော်ခံဘက် မဖြစ်ရေး ကျနော် တွေးရတော့မည်။ ကျနော့်အတွက် တွေ့တွေ့ချင်းဆောက်နဲ့ ထွင်းသည်။ လာဦးမည့်အဆိုးများအတွက် အရိပ်အမြွက်မျှသာ ဖြစ်သည်ကိုလည်း ကြိုတွေးပြီး ရင်ဆိုင်ရန်လည်း ကြိုပြင်ထား၏။ အမှန်ကိုဆိုသော် ကျနော် ထိုအခြေအနေများအား ရင်မဆိုင်ချင်။ သို့သော် မဆိုင်ချင်လို့ မရ။ ရင်ဆိုင်ရဲရတော့မည်။ ခုမှ ကျနော် တကယ့်ကို ခြေမဲ့လက်မဲ့။ မတတ်နိုင်တော့။ အထဲမှာ ငြိမ်ငြိမ်ထိုင်ပြီး အပြင်က အသံဗလံတွေကိုနားစွင့်ရင်း ကားပေါ် ပါလာ၏။

ကားလေးက ညာချိုးပြီး ကတ္တရာလမ်းပေါ်ရောက်လာတာ ခတ်မော့မော့ကလေး တက်နေတာကို သိနေ၏။ တမိနစ်လောက်ရှိတော့ တချက် ရပ်လိုက်၏။ “ဗထလ” ပါ ဟု ပြောသံကြား၏။ သည်တော့မှ “သြော်၊ ရေကြည်အိုင် ဗဟိုထောက်လှမ်းရေးက ပါလား” ဟု သဘောပေါက် တော့၏။ ဆက် ထွက်လာ၏။ အရက်စိမ်ရည် ချဉ်စုတ်စုတ်အနံ့များကြောင့် အနာကြီးရောဂါဆေးရုံရှေ့ဖြစ်ကြောင်း ခန့်မှန်းလို့ရ၏။ ခဏနေတော့ ခဏရပ်ပြန်၏။ “ငုံးဥပြုတ်၊ ကြက်ဥပြုတ်၊ စမူဆာ၊ ဘာယာကြော်” ဆိုသည့်အော်သံများကြားတွင် “သပြေရမယ်၊ စံပယ်၊ စံပယ်” ဆိုသည့် အသံတွေကြောင့် ရွှေညောင်ပင်ဘိုးဘိုးကြီးနတ်ကွန်းမှန်းလည်း သိနေ၏။ နောက်တော့ ဘယ်မှမှ မရပ်တော့။ တောက်လျှောက် ဆက်မောင်း၏။ အပြင်ကိုသာ မမြင်ရသော်လည်း စိတ်ကမူ ဘယ်နေရာရောက်နေမှန်း သိနေ၏။ သည်လမ်းသည် ကျနော်မွေးကတည်းက အကြိမ်ပေါင်းများစွာ ဖြတ်နေသည့်လမ်း။ ဘယ်နေ ဘာလှိုင်း ရှိ၊ ဘယ်ချိုင့်ခွက် ရှိ၊ ဘာအကွေ့ရှိအကုန် အလွတ်နီးနီး ရသည့် လမ်း။ နောက်တော့ ကုန်းတခုကို မော့တက်လာ၏။ တပ်မတော်ဗိုလ်ရွေး။ အနိမ့်သို့ ဆင်းလာ၏။ ဤနေရာကား ယန္တရားတပ်။ ဤနေရာလွန်လျှင် တကွေ့၊ ဤအကွေ့လွန်လျှင် ရေကြည်အိုင်။ ဆိုင်းဘုတ်မရှိသည့် တပ်။ ဆိုင်းဘုတ်မထောင်သည့် တပ်။ အပြင်ကကြည့်လျှင် ဘာအဆောက်အဦးမှ မမြင်ရသည့် တပ်။ နောက်ဘက် ချိုင့်ဝှမ်းထဲတွင် ဖျောက်၍တည်ထားသည့် တပ်။ ကျနော်ငယ်ငယ်က သူငယ်ချင်းတွေနှင့် ကျောင်းပြေးရင်း၊ ငှက်ပစ်ရင်း၊ ရေကူးရင်း၊ သီဟိုစေ့တွေ လျှာစီးလောင်အောင် ဖုတ်စားရင်း ကျင်လည်ခဲ့သည့်အရပ်။ အဆောက်အဦးတွေ တွေ့ခဲ့ဖူးသော်လည်း ဘာတွေမှန်း မသိခဲ့။ သိရကောင်းမှန်းလည်း မသိခဲ့။ သိဖို့လည်း မလိုခဲ့။ သည်တုန်းကသည်အရပ်သည် ကျနော့်အတွက် စာသင်ခန်းမှ ယာယီလွတ်မြောက်နယ်မြေ၊ ပုန်းခိုတောလည်ရာ။ ခုတော့ မဟုတ်တော့ပြီ။ ကားလေးက လမ်းပေါ်မှ ဘယ်သို့ ချိုးလိုက်၏။ ခဏ ရပ်၏။ တပ်ဦးဂိတ်။ နောက်တော့ ကွေ့ကောက်လေးတွေ။ ခတ်ဖြည်းဖြည်း ဆက် မောင်းလာ၏။

တနေရာရောက်တော့ ရပ်လိုက်၏။ အင်္ဂျင်သံလည်း တိတ်သွား၏။ သတ်မှတ်နေရာကိုရောက်ပြီဟု စိတ်က ထင်လိုက်၏။ ပိတ်ထားသည့် သစ်သားတံခါးလေး မပွင့်ခင်မှာပဲ “ဟေ့ကောင်၊ နောက်ဘက်လှည့် ကျောခိုင်းထား၊ လှည့်ကြည့်ဆိုမှ ကြည့်” ဆိုသည့်အသံကြောင့် ကျနော် ပြင်ထိုင်ပြီး စောင့်နေရ၏။ ခဏနေတော့ တံခါးဖွင့်သံ၊ နောက်ကနေ “မင်း လက်ပေး” ဟူသည့်အသံကြောင့် ရှိသည့်လက်တဘက်ကို နောက်ဘက် ဆန့်ထုတ်ပေးလိုက်၏။ “ဟာ။ တဘက်ထဲဘဲ၊ ခတ်လို့မှ မရတာ၊ နေပေ့စေတော့” ဆိုပြီး ခေါင်းပေါ်မှနေ၍ မာခေါက်ခေါက် အဝတ်စတခု စွပ်ချလိုက်ကြ၏။ ထိုအဝတ်စသည် ခေါင်းစွပ်ဖြစ်မှန်း နောက်မှ သိလာရ၏။ ခေါင်းစွပ်မှအနံ့သည် ဘယ်လိုအနံ့မျိုးဟု ပြောရန် အလွန်ခက်သော်လည်း မကောင်းဆိုးရွားအနံ့မှန်းတော့ ချက်ခြင်းပင် သဘောပေါက်လိုက်မိ၏။ ထိုအနံ့သည် နောင်ဆယ်စုနှစ်ပေါင်း များစွာ အထိ ပြန်တွေးမိလိုက်တိုင်း၊ အိပ်မက်မက်သည့်အခါတိုင်း စူးစူးရဲရဲနှင့် တစ္ဆေခြောက်သလို အခြောက်ခံရတော့မည့်အနံ့မှန်းကား မသိသေး။ ခေါင်းစွပ်အနံ့နှင့်အတူ လူက မွန်းမွန်းကျပ်ကျပ်။ စိတ်တွင် ရုတ်ချည်းသိမ်ငယ်သွားတာလိုလို၊ အားငယ်သွားတာလိုလို၊ ကြောက်ရွံ့တုန်လှုပ် သွားတာလိုလို၊ အပြစ်ရှိသူလိုလို ဘာမှန်းမသိသည့် ခံစားမှုတွေ ဝင်လာ၏။ ခုနေများ ငါ့ကို တခုခုလုပ်လိုက်ရင်တောင် ဘာမမြင်ရ ညာမမြင် ရနဲ့၊ အသားလွတ်ခံရတော့မယ့်ကိန်းပါလားဆိုပြီး စိုးလည်း စိုးရိမ်လာ၏။ ရှိနေသည့်လက်နှင့် ခေါင်းစွပ်အပြင်မှနေ၍ မျက်နှာနေရာကိုကာဖို့ သာ စိတ်ကရောက်နေ၏။ လူက ကားပေါ်မှာပဲ ရှိနေသေး၏။ ထိုအခိုက်တွင်ပဲ တယောက်က ကျနော့်ပခုံးကို ပုတ်ပြီး “နောက်လှည့်။ ရော့ ဒီမှာ မင်း ချိုင်းထောက်” ဆိုကာ ပြန်ပေးရင်း ကားပေါ်မှဆွဲချကာ နောက်ကို ဆွဲလှည့်လိုက်၏။ လူက ဟန်ချက်ပျက်ပြီး လဲမလိုဖြစ်တော့ “စောက် ရေးထဲ၊ ဒီငပြတ်က တမျိုး” ဟုဆိုပြီး လက်မောင်းအောက်မှနေ၍ ခတ်ကြမ်းကြမ်း ဆွဲပင့် မ,လိုက်တာကိုလည်း သိလိုက်၏။ နောက်တော့ တယောက်က “ဟေ့ကောင်။ မင်း ဘယ်ရောက်နေတာလဲ၊ သိလား” ဟု မေး၏။ ကျနော် ပြန် ဖြေတော့မည့်ဆဲဆဲ “ဟေ့ကောင်၊ မေးနေတယ် လေကွာ၊ ဘယ်ရောက်နေလဲ၊ သိလား၊ မသိဘူးလား၊ ပြောစမ်း” ဟု ရင်ဘတ်အင်္ကျီစကို ဆောင့်ဆွဲရင်း မေး၏။ ကျနော် သိ၏။ ဤကား ရေကြည်အိုင်၊ ဗထလ။ သို့သော် သူတို့မေးပုံက ကျနော်ဘယ်ရောက်လို့ ရောက်နေမှန်းမသိဟု သူတို့ဘာသာ ယုံနေပုံ ပေါ်၏။ ဘယ်လို ဖြေမလဲ။ ကျနော် အမြန် တွေးရတော့သည်။ “သိတယ်၊ ရေကြည်အိုင်၊ ဗထလ” ဟု ဖြေလျှင် သူတို့ကြိုက်မည် မဟုတ်။ သူတို့က ကျနော်မသိဟု ယူဆထားပြီးသား မဟုတ်လား။ “မသိဘူး” ဟုဖြေလျှင်ရော သူတို့ယုံပါ့မလား။ ကျနော်က ဒီမြို့နယ် ဇာတိ။ မသိဘူး ဖြေဖြေ၊ သိတယ် ဖြေဖြေ ပြဿနာက ရှိနေပြီ။ ကျနော် အဖြေပေးရတော့မည်။ မပေးလို့မရတော့။ မေးနေလေပြီ။ ကျနော် လိမ်ရတော့မည်။ မလိမ်လို့ မရ။ လိမ်ခိုင်း နေလေပြီ။ “ဟုတ်ကဲ့။ သိပါတယ်” ဟု ပြောလိုက်သည်ဆိုလျှင်ပဲ “ဘာ၊ သိတယ် ဟုတ်လား။ ပြောစမ်းကွာ သိရင်၊ မင်းအခု ဘယ်မှာလဲ” ဟု ဆိုကာ အင်္ကျီ ရင်ဘတ်စကို ပို၍ တင်းတင်းနှင့်ကြမ်းကြမ်း ဆောင့်ဆွဲ လှုပ်ရမ်းရင်း မေး၏။ ကျနော်က ပိုင်ပိုင်နိုင်နိုင် သိထားသည့်လေသံမျိုးဖမ်းပြီး “မှော်ဘီ မြို့ထဲမှာ” ဟု ခတ်တည်တည် ပြန် ဖြေလိုက်၏။ သည်တော့ တယောက်ဆီက “ဒီ မအေ-ိုး၊ တော်တော် မှတ်မိတဲ့ ကောင်ပါလား” ဟု ဆို၏။ သူ့အသံတွင် အလွန် အောင်မြင် ကျေနပ်အားရဟန်က အတိုင်းသား။ ကျနော်လည်း ခေါင်းစွပ်ထဲမှ ပြုံးလိုက်မိ၏။

(ဆက်ရန်)

မျိုးမြင့်ချို
အတွေ့အကြုံ - သော့အိမ်က ရက်စွဲများ၊ လူများ၊ အတွေးစများ မျိုးမြင့်ချို - Mar 4 2012 01:00 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005