သော့အိမ်က ရက်စွဲများ၊ လူများ၊ အတွေးစများ (၂)
Myo Myint Cho Burma Soldier

ကျနော် ဆိုင်ကအထွက်မှာ နောက်ပြန်တချက် လှည့်ကြည့်လိုက်မိ၏။ အမေကား ကျနော့်ကိုကြည့်နေဆဲ။ သို့သော် မြင်ဟန် မတူ။ ဆိုင်ထဲ ဝင်လာစကတည်းက လူစိမ်းများပါလာသည်မို့ ဆိုင်နီးနားများနှင့် ဆိုင်ရှေ့မုန့်ဟင်းခါးဆိုင်တွင် စားနေကြသူများကလည်း ကျနော်တို့ကို ကွက်ကြည့်ကွက်ကြည့်။ ဘာမှန်းတော့ သူတို့ သေချာသိကြသေးဟန် မတူ။ ကျနော်က သိစေလိုစိတ်ဖြင့် အသံနည်းနည်း မြှင့်ပြီး “အမေ၊ ကျနော် သွားမယ်နော်။ သိတ်လည်း စိတ်မပူပါနဲ့” ဟု လှမ်းပြောလိုက်၏။ မုန့်ဟင်းခါးရောင်းသည့် ကလေးမလေးထံမှ “ဟယ်၊ ဦးမျိုးမြင့်ကြီးကို လာဖမ်းတော့”ဟု အာမေဋိတ်သံ ထွက်လာ၏။ ထိုတော့မှ စောစောက မသိမသာ အကဲခတ်နေသူများထံမှ တယောက်တပေါက် တီးတိုးသံတွေ ထွက်လာတော့၏။ ကျနော် တချက် ပြုံးမိလိုက်၏။ ကျနော့်ရည်ရွယ်ချက် အောင်မြင်သွားသည်ကိုး။

ကျနော့်ကို လာဖမ်းတာဖြစ်ကြောင်း လူတွေ သိထားဖို့၊ မြင်ထားဖို့ လို၏။ တယောက်က “မျိုးမြင့်ရေ။ လိုက်သာ သွား၊ ဘာမှ မပူနဲ့၊ လုပ်စရာရှိတာ ငါတို့ ဆက်လုပ်မယ်” ဟု လှမ်း အားပေး၏။ ဘယ်သူမှန်းသိဖို့ ကျနော် လှည့်ကြည့်ဖို့အလုပ်မှာ ကျနော့်ပုခုံး တင်းကနဲဖြစ်သွားပြီး ဇက် နောက်ပြန်လှည့်မရအောင် ဖမ်းထိန်းလိုက်မှန်း ခံစားသိ သိလိုက်၏။ လှည့်ကြည့်လို့ မရသဖြင့် ဘယ်သူမှန်း မသိခဲ့။

ကျနော့်ဆိုင်နှင့် ရဲစခန်းသည် ကိုက် လေးရာခန့် ရှိလိမ့်မည်။ လျှောက်လာရင်း ဆိုင်နှင့် ကိုက်တရာလောက်ရောက်တော့မှ ဘေးက တယောက်က “အေးအေးဆေးဆေး လိုက်ခဲ့၊ မဟုတ်ရင် နာမယ်” ဟု နား နားကပ်လည်း ပြော၊ ဇက်ပိုးကော်လံစကိုလည်း ခတ်တင်းတင်း ဆွဲချလိုက်၏။ ကျနော် ဘာမှမပြော။ အသာပဲ နေလိုက်၏။ တဖြည်းဖြည်း လျှောက်လာကြရင်း လမ်းပေါ်မှာ တယောက်စကား တယောက်နားဖြင့် ဟိုနားက ကွက်ကြည့်ကွက်ကြည့်၊ ဒီနားက ကွက်ကြည့်ကွက်ကြည့်တွေ များများ လာ၏။ ကျနော့်ကို ဖမ်းလာသူတို့ကို ဘာမှ ပြန်မပြောမိသော်လည်း ချိုင်းထောက်ကို တင်းတင်းဆုပ်ပြီး ကိုယ်ကို ခတ်မတ်မတ် အနေအထားဖြင့် မှန်မှန်လျှောက်ရင်း ကြည့်နေသူတွေကို ပြန် ပြုံးပြဖြစ်၏။ ထိုအခိုက်အတန့် ကျနော့်စိတ်တွင်းဖြစ်နေသည်ကို အမှန်အတိုင်းပြောရလျှင် “ငါ့ကို လာဖမ်းတာ လူတွေ သိကုန်ကြပြီ” ဆိုပြီး ကျေနပ်နေမိသလိုလို၊ အဖမ်းခံရတာပဲ ပျော်စရာကောင်းနေ သလိုလို၊ ကိုယ့်ကိုယ်ကိုယ်လည်း သူရဲကောင်းလိုလို ဘာလိုလို၊ ထီမထင်စိတ်ကလေးကလည်း ကြွ နေမိသည်။ အမှန်က မကြာမီ ကြုံရတော့မည့်ကြမ္မာဆိုးကို ကြိုမသိခဲ့တာကြောင့် ထိုသို့ ဖြစ်ရသည်ကို နောက်မှ နားလည်တော့၏။

သို့နှင့် ကျနော်တို့ ရဲစခန်းထဲ ရောက်လာကြ၏။ စခန်းပေါက်ဝတွင် စစ်ရောင် တီ တူးသောင်ဇင် (T-2000) ကားတစီး ရပ်ထားတာကိုလည်း မြင်၏။ စခန်းမှူးရှေ့ရောက်တော့ သူ့မျက်နှာတွင် အမျိုးအမည် မကွဲသည့်အရိပ်တချို့ ဖြတ်ကနဲ ပေါ်လာပြီး ခတ်လျော့လျော့ အပြုံးတချက် လက်ကနဲ ပွင့်သည်ကို မြင်လိုက်မိသေး၏။ သူတို့ ကျနော့်ကို ဘာမှမပြောပဲ နောက်နားက အခန်းကျဉ်းလေးထဲ ခဏ ထည့်ထားကြ၏။ အခန်းကလေးမှနေ၍ အပြင်ကို လှမ်းမြင်နေရ၏။ ရဲစခန်းဝင်းရှေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တချို့ အပါအဝင် လူတချို့က ရပ်စောင့်နေကြတာကို မြင်ရ၏။ “ငါ့ဘက်မှာ လူတွေ ရှိနေကြပါလား” ဆိုသည့်အတွေးဖြင့် ကျနော် အတော်လည်း အားတက်မိ၏။ စခန်းမှူးနှင့် လာ ဖမ်းသူများလည်း စာရွက်တွေ ထုတ်လိုက်၊ ဖေါင်တွေ ဖြည့်လိုက်၊ လက်မှတ်တွေ ထိုးလိုက်နှင့် ကျနော်လည်း ဘုမသိဘမသိ ထိုင်သာ ကြည့်နေမိ၏။

ခဏနေတော့ အခန်းလေးထဲမှ ကျနော့်ကို လာထုတ်ကာ စခန်းမှူးရှေ့မှာ ထိုင်ခိုင်းပြီး လက်မှတ်ထိုးရမည့်နေရာတွေမှာ လက်မှတ်ထိုးခိုင်း၏။ ကျနော်က “ဘာဖြစ်လို့လဲ၊ ကျနော့်ကို ဖမ်းတာလား၊ ဘာဖြစ်လို့၊ ဘာပုဒ်မနဲ့ ဖမ်းတာလဲ” ဟု စခန်းမှူးကို မေးတော့ သူက “မောင်မျိုးမြင့် ရေ၊ ဆရာတို့လည်း တာဝန်အရ လုပ်ရတာပါ ကွာ၊ နောက်တော့ မင်းကို ရှင်းပြပါ့မယ်၊ အခုတော့ ဒီမှာ ထိုးကွာ” ဆိုပြီး စာရွက်တွေသာ တွန်းပေးနေ၏။ ကျနော်က “ရှင်းပြမယ်ဆိုတာ ဘယ်သူ ရှင်းပြမှာလဲ၊ ဦး လား၊ သူတို့ လား” ဆိုတော့ “မင်းကလည်း ကွာ၊ မင်းကို ဖမ်းတာ ငါတို့ မဟုတ်ပါဘူး၊ နောက်တော့ သိလာမှာပါ” ဆိုပြီး မရေမရာ ပြော၏။ ကျနော့်ကို ပြန် ဖြေသည့်အချိန်တွင် သူ ကျနော့်မျက်နှာကို တည့်တည့် မကြည့်။ မျက်လုံးကို တမင်လွှဲထားရမှန်းလည်း ထင်ရှားနေ၏။ ကျနော် သူ့ကို အားနာသလိုလိုလည်း စိတ်တွင် ဖြစ်မိ၏။ သူကား ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီးတွင် လူထုဘက်က ရပ်ခဲ့သူ။ ကျနော်တို့နှင့်အတူ ရပ်ရွာလုံခြုံရေးအတွက် ကင်းအတူ လှည့်ခဲ့သူ။ မဆလကို ဆန့်ကျင်ခဲ့သူ။ ခဏတဖြုတ် ပြည်သူ့ဘက်သား ဖြစ်ခဲ့ဖူးသူ။ နောက်ပြီး ကျနော့်အကိုကြီးနှင့် အထိုက်အလျှောက် သိကျွမ်းသူ။ သူ မျက်နှာပူနေမှန်း၊ အဖြေရကြပ်နေမှန်း ကျနော် ရိပ်မိလိုက်၏။ ထို့ကြောင့် ဘာမှ ဆက် မမေးတော့ပဲ “အင်းလေ၊ ဒါဆိုလည်း ပြီးတာပါပဲ” ဟု ဆိုကာ စာရွက်တွေပေါ်မှာ လက်မှတ်ထိုး ပေးလိုက်၏။

အားလုံးပြီးတော့မှ ကျနော်တို့နှင့် မလှမ်းမကမ်းတွင် လမ်းလျှောက်စကားပြောစက်ဖြင့် အသံခတ်အုပ်အုပ် သတင်းပို့နေသူထံကြည့်ပြီး “ပြီးပြီဆရာ၊ ကျနော်တို့ ခေါ်ထားရမှာလား” ဟု လှမ်းမေး၏။ ထိုသူက ခဏလေး ဆိုသည့်ဟန်ဖြင့် လက်ကာပြပြီး သူ့စက်ဖြင့် သူ အလုပ်ရှုပ်နေပြန်၏။ စခန်းမှူးက ကျနော့်ကို မကြည့်ပဲ “မင်း၊ ဘာ စားပြီးပြီလဲ၊ တခုခု စားမလား” ဟု မေးတော့ ကျနော်က “ရေတခွက် လောက်၊ နောက်ပြီး ဆေးလိပ်လည်း သောက်ချင်တယ်” ဆိုတော့ ရေအိုးကို လက်ညှိုး ထိုးပြကာ သူ့ရှေ့က ဆေးလိပ်ဗူးကို ထိုးပေး၏။ ကျနော်က အိပ်ထဲမှ ဆေးလိပ်ဗူးကို ပုတ်ပြပြီး ရေအိုးဆီ သွား၏။ ရေသောက်ရင်း အပြင်ကို မသိမသာ အကဲခတ်ကြည့်၏။ လူတွေက စောစောကထက်ပင် ပိုများလာသည်ကို တွေ့ရ၏။ အားလည်း ပို တက်လာမိသလို ဖြစ်နေ၏။ ဘယ်သူတွေမှန်း သေချာ သိချင် နေမိ၏။ တချို့ကို မှန်းကြည့်ပြီး ဘယ်သူဘယ်ဝါ ထင်သော်လည်း လူလုံးတော့ မကွဲ။ နည်းနည်း တိုးကြည့်လျှင် သိရမည် တွက်ပြီး ဆေးလိပ်မီးခြစ် ထုတ်ကာ စခန်းရှေ့ လှေကားထစ်များပေါ် နင်းလိုက်သည်ဆိုလျှင် “ကဲ၊ ဟေ့ကောင်။ ဆေးလိပ်နောက်မှ သောက်၊ အချိန် မရှိဘူး၊ သွားမယ်” ဆိုသံနှင့်အတူ ပခုံးပေါ် လက်တဘက် ခတ်ပြင်းပြင်း ကျလာ၏။ ကျနော် နောက် မလှည့်ခင်ကလေးမှာပဲ စခန်းပြင်က လူအုပ်ထဲ တချက် ကြည့်ဖြစ်အောင် ကြည့်မိလိုက်တော့ ရပ်ထားသည့် ဆိုက္ကားတစင်းပေါ်မှာ တင်ပါးလွှဲထိုင်ပြီး ကျနော့်ကို ကြည့်နေသည့် မောင်မောင်သင်ကို တွေ့လိုက်ရ၏။ ကျနော် လှမ်းကြည့်လိုက်တော့ မျက်နှာကို တဘက်သို့ ရုတ်ကနဲ လွှဲလိုက်၏။ ဘာလို့ပါလိမ့်ဆိုပြီး ကျနော့်စိတ်တွင်ဇဝေဇဝါ။ ကျန်သူတွေက လက်ပြနေချိန်မှာ သူက မျက်နှာ တဘက် လှည့်ထား၏။ ဘာလို့ပါလိမ့်၊ ဘာလို့ပါလိမ့်ဆိုသည့် မတင်မကျအတွေးနှင့်အတူ ကျနော့်စိတ်များ လေးလံနေခဲ့၏။

(ဆက်ရန်)

မျိုးမြင့်ချို
အတွေ့အကြုံ - သော့အိမ်က ရက်စွဲများ၊ လူများ၊ အတွေးစများ မျိုးမြင့်ချို - Mar 4 2012 12:59 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005