သော့အိမ်က ရက်စွဲများ၊ လူများ၊ အတွေးစများ (၁)
Myo Myint Cho Burma Soldier

“ဒီအတိုင်း ဆက်လုပ်နေလို့ကတော့ တနေ့နေ့ မင်း အဖမ်းခံရမှာ သေချာတယ်” ဟု သူငယ်ချင်းပြောသည့်နေ့ကား ရောက်လာလေပြီ။

ဇူလိုင်လ ၇ ရက် ၁၉၈၉ ခုနှစ်။ မင်္ဂလာဒုံမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ထောက်ကြန့်) ရုံးတွင် “မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ“ ဟူသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု၏ အစိတ်အပိုင်းတရပ်အနေနှင့် ဆဲဗင်န်းဂျူလိုင် (7 July) အခမ်းအနားတွင် အာဏာဖီဆန်ရေးလိုင်းကို တွန်းတင် ဟောပြောအပြီး ကျနော်ရုံးခန်းက ထွက်လာကတည်းက ကျနော့်နောက်မှ ထပ်ချပ်လိုက်လာသူ နှစ်ဦးကို သတိထားမိ၏။ ဟန်ကိုယ့်ဖို့ အနေအထားနှင့် ကျနော်လည်း ခတ်တင်းတင်း။ လူအများကြား ဝင်ဆွဲလျှင် ရုတ်ရုတ်ရက်ရက်ဖြစ်မည်ကို ရှောင်ချင်၍ သူတို့ဘက်ကလည်း ခတ်လျော့လျော့။ နောက်ဆုံး ကျနော့်ဆိုင်ကလေးကို ပြန် ရောက်လာ၏။ ဆိုင်ထဲတွင် ထိုင်နေသည့် အမေ၊ ကျနော့်နောက်က လိုက်လာသူတွေကို တွေ့တော့ မျက်စိမျက်နှာ ပျက်ချေပြီ။ ဘာမှတော့ မပြော။ ကျနော့်ကိုတလှည့်၊ သူတို့ကိုတလှည့် ကြည့်လိုက်ပြီးနောက် အမေ သဘောပေါက်သွားဟန် တူ၏။ ဘယ်မှ မကြည့်တော့ပဲ တွေတွေငေးငေး မျက်လုံးအစုံဖြင့် ရှိုးက့စ်ပေါ်က ဂက်စ်မီးခြစ်တွေကို မလိုအပ်ပဲ ဟိုရွှေ့သည်ရွှေ့ ရွှေ့နေ၏။ “ကျနော်တို့နဲ့ ခဏ လိုက်ခဲ့ပါ၊ မေးစရာလေး နည်းနည်း ရှိနေလို့” ဆိုပြီး ကျနော့်လက်ကို သူတို့ ဖမ်းဆွဲလိုက်ချိန်တွင် အမေက “မင်းတို့ သူ့ကို ဖမ်းတာလား၊ ဘာလုပ်မလို့လဲ” ဟု မေးပြီး ကျနော့်အင်္ကျီအိပ်ကပ်ထဲ ဆေးလိပ်ဗူးနှင့်မီးခြစ်ကို ထိုးထည့်၏။ တယောက်တည်း ပြောသလို တယောက်ယောက်ကို မေးသလိုဖြင့် “အဝတ်အစား အပိုလေး၊ ဘာလေး၊ ….” ဟု ဆို၏။ “ရပါတယ်၊ အန်တီ မပူပါနဲ့၊ ဟိုမှာလည်း ရှိပါတယ်၊ နောက်ပြီး မကြာပါဘူး၊ ကျနော်တို့ မေးစရာလေး မေးပြီး ပြန်လွှတ်ပေးမှာပါ၊ မပူပါနဲ့” ဆိုသည့်စကားက အမေ့ကို အတန်ငယ် စိတ် သက်သာရာရစေသလား မပြောတတ်။ “အေးလေ။ ဒါဆိုလည်း ခေါ်သွားပေါ့။ ကြာတော့ မကြာစေနဲ့နော်” ဟု ဆိုပ၏။ နှုတ်ကသာ “သူတို့မေးတာ ကောင်းကောင်းမွန်မွန် ပြန်ဖြေနော်၊ သား” ဟု ဆိုသော်လည်း လက်ကမူ ကျနော့်လက်တဘက်ကို ဆွဲထား၏။ “ဟုတ်ကဲ့ပါ” ဟု အမေ့ကို ပြန်ဖြေရင်း ဆွဲထားသည့်လက်ကို အသာ ပြန်သပ်ချလိုက်ချိန်တွင် အမေ့မျက်လုံးအိမ်မှ မျက်ရည်တပေါက် ပါးပြင်ပေါ် လိမ့်ဆင့်သွားသည်ကို မှတ်မှတ်ထင်ထင် မြင်ခဲ့၏။ အမှန်က ထိုမတိုင်မီကပင် ကျနော့်အတွက် အမေ့မျက်ရည် ဘယ်လောက် ကျနှင့်ပြီးခဲ့ပြီးသည်လဲဆိုတာကို သိဖို့ ကောင်းခဲ့၏။ အမှန်က ထိုမတိုင်မီကပင် ကျနော့်ကို သူတို့ဖမ်းခဲ့ဖို့ သင့်၏။

ထိုမတိုင်မီက ကျနော်က မြို့နယ်စည်းရုံးရေးကော်မတီဝင် ဖြစ်သလို မြို့နယ်လူငယ်အလုပ်အဖွဲ့တွင်လည်း တာဝန်ခံ (၃)။ မြို့နယ်လူကြီး အလုပ်အဖွဲ့တွင် ကိုကြည်ဝင်း (ဦးသန့်ဈာပနအရေးအခင်း ကျောင်းသားဟောင်း၊ နောက်ပိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမတ်၊ နောက်တော့ အမျိုးသားညီလာခံ တက်၊ အဆုံးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထွက်သွားသူ) တယောက်သာ နိုင်ငံရေးအခံလည်း ရှိသလို လုပ်တတ်ကိုင်တတ်ရှိသူလည်း ဖြစ်၏။ သူက အာဏာဖီဆန်ရေးလှုပ်ရှားမှုကို လက်မခံလိုသူ။ အကြောင်းပြချက်က အဖမ်းခံရမည်။ သူက ထောင်ကျဖူးသူမို့ “ထောင်ဆိုတာ ဘယ်လောက်ဆိုး“ ဆိုသည့်စကားဖြင့် အဖမ်းမခံ နိုင်ငံရေး။ သို့ဖြင့် အဖမ်းခံ နိုင်ငံရေးကို မလုပ်လိုသူက အများစု။ ထိုအများစုက သူ့နောက်တွင် ရှိ၏။ မြို့နယ် ဥက္ကဋ္ဌဖြစ်သူက စစ်ဗိုလ်လူထွက်။ ခတ်ရိုးရိုး၊ ခတ်အေးအေးသမား။ စကားလည်းနည်းပြီး ဗိုလ်မှူးဟုခေါ်လျှင် ကျေနပ်နေတတ်သူ။ ရုံးခန်း ဖွင့်ထားသည်ကလည်း စမ်းကြီးဝရှိ ကိုထင်ထွန်းမောင် နေအိမ်။ (နောက်ပိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမတ်၊ နောက်တော့ အမျိုးသားညီလာခံ တက်၊ အဆုံးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထွက်သွားသူ) သူလည်း စစ်ဗိုလ်လူထွက်။ နံမည်ကြီးမင်းသားတဦး၏ ယောက်ဖ၊ နောက်ပိုင်း နံမည်ကြီးလာမည့် မင်းသားလောင်းတဦး၏ ဖခင်။ သဘောကောင်း၊ မွန်ရည်ပြီး နိုင်ငံရေးတွင် ကိုကြည်ဝင်းနှင့်အတူ လိုက် ရပ်တတ်သူ။ ကိုကြည်ဝင်းက နိုင်ငံရေးအပါးဝသူဟု ဆိုရမလား နပ်သူ ဟုပြောရမလားတော့ မဆိုတတ်။ စစ်ဗိုလ်ဟောင်းများနှင့် အလွမ်းသင့်သလို ကျန်သူတွေနှင့်လည်း တည့်အောင်ပေါင်းပြီး မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား တစုံတရာ စေစားနိုင်၏။ လူငယ်အလုပ်အဖွဲ့ ဖွဲ့တော့လည်း သူ ဝင်ပြီး အကြံဉာဏ်ပေးခြင်းဖြင့် သူ့စကား မြေဝယ်မကျမည့်သူကို တာဝန်ခံဖြစ်အောင် စွမ်းနိုင်ခဲ့သည်ဟု ကျနော်က မြင်၏။ လူငယ်အလုပ်အဖွဲ့သည် သူ့အာဘော်နှင့် တထပ်တည်း ကျ၏။ ကျနော်အပါအဝင် လူငယ် တချို့က မကြိုက်။ မကြိုက်ပေမယ့် ဘာမှ လုပ် မရသေး။ သူ့အာဘော်ကို စစ်ဗိုလ်လူထွက်များကလည်း နှစ်သက်၏။ မြို့နယ် လူငယ်အလုပ်အဖွဲ့ အစည်းအဝေးများတွင် သူ တက်လာလေ့ရှိပြီး အကြံပေးသည်ဟု ဆိုကာ အာဘော်ဖန်တီးမှု လုပ်တတ်သည်ကို ကျနော်တို့က မကြိုက်။ သို့နှင့် လူငယ်အလုပ်အဖွဲ့အစည်းအဝေးတွင် လူကြီးများ တက်မလာရေး၊ လူငယ်များ လွတ်လွတ်လပ်လပ် လုပ်နိုင်ရေးကို တွေးရတော့သည်။ သည်တွင် ကျနော် မြို့နယ် လူကြီးအလုပ်အဖွဲ့မှ ထွက်ရန် စဉ်းစားရတော့၏။ ထွက်လည်း ထွက်လိုက်၏။

လူကြီးအလုပ်အဖွဲ့မှ ထွက်ပြီးနောက် လူငယ်ကိစ္စများကိုသာ ဇောင်ပေးလုပ်တော့၏။ ထောက်ကြန့်ရှိ လူငယ်အင်အားလည်း များလာ၏။ အတွေးအခေါ်နှင့် လုပ်ဟန်ပိုင်းတွင်လည်း မြို့နယ်လူငယ်များထက် ပို၍ တင်းတင်းရင်းရင်းလည်း ရှိလာ၏။ လူကြီး/လူငယ် အလုပ်အဖွဲ့ (ထောက်ကြန့်) လည်း ဖွဲ့စည်းဖြစ်ထွန်းလာ၏။ ကျနော့်ကိုလည်း ထောက်ကြန့်လူငယ်အလုပ်အဖွဲ့တွင် လူငယ်တာဝန်ခံအဖြစ် ရွေးချယ်လိုက် ကြ၏။ မြို့နယ် လူငယ်အလုပ်အဖွဲ့အပေါ် လွှမ်းမိုးနေသည့်အာဘော်များနှင့် အထိုက်အလျှောက် ကင်းကင်းရှင်းရှင်းလည်း ဖြစ်လာ၏။ ကိုယ်ပိုင်ရုံးခန်းလေးလည်း ဖြစ်လာ၏။ လူငယ်တွေ နိုင်ငံရေးစာပေ လေ့လာရေးအတွက်လည်း ကျနော်တို့ စာဖတ်ဝိုင်းက စာအုပ်များ အသုံးတည့်လာ၏။ ရုံးခန်းတွင်စာအုပ်ဘီရိုလေး တလုံးလည်း ဖြစ်လာ၏။ အလှည့်ကျ ရုံးထိုင်စနစ်နှင့် ရုံးခန်းလေးတွင် လူ မပြတ်တတ်။ ဒါကို မြို့နယ် လူငယ်ရော၊ လူကြီးကပါ သိတ် မကြိုက်။ မကြိုက်လည်း မတတ်နိုင် သဘောထားပြီး လုပ်စရာရှိသည်များသာ လုပ်နေခဲ့၏။ ဤတွင် မြို့နယ်မှ လူတချို့က ကျနော့်ကို ထောင်စော်နံပြီး ဗကပလေသံ ထွက်သည်ဟု ဆိုကြတော့၏။

သည်တော့မှ အခုနပြောခဲ့သည့် အာဏာဖီဆန်ရေးကိစ္စကို ပြန် တွန်းတင်ရ၏။ ထောက်ကြန့်လူငယ်အလုပ်အဖွဲ့ မဖွဲ့နိုင်သေးခင်ကတည်းက မြို့နယ် လူငယ်အစည်းအဝေးများတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို အကြိမ်ကြိမ် တင်ဖူး၏။ တင်တိုင်း အပယ်ခံရ၏။ သို့သော် ကျနော် မလျှော့။ အခွင့်သင့်တိုင်း ထပ် ထပ် တင်၏။ မကျ။ ပထမ ကျနော်တွေးမိသည်က ထောက်ကြန့်လူငယ်အားနှင့် မြို့နယ်လူငယ်အလုပ်အဖွဲ့တွင် အာဏာဖီဆန်ရေးလိုင်း ကျအောင် လုပ်ယူရေး။ မဖြစ်နိုင်ခဲ့။ မြို့နယ်လူငယ်အလုပ်အဖွဲ့ကို ကျနော်တို့ မစီးနိုင်။ ခုတော့ ကိုယ့်အလုပ်အဖွဲ့လေးလည်း ရှိလာပြီ။ ဗဟိုက ချနေသည့်လိုင်းကို မြို့နယ်၏သြဇာကို ပယ်လှန်ပြီး ကျနော်တို့ကိုယ်တိုင် ဝင်ပါရေးပဲ ဖြစ်လာခဲ့ပြီ။ ထောက်ကြန့် လူကြီးအလုပ်အဖွဲ့ကလည်း မကန့်ကွက်။

သည်တော့မှ ကျနော် တိုင်းလူငယ်၊ ဗဟိုလူငယ်အလုပ်အဖွဲ့တွေနှင့် တွေ့ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုအတွက် မြို့နယ်ကို ထားခဲ့ပြီး ကျနော်တို့ဆီက စ,မည်ဖြစ်ကြောင်း ဆွေးနွေးရ၏။ သဘောတူကြ၏။ မြို့နယ်က လူကြီး/လူငယ်တွေကတော့ မကြည်ကြ။ သူတို့ပြောသလို ထောင်စော်နံလာသည့် ကျနော့်အနားလည်း သိတ် မကပ်ကြ။ ဤအတောအတွင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့် ထပ် တွေ့ဖြစ်၏။ မြို့နယ် အခြေအနေ၊ ထောက်ကြန့် အခြေအနေနှင့် ကျနော်တို့ ပြင်ဆင်ထားမှုများကို ရှင်းလင်းတင်ပြပြီး အားပေးစကားနှင့် သဘောတူညီမှုကိုလည်း ရခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်က ကျနော် ဖတ်ရှုလေ့လာရန် ပေးထားသည့် ဒု ဗိုလ်မှူးကြီးဟောင်း ကြည်ဆွေ ပြုစုသည့် အာဏာရှင်ကြီး၏အတွင်းရေးများ စာအုပ်ကလေးကိုလည်း ပြန် ပေးဖြစ်ခဲ့၏။ ထိုတကြိမ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျနော် နောက်ဆုံး တွေ့ဆုံခဲ့သည့် အကြိမ်လည်း ဖြစ်၏။ ၁၉၈၉ ခုနှစ် ဇွန်လ အလယ်ပိုင်းလောက်ဖြစ်မည် ထင်၏။ ရက်ကို သေသေချာချာ မမှတ်မိတော့။

(ဆက်ရန်)

မျိုးမြင့်ချို
အတွေ့အကြုံ - သော့အိမ်က ရက်စွဲများ၊ လူများ၊ အတွေးစများ မျိုးမြင့်ချို - Feb 29 2012 11:30 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005