သော့အိမ်က ရက်စွဲများ၊ လူများ၊ အတွေးစများ (မိတ်ဆက်အဖွင့်)
Myo Myint Cho Burma Soldier

ရှေးစကား ရှိ၏။
အကျဉ်းထောင်၊ တရားရုံး၊
သချိုံင်းကုန်းနှင့် ဆေးရုံတို့သည်
လူ မစည်ကားအပ်သည့် အရပ်များ အဖြစ်။
ကျနော်တို့ခေတ်တွင် ထိုအရပ်တို့ကား ကျီးနှင့်ဖုတ်ဖုတ် တခါဖူးမှ မရှိခဲ့။ ကျောင်းစိမ်းဝတ်မှသည် ပါမောက္ခချုပ် အထိ။
လက်လုပ်လက်စားမှ သည် သူကြွယ်သား အထိ။ နုပျိုရွယ်မှသည် သက်ကြားအို အထိ။ အတန်းစုံ အလွှာစုံ၏။ အရွယ်စုံ ဘဝစုံ၏။ အသိစုံ အတတ်စုံ၏။ အတွေးစုံ အမြင်စုံ၏။ အစုံလိုက် အစုံလိုက်ရှိနေသည် မှန်သော်လည်း ဆုံချက်ကတခုတည်းတွင် စုစုဆုံဆုံသာ ဖြစ်ကြ၏။

ရှေးလူတို့ ဆို၏။
တရားမင်းတို့ စိုးစံချိန်တွင်
ထိုအရပ်တို့ သွေ့ခြောက် ဆိတ်ညံ၏။
လူသွမ်းတို့လက် ဓါးထက်သည့်အခါ
ထိုအရပ်တို့ ကြက်ပျံမကျ။
ကျနော်ကား တရားမင်းများနှင့် ကြုံဖူးသူ မဟုတ်ပါ။ ထို့ကြောင့် ခြင်းထဲဝင် ပျံဖူးသည့်ကြက် ဖြစ်ရ၏။ ဂုတ်ပေါ် မိုးထားသည့် ဓါး ဇက်ပေါ် မကျပဲ၊ ဘဝပေါ်ကျသဖြင့် အထိအရှမရှိဟုတော့ ပြောလို့ မဖြစ် ထင်၏။ အသားပေါ်တင်မက အသွေးထဲအထိပါ ရှိနေဆဲ အနာတရများ၊ အထီးကျန် နှစ်များ၊ မျက်ရည်များ၊ တောက်ခေါက်သံများ၊ မချိတင်ကဲများ၊ အားတင်းအပြုံးများ၊ မချိမဆန့်များ၊ ခြောက်အိပ်မက်များ၊ စုံးတောက်ချိန်များ၊ ပိန်းပိတ်မှောင် ညများ၊ အဆိပ်သင့် နာရီများနှင့် ယဉ်ပါးခဲ့ဖူး၏။ ကိုယ်တိုင်ရွေးချယ်မှု၏ ခါးသီးဖွယ်ဖြစ်စဉ်တွင် လိမ့်ဆင်း မျောပါရင်း အလိုက်သင့် မဖြစ်ခဲ့သည့် သက္ကရာဇ်များသည် ပစ္စုပ္ပန်တိုင် သက်ဝင်နေဆဲပင် ဖြစ်နေသေး၏။

“ချက်” ကဗျာဆရာ ဂျူလိယက်ဖူးချစ်က ဆို၏။
“ထောင် ဆိုတာ
အမှောင်ခေတ်မှာ
သူရဲကောင်းတို့ရဲ့ ပြတိုက်
အာဏာရှင်တို့ရဲ့ ယာဇ်ပလ္လင်” ဟု။
ကျနော်တို့သည် အမှောင်ခေတ်တွင် ဖြစ်လာသည့် လူများ။ သူရဲကောင်းဖြစ်စေ စိတ်ဖြင့် ယာဇ်ပလ္လင်ထက် တက်ခဲ့သူများ မဟုတ်ခဲ့ကြသည်မှာ မှောက်မှောက်မှားမှား ဖြစ်စရာမရှိ။ ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် ထွန်းညှိ၍ ကိုယ့်အလင်းဖြင့် လင်းချင်သူများ။ သို့သော် ကျနော်တို့ ထို ပြတိုက်သို့ ဝင်ခဲ့ကြ၊ ထွက်ခဲ့ကြ၏။ နံရံအိုကို ဦးခေါင်းဖြင့်တိုက်ကာ ကူဖြိုခဲ့ကြ၏။ သော့အိမ်၏ ဆူးလိမ်ကြိုးများကို အသက်တာ၏ နုပျိုခြင်းများဖြင့် အလဲအထပ် ပြုခဲ့ကြ၏။ အလောင်းအအစား မဟုတ်။ စွန့်စားကြည့်ခြင်း မဟုတ်။ မှိုနှင့် မျှစ်ကို စားချင်၍ ကျဉ်တုတ်ခံဝံ့ခြင်းသာ ဖြစ်၏။

ဗန်းမော်တင်အောင်က ဆို၏။
“လူတယောက်ရဲ့ တန်ဖိုးဆိုတာ
သူ ဖြတ်သန်းနေတဲ့ခေတ်က
သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့
သမိုင်းပေးတာဝန်ကို
ဘယ်လောက် ကျေပြွန်သလဲဆိုတာနဲ့ တိုင်းရမယ်” ဟု။
ကျနော်တို့လည်း ကျနော်တို့ခေတ်ပြိုင်များနှင့်အတူ ခေတ်ကို ဖြတ်သန်းကြ၏။ ကျနော်တို့က ခေတ်ဝန်ကို စွမ်းသမျှ ထမ်းနေချိန်တွင် ရက်ဘတ်တ္တလာများက ဟားတိုက် ရယ်မောခဲ့ကြ၏။ ကျနော်တို့က ပေမီဒေါက်မီတော့ ဖြစ်ချင်မှ ဖြစ်လိမ့်မည်။ သို့သော် အတိုင်းမခံဝံ့သူများ မဟုတ်ကြ။

ခုတော့ ညီအစ်ကို မသိတသိချိန်လည်း လွန်ပြီ။ နွားရိုင်းသွင်းချိန်လည်း ကုန်ပြီ။ လူလုံးလည်း ကွဲလောက်ပြီ ထင်၏။ ကောက်ကာငင်ကာ မိတ်ဆွေများနှင့် ကောက်ကာငင်ကာ ရန်သူများလည်း ကိုယ့်လမ်းကိုယ် သွားကြပြီ။

မိတ်ဆွေတဦးက ထောင်အတွေ့အကြုံတွေ ရေးပေးပါဟုဆိုတော့ စိတ်နားချိန်၊ စိတ်အားချိန်နှင့် စိတ်သန့်ချိန်မို့ ရေးမည်ဟု စကားပြန်လိုက်၏။ အကျဉ်းထောင်မှနေ့တွေကို စွဲသည့် ရက်စွဲများ၊ ကြုံခဲ့ဆုံခဲ့ရလူများ၊ ထိရှ ပွန်းပါးခံစားမှုများ၊ ဟိုတစဒီတစ အတွေးစများအား တတ်နိုင်သလောက် စေ့စေ့တွေးပြီး ရေးရေးထင်သရွေ့ ရေးမည်ဟု စိတ်တွင် တေးထားလိုက်၏။

(ဆက်ရန်)

မျိုးမြင့်ချို
အတွေ့အကြုံ - သော့အိမ်က ရက်စွဲများ၊ လူများ၊ အတွေးစများ မျိုးမြင့်ချို - Feb 22 2012 06:03 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မျိုးမြင့်ချို ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005