ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗာဂျီးနီးယား တက်ခ် တက္ကသိုလ် ကျောင်းသားများ ဆက်သွယ် စကားပြောခြင်း (၂)
Screenshot - DASSK meets Virginia Tech Students

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗာဂျီးနီးယား တက်ခ် (Virginia Tech) တက္ကသိုလ် ကျောင်းသားများ ဆက်သွယ် မေးမြန်မှု (ယူကျူ့)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ နာမည်ကြီးတက္ကသိုလ် တခုဖြစ်တဲ့ ဗာဂျီးနီးယား တက်ခ် (Virginia Tech) တက္ကသိုလ်က ကျောင်းသားတွေကို စကိုဒ်(ပ်) (Skype) ကနေတဆင့် ဒီဇင်ဘာလ (၅) ရက်နေ့တုန်းက ဆက်သွယ် စကားပြောခဲ့ပါတယ်။ ဒီမိုကရေစီလှုပ်ရှားသူခေါင်းဆောင် မြန်မာအမျိုးသမီးတဦးကို ကမ္ဘာတဘက်ခြမ်းက မျိုးဆက်သစ်လူငယ်တွေ လေးစားချစ်ခင်စွာနဲ့  တွေ့ဆုံမေးမြန်းနေကြတာကို မြင်ရတာ အင်မတန်မှ စိတ်ကြည်နူးစရာ ပါ။ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ကမ္ဘာကျော်ခေါင်းဆောင်တွေ အများကြီး ရှိပေမယ့် လူငယ်ထုအပေါ် လွှမ်းမိုးနိုင်စွမ်းရှိမှုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူမှ မမှီကြဘူးလို့  ထင်ပါတယ်။

ကျောင်းသားပေါင်း သုံးထောင်ကျော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့  စကားပြောခွင့်ရဖို့ စိတ်လှုပ်ရှားနေခဲ့ကြပြီး၊ စကိုဒ်(ပ်) (Skype) ကနေ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပေါ်လာတာနဲ့  တပြိုင်နက် “အောင်ဆန်းစုကြည်” “အောင်ဆန်းစုကြည်” ဆိုပြီး ကြွေးကြော်သံတွေနဲ့  ကြိုဆိုခဲ့ကြပါတယ်။ အသေးစိပ်ကို ယူကျူ့မှာ ကြည့်ရှုနိုင်ပါတယ်။ ၄၅ မိနစ်လောက် ကြာမြင့်တဲ့ ဆက်သွယ်ဆွေးနွေးမှု မှာ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားတွေရဲ့ မေးခွန်းတွေကို ရီရီမောမောနဲ့  ဖြေကြားပေးရင်း၊ မြန်မာကျောင်းသားတွေကို ပညာသင်ဆုတွေ ပေးဖို့၊ နာမည်ကြီး ပါမောက္ခတွေကို မြန်မာပြည်စေလွှတ်ပြီး ပညာသင်ကြားပေးဖို့  တောင်းဆိုလိုက်ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားတွေရဲ့ အမေးအဖြေ ဒုတိယပိုင်းကို ဆက်လက် ဖော်ပြလိုက်ပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖေ (ဗိုလ်ချုပ်အောင်ဆန်း) လုပ်ကြံခံရမှု က နိုင်ငံရေးလှုပ်ရှားဖို့  ဘယ်လိုတွန်းအားတွေ ပေးခဲ့ပါသလဲ။

ဖြေ။ ။ အဖေ့ကို လုပ်ကြံခံရသူတဦးလို့ ကျွန်မ မမြင်ပါဘူး။ အများကောင်းကျိုးအတွက် သူ့ဘ၀ကို အကောင်းဆုံး အသုံးပြုပြီး နေထိုင်သွားတဲ့သူလို့ပဲ မြင်ပါတယ်။ နောက်ပြီး အဖေ့ကို လုပ်ကြံတဲ့သူတွေကို တရားစီရင်ရာမှာ လက်လွတ်စပယ် စီရင်တာ မဟုတ်ပဲ၊ သူတို့ ရသင့်တဲ့ အခွင့်အရေးတွေကို ပေးပြီး ဥပဒေဘောင်ထဲကနေ ကြားနာ စီစစ်ပြီးမှ စီရင်ချက်ချခဲ့တာမို့ သူတို့အတွက်လဲ ကျွန်မ ကျေနပ်ပါတယ်။ အဖေ့သေဆုံးမှုကြောင့် ဘယ်သူ့ကိုမှ ဥပဒေမဲ့ ဒုက္ခမရောက်စေချင်ပါဘူး။

မေး။ ။ ဘယ်အချိန်တုန်းက စပြီး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါသလဲ။

ဖြေ။ ။ တိုင်းပြည်က လိုအပ်လာတဲ့ အချိန်မှာ တာဝန်ယူမယ်ဆိုတဲ့ စိတ်နဲ့  ကြီးပြင်းလာခဲ့တာပါ။ ၁၉၈၈ လူထုအုံကြွမှုဖြစ်တဲ့အချိန်မှာ ပါဝင်လှုပ်ရှားဖို့ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လို့ ယုံကြည်ပြီး ကျွန်မ စတင်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

မေး။ ။ ကျွန်တော် မြန်မာပြည်မှာ ဆဋ္ဌမတန်းအထိ ပညာသင်ကြားခဲ့ပါတယ်။ ပြည်တွင်းက ပညာရေးဌာနတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေနဲ့  ခြစားနေတာကို ဘယ်လို ကိုင်တွယ် ဖြေရှင်းသွားဖို့ အစီအစဉ်ရှိပါသလဲ ခင်ဗျာ။

ဖြေ။ ။ လာဘ်စားမှုပြဿနာတွေဟာ တော်တော် အချိန်ယူပြီး ဖြေရှင်းရမယ့်ပြဿနာ ပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေဟာ နှစ်ပေါင်းများစွာ လာဘ်ပေးလာဘ်ယူမှုတွေနဲ့  နေလာခဲ့တာ ကြာလွန်းလို့  အဲဒီလိုလုပ်တာကို လုပ်ရိုးလုပ်စဉ်တခုလို့ ပဲ ယူဆနေကြလို့ ပါ။ ဥပဒေတွေ ပြောင်းပြီး လာဘ်စားသူတွေကို အရေးယူခြင်း ဒါမှမဟုတ် ဆရာ၊ ဆရာမတွေကို လစားတိုးပေးခြင်းနဲ့ တင် မလုံလောက်ပါဘူး။ လူတွေရဲ့  အကျင့်စရိုက်၊ လာဘ်ပေးလာဘ်ယူမှုအပေါ် ထားတဲ့ အမြင်တွေကို ပြင်ဆင်ပြီး ဘက်ပေါင်းစုံက လုပ်ကိုင်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ ပညာသင်နေတဲ့ ကျောင်းသားအနေနဲ့ ဒီကိစ္စမှာ ပူးပေါင်း ပါဝင် လုပ်ကိုင်ဖို့ တိုက်တွန်းပါတယ်။

မေး။ ။ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်က လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဘာတွေ အရင်ဆုံး လုပ်သွားဖို့  အစီအစဉ် ရှိပါသလဲ။

ဖြေ။ ။ ပထမဆုံး ဆောင်ရွက်မှာကတော့ လွတ်တော်မှာ ပြည်သူတွေအတွက် အကျိုးရှိမယ့် အဆိုတွေ တင်သွင်းသွားဖို့ ပါ။ ကျွန်မတို့  ဦးစားပေးဆောင်ရွက်ချင်တာကတော့ ပညာရေးနဲ့  ကျန်းမာရေးလုပ်ငန်းတွေ တိုးတက်ဖို့ ပါ။ နောက်ပြီး တရားဥပဒေစိုးမိုးရေးကလည်း မုချပါရပါလိမ့်မယ်။ တရားဥပဒေစိုးမိုးမှု မရှိသရွေ့ မတရား ဖမ်းဆီးချုပ်နှောင်မှုတွေ ဆက်လက် ရှိနေနိုင်သေးလို့ လူတွေလဲ လုံခြုံစိတ်ချစွာနေရမှာ မဟုတ်ပါဘူး။

မေး။ ။ မြန်မာပြည်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကိုယ်ချင်းစာ နားလည်မိပါတယ်။ ကျွန်တော်တို့ ဘယ်လို ပါဝင် ကူညီနိုင်ပါသလဲ ခင်ဗျာ။

ဖြေ။ ။ စောစောပိုင်းက အဲဒီဘက်မှာ စက်ပိုင်းဆိုင်ရာ အခက်အခဲရှိတာ မြင်ရတော့ ငါတို့  မြန်မာပြည်က နည်းပညာပိုင်းဆိုင်ရာ အမေရိကားနဲ့  သိပ်မကွာပါလားလို့ တွေးပြီး ကျွန်မ ၀မ်းသာမိနေတာ။ (ရယ်မောလျှက်) အခုလို ဆက်သွယ်မေးမြန်းမှုလုပ်တာကလဲ ကူညီမှုတခုပါ ပဲ။ မြန်မာပြည်အကြောင်းကို ပိုမို သိရှိအောင် ကြိုးစားစေချင်ပါတယ်။ ကျွန်မတို့ကို ကူညီနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် ပညာရေးပိုင်းဆိုင်ရာ ကူညီမှုတွေ ပေးစေချင်ပါတယ်။ မြန်မာကျောင်းသားတွေကို ပညာသင်ဆုများများ ပေးပါ၊ အရည်အချင်းရှိတဲ့ ဆရာတွေကို မြန်မာပြည်က ကျောင်းတွေဆီ ပို့ပေးပါ။

မေး။ ။ ကျွန်တော့်မိဘတွေ မြန်မာပြည်ကို သွားလည်ဖို့ ရှိပါတယ်။ အမေက ကျွန်တော့်ကို ဖုန်းဆက်ပြီးတော့ မြန်မာပြည်အတွင်းက နိုင်ငံခြားသားခရီးသွားလာရေးအခြေအနေအကြောင်း မေးပေးဖို့ ပြောလာပါတယ် ခင်ဗျာ။

ဖြေ။ ။ နိုင်ငံခြားသားတွေ လာရောက် လည်ပတ်တာကို ကြိုဆိုပါတယ်။ အထူးသဖြင့် မဖွံ့ဖြိုးသေးတဲ့ တိုင်းရင်းသားဒေသတွေမှာ ဒေသခံတွေ (အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေ) စီးပွားရေး ဖွံ့ဖြိုးလာစေမယ့် ခရီးသွားလာရေးလုပ်ငန်းမျိုးကို ပိုပြီး အားပေးပါတယ်။ မိဘတွေကို မြန်မာပြည် ရောက်ခဲ့ရင် ကျွန်မဆီ စာရေးဖို့ ပြောလိုက်ပါဦး။

မေး။ ။ နိုင်ငံရေးလှုပ်ရှားမှုတွေ မှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရမယ်ဆိုရင် တိုင်းပြည်အတွက် ပိုပြီး အကျိုးရှိမယ် ထင်ပါသလား။

ဖြေ။ ။ ဘယ်ကဏ္ဍမှာမဆို အမျိုးသမီးတွေကို ပိုမို ပါဝင်ခွင့်ပြုမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာလေးတခု ဖြစ်လာမှာပါ။ (လက်ခုပ်သြဘာသံများ) မြန်မာပြည်တွင်းက နိုင်ငံရေးလှုပ်ရှားမှုတွေမှာလဲ အမျိုးသမီးတွေ ပိုမို ပါဝင်လာစေဖို့  ကျွန်မ ကြိုးစားနေပါတယ်။ အားလုံးသိတဲ့အတိုင်း မကြာသေးမီက ကျွန်မ ဟီလာရီကလင်တန်နဲ့  တွေ့ ဆုံခဲ့ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာ သူ့လို အမျိုးသမီးတဦး ပါဝင် တာဝန်ယူနေတာကြည့်ပြီး ကျွန်မ အင်မတန် ၀မ်းသာ ဂုဏ်ယူမိပါတယ်။

မေး။ ။ တရုတ်နိုင်ငံရဲ့ ၀င်ရောက်စွက်ဖက်မှုတွေကြောင့် မြန်မာ့ဒီမိုကရေစီအရေး နှောင့်နှေး ကြန့်ကြာနေတယ်လို့  တချို့က ဆိုပါတယ်။ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး ကို ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ တရုတ်နဲ့ မြန်မာဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့အတွက် ရင်းနှီးချစ်ကြည်မှုရှိခဲ့တဲ့ အစဉ်အလာတွေ ရှိပါတယ်။ တရုတ်နိုင်ငံရဲ့အရေးကို မြန်မာဘက်က ထောက်ခံခဲ့တာတွေလဲ ရှိပါတယ်။ ၁၉၅၀ ခုနှစ်ပိုင်းမှာ တရုတ်နိုင်ငံက ကွန်မြူနစ်အုပ်ချုပ်ရေးစနစ်ကနေပြီး ဒီမိုကရေစီ စနစ်ကို ကူးပြောင်းတဲ့ကာလမှာ တရုတ်ကို ပထမဆုံး ထောက်ခံခဲ့တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် မတူညီကွဲပြားမှုတွေ ရှိပေမယ့် တရုတ်နဲ့ မြန်မာက အိမ်နီးချင်းကောင်းတွေ အဖြစ် ဆက်လက်ရပ်တည်သွားကြရဦးမှာ ဖြစ်ပြီး၊ တဦးကိုတဦး ဥပေက္ခာပြုလို့  မရပါဘူး။

မေး။ ။ အမျိုးသမီးတဦးအနေနဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေထဲမှာ ဘယ်အရာက အရေးအကြီးဆုံးဖြစ်တယ်ဆိုတာ သိပါရစေ။ နောက်ပြီး အမျိုးသမီးတွေကို ဘယ်လို အကြံများ ပေးချင်ပါသလဲ။

ဖြေ။ ။ အောက်စဖို့ဒ် တက္ကသိုလ်မှာ ပညာသင်ရတဲ့အတွေ့အကြုံက ကျွန်မဘ၀အတွက် အရေးကြီးဆုံး အတွေ့အကြုံတခု ပါ ပဲ။ ကျောင်းသားဘ၀ရဲ့ ပျော်ရွင်မှုတွေ၊ ပညာသင်ကြားခွင့်ရမှုတွေနဲ့ ကျွန်မကြုံတွေ့ခဲ့ရပါတယ်။ နေအိမ်အကျယ်ချုပ်ဘ၀ တယောက်တည်း နေခဲ့ရစဉ်မှာ ကျောင်းတုန်းက အဖြစ်အပျက်တွေကို ပြန် တွေးမိလိုက်ရင်တောင် ကျွန်မကို စိတ်ခွန်အားတက်ကြွစေခဲ့ပါတယ်။ ဒါကြောင့် ကျောင်းသားဘ၀ကို အကျိုးရှိရှိ အသုံးချဖို့ ၊ မဖြုန်းတီးပစ်ဖို့ အကြံပေးချင်ပါတယ်။

မေး။ ။ နေအိမ်အကျယ်ချုပ်ဘ၀နဲ့  နှစ်တွေ အကြာကြီးနေခဲ့ရတဲ့ ကာလတွေကို ဘယ်လိုနည်းနဲ့  ရင်ဆိုင် ဖြတ်သန်းခဲ့ရပြီး၊ မြန်မာ့အနာဂတ်အတွက် ယုံကြည်ချက်တွေကို ဆက်ပြီး ခိုင်မာနေစေခဲ့သလဲ ဆိုတာ သိပါစေ။

ဖြေ။ ။ နေအိမ်အကျယ်ချုပ်ဘ၀က ထင်သလောက် မဆိုးလှပါဘူး။ (ရယ်မောလျှက်) ကိုယ့်နေအိမ်အတွင်းမှာမဟုတ်ပဲ ထောင်ထဲမှာ အကျဉ်းကျနေရတဲ့ နိုင်ငံရေးသမားတွေထက်စာရင် ကျွန်မကမှ သက်တောင့်သက်သာ နေရပါသေးတယ်။ ကောင်းတဲ့ဘက်က ကြည့်ရရင် နေအိမ်အကျယ်ချုပ်ဘ၀မှာ ကျွန်မ အနားရပြီး ဖတ်ချင်တဲ့ စာအုပ်တွေကို ဖတ်ဖို့ အချိန်ရပါတယ်။ အခုလို ပြန်လည် လွတ်မြောက်လာတဲ့ အချိန်မှာတော့ လုပ်စရာတွေ များလွန်းတဲ့အတွက် အေးအေးဆေးဆေး စာဖတ်ချိန် မရှိတော့ပါဘူး။ နောက်ပြီး ၁၅ နှစ်လောက် တယောက်တည်း နေခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပိုပြီး နားလည်လာစေတယ်၊ ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့က ဘ၀မှာ အရေးကြီးဆုံးအချက်လို့  ကျွန်မ ယုံပါတယ်။ အဲဒီလို သဘောပေါက်လာခဲ့တဲ့အတွက်လဲ ဒီကနေ့  ကျွန်မ လုပ်စရာရှိတာတွေကို လုပ်ကိုင်နေနိုင်တာ ဖြစ်တယ်။ ဒါကြောင့် ကျွန်မကို နေအိမ်အကျယ်ချုပ်သာ မထားခဲ့ရင် ဒီလို လုပ်ကိုင်နိုင်ဖို့  အရည်အချင်းတွေ ရှိလာမှာ မဟုတ်ဘူးလို့  ထင်ပါတယ်။

မေး။ ။ ကမ္ဘာတ၀ှမ်းက လူတွေ အနေနဲ့  မြန်မာ့အရေးကို ဘယ်လို ပါဝင် ကူညီနိုင်ပါသလဲ။

ဖြေ။ ။ ကမ္ဘာအရပ်ရပ်က လူသားတွေအနေနဲ့  ဘယ်လောက်ပဲ ဝေးတဲ့ နေရာက ဖြစ်ပါစေ၊ ကိုယ့်ရဲ့ အကူအညီ လိုအပ်လာတဲ့သူတွေကို အမြဲတမ်း တတ်နိုင်သလောက် ကူညီသွားဖို့ အရေးကြီးတဲ့ အကြောင်း ပြောချင်ပါတယ်။ ကျွန်မစိတ်ထဲမှာ မြန်မာ့အရေးကို ကမ္ဘာက မေ့ပျောက်သွားပြီလို့  တွေးလိုက်မိတဲ့အခါတိုင်း ကမ္ဘာ့နေရာလေးတခုခုကနေ ကျွန်မတို့နဲ့  သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေ လုပ်ပေးတာကို ကြားသိရတဲ့အခါမှာ စိတ်ဓာတ် ပြန်လည် တက်ကြွခဲ့ရဖူးပါတယ်။ ဒါကြောင့် မြန်မာ့အရေးနဲ့  ကျွန်မတို့ရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် သိရှိနေခြင်းနဲ့လည်း ကျွန်မတို့ကို ကူညီရာရောက်စေပါတယ်။

အဆိုပါ ဆက်သွယ်မေးမြန်းမှုမှာ ကျောင်းသားတွေ မေးမြန်းတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ပြန် ဖြေလိုက်တိုင်း ၀မ်းသာအားရ လက်ခုပ်သြဘာတီးပြီး အားပေးကြတာကို တွေ့ရပါတယ်။ အဲဒီလို မေးခွန်းတွေ မေးမြန်း ဖြေဆိုပြီးသွားတဲ့အခါမှာတော့ ကျောင်းသားပေါင်း သုံးထောင်က “အောင်ဆန်းစုကြည်” “ဒီမိုကရေစီ” စသည်ဖြင့် တခဲနက် ကြွေးကျော်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါတယ်။

(စက်ပိုင်းဆိုင်ရာ အခက်အခဲကြောင့် အချို့အဖြေတွေ မပြည့်မစုံ ဖြစ်ခဲ့တဲ့အတွက် အမေးအဖြေတချို့ကို ချန်လှပ်ထားခဲ့ရပါတယ်။)

မစုဉာဏ်
ဘာသာပြန် - ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗာဂျီးနီးယား တက်ခ် တက္ကသိုလ် ကျောင်းသားများ ဆက်သွယ် စကားပြောခြင်း မစုဉာဏ် - Feb 22 2012 12:36 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
မစုဉာဏ် ရဲ့ ဆောင်းပါးများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005