အမှန်မြင် နှလုံးသား
Kan Htun Thit

ကံထွန်းသစ် - အမှန်မြင် နှလုံးသား (သရုပ်ဖော် - မြင့်လှိုင်)

“ဒီအပင်လေးကပဲ အရင်ဆုံး ရော်ရွက်ဝေခဲ့ပါလား” ဟု တီးတိုးရေရွတ်လိုက်မိသည်၊ တပင်လုံး ၀ါနေသော အဲ…. နီနေသော မေပယ်လ်ပင်လေး၊ သတိထားမိသည်မှာ မနှစ်ကလည်း အဦးဆုံး ရော်ရွက် ဝေခဲ့သည်။ ယခုလို မတွေ့ဖူးလျှင် ပင်လုံးကျွတ် ပွင့်နေသကဲ့သို့၊ အ၀ါမပီ အနီမကျ ရော်ရွက်တို့ ဖုံးလျက်၊ ပင်ခြေတ၀ိုက် မြက်ခင်းစိမ်းစိမ်းပေါ်တွင်လည်း နီဝါရောင် ကော်ဇော ခင်းသည်သို့၊

“သစ်ရွက်ရော်ရည် ဣန္ဒနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ချယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား.....” တပိုင်းတစ ရနေသေးသော အင်းဝခေတ်စာဆို ရှင်ဥတ္တမကျော်၏ ကဗျာလေး နှုတ်မှာ စီးခိုလာသည်၊ သိင်္ဂီတ၀က် မြတ၀က် ပေါ့။ အနီတချို့ အစိမ်းတ၀က် တင့်ဖက်လေသည့် အလှ၊ သည်အလှမျိုးကို မြင်ကာ အရှင် ဖွဲ့ခဲ့လေသည် ထင့်။ နောက်ပြီး ရဂုံမြိုင်တွင်း တောလုံးလင်းသား တဲ့။ မကြာမှီ Clarke Square ဥယာဉ်လေးတခုလုံး အစိမ်းရောင်ကွယ်ကာ အ၀ါရောင် လွှမ်းတော့မည်။ ထိုအခါ ကြည့်လေရာရာသည် တောလုံးလင်းလျှက်။

ရွက်ကြွေပြီးလျှင် အမိမြေမှာတော့ ပူပြင်းသည့် နွေရာသီ၊ သည်မြေမှာတော့ ဖီလာဆန့်ကျင်၊ ရွက်ဝါတွေ ကြွေပြီးလျှင် စနိုးတွေ ဖုံးတော့မည်။ Fall ခေါ် Autumn (အော်တန်) ရာသီ၊ အချမ်းကဲဝှန် အအေးသန်တော့မည်။ ဥဏှတေဇော လောင်တတ်သလို၊ သီတတေဇောကလည်း လောင်မြိုက်တတ်ပါကလားဟု သတိချပ်မိသည်။

အမိမြေမှာတော့ ခုလို ရွက်ဝါတွေကြွေလျှင် မြိုင်တကြောမှာ ဥသြ ဥသြ ငှက်ဥသြ ခွန်းဆင့်၍ လွမ်းသံနှောပေမည်။ ပြီး ၀န်းကျင်တခို မြူမင်းလွင်တို့ ဝှေ့နေသည်မှာ မှုန်ရီပြာနှင့် လွမ်းတတ်သူတို့ လွမ်းစရာ။

ဝန်းကျင်မှာ မြူလေးတွေသန်းလျှင် “ဦးဇင်း ပြန်ကြွလာတော့မှာပဲလို့ တပည့်တော်မဖြင့် လွမ်းသလိုလို ဘာလိုလို” ကိုယ့်အမေ၏စကားကို ကြားယောင်မိသည်။ အမေ့ကို အမှတ်ရမိသည်။ ဘာလိုလိုနှင့် အမေ ကွယ်လွန်သွားတာ ငါးနွေတောင် ကျူးခဲ့ပါပကော၊ အော်…. အမေ အမေ။

ရဟန်းမယ်တော်ပီပီ အရာရာကို တရားနှင့်ယှဉ်ကာ နှလုံးသွင်းတတ်သည့်အမေ၊ ခုလို တဖြိုက်ဖြိုက် ကြွေနေသည့် မေပယ်လ်ရွက်လေးတွေကိုတွေ့လျှင်၊ အော် တနှစ်ကုန် ပြန်တော့မှာပါလား

တနှစ် ကုန်ပြန် ငါ့ရုပ်နာမ် သေရန်တနှစ် လွတ်ခဲ့ပြီ။

တနှစ် ရောက်ပြန် ငါ့ရုပ်နာမ် သေရန်တနှစ် နီးချေပြီ။

တလကုန်ပြန်......

တရက်ကုန်ပြန်..... စသည့်ဖြင့် နှလုံးသွင်းဆင်ခြင်နေမည်မှာ ဧကန်။

ကိုယ်တို့ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ရသော ဓမ္မလင်္ကာလေးများ၊ ဇရာ ဗျာဓိ တခုခုနှင့် ဆုံတိုင်း အမေ့နှုတ်မှ စီးဖြာကျလာတတ်သည့် လင်္ကာသီတံလေးတွေ၊ တခါတလေတော့လည်း

တနေ့ကုန် တနေ့ကြီး အိုဖို့ တနေ့ နီး၊

တနေ့ကုန် တနေ့ကြီး နာဖို့ တနေ့ နီး၊

တနေ့ကုန် တနေ့ကြီး သေဖို့ တနေ့နီး၊ သံတူကြောင်းကွဲ လင်္ကာလေးတွေကို ကြားရတတ်သည်။

အရာရာကို မမြဲချြင်းဖြင့် ယှဉ်၍ မြင်တတ်သော ဗုဒ္ဓဘာသာဝင်တို့၏ နှလုံးစိတ်ရင်းကို အမေ့ထံမှ စတင် တွေ့ခဲ့ဖူးသည်။ ထိုသို့ ရှုမြင်တတ်မှုကိုလည်း အမေ့ထံမှပင် အမွေရခဲ့သည်။

ပန်းလေးတပွင့် ကြွေတာတွေ့လျှင်ပင် “ဖူးပွင့် နွမ်းကြွေ၊ ပန်းအနေသို့၊ အရှည်မကြာ တို့ခန္ဓာလည်း၊ ကြွေရမြဲသည်၊ မမြဲ အနိစ္စပါတကား” ဟု ရှုမြင် ဆင်ခြင်တတ်သည့် ကိုယ်တို့ ဗုဒ္ဓဘာသာတွေကို အချို့က “အဆိုးမြင်ဝါဒီများ” ဟု သတ်မှတ်ချင်ကြသည်။ အို နာ သေ အပျက်တွေကိုသာ ရှုတတ်သူများ တဲ့။ သူတို့ကတော့ အဖြစ်ကို ရှုသည့် အကောင်းမြင်သမားများ ပေါ့။

အပျက်ကို ရှုသူများအတွက်လည်း အဖြစ်နှင့် ဆုံရသလို၊ အဖြစ်ကို ရှုသူများလည်း အပျက်နှင့်ကြုံရမြဲမို့ ကွာခြားသည် မထင်။ တကယ်တော့ ကိုယ်တို့ ဗုဒ္ဓဘာသာများသည် အပျက်ကိုသာ မြင်လေ့ရှိသူများ မဟုတ်၊ အဖြစ်ကို လစ်လျှုရှုသူများလည်း မဟုတ်၊ အမှန်ကို မြင်သူများဖြစ်အောင် လေ့ကျင့်နေသူများဟု ဆိုလိုက်ချင်ပါသည်။

အဖြစ်ချည်းသာ ရှုသူအတွက် မည်မျှ ခိုင်ခံ့အောင် အားထုတ်ထားပါစေ၊ အပျက်နှင့် တိုးခဲ့သော် ဆောက်တည်ရာ မရဖြစ်တတ်သလောက်၊ အပျက်ကို လက်ခံထားသူများအတွက်မူ မတုန်လှုပ်၊ အဖြစ်ကို တဖန် ပြန်လည် တည်ဆောက်ရာတွင်လည်း အပျက်မြင်သမားက တည်ငြိမ်လွယ်မည်ဟု ထင်မြင်မိပေသည်။ အပျက်ပေါ်မှာ ရပ်တည်ရင်းဖြင့် အဖြစ်ကို တည်ဆောက်ကြ၍ လောကကြီး တိုးမြင့်လာခဲ့ခြင်းဟု ယူချင်ပါသည်။ လတ်ဆတ်နေဆဲ အကြောင်းအရာတခုကို သာဓက ဆောင်ချင်သည်။ ကမ္ဘာကို ပြောင်းလဲသွားစေသည့် ပါရမီရှင်ဟု တိုင်းမ် မဂ္ဂဇင်းက ရေးသားသည့် Mr. Steve Jobs အကြောင်းပင်။

I နည်းပညာတို့၏ ဖခင်၊ Apple ၏ အရှင်၊ သူ၏ တီထွင်မှုတို့၏ တွန်းအားသည် သူ (၁၇) နှစ်သားအရွယ်က ဖက်ခဲ့ရသည့် “နေ့တိုင်းကို သင့်ဘ၀၏ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့လျှင် တနေ့မှာတော့ အဲဒီအတိုင်း ဖြစ်လာမှာ သေချာပါတယ်” ဆိုသည့် ရှေ့ သူဟောင်း စကားလေးနှင့်၊ “ဘ၀အတွက် အလွန်အရေးပါသည့်” ဆုံးဖြတ်ချက်များကို ချရာတွင် အရေးအကြီးဆုံး အထောက်အပံ့ ကိရိယာအဖြစ် သူ တွေ့ရှိခဲ့သော အရာမှာ သေခြင်းတရားဟာ လက်တကမ်းမှာ ရှိသည်ဟု သတိချပ်ခြင်းပင် တဲ့။ Standford University မှာ သူ ဟောပြောခဲ့သည့် စကားလေး။

သို့နယ်အကြောင်းတို့ကို ချင့်ထောက်ပြီး ဗုဒ္ဓဘာသာတွေရဲ့ အမြင်ဟာ အမှန်မြင်ဟု ဆိုလိုခြင်းပါ။

ကိုယ့်အမေတို့ရဲ့ဝန်းကျင်အပေါ်ရှုမြင်နှလုံးသွင်းမှုကိုလည်း ကိုယ် လေးစားမှု အသစ် ဖြစ်မိသည်။

ထိုသို့ နှလုံးသွင်းတတ်အောင် လမ်းပြ ပျိုးထောင်ပေးတော်မူကြသည့် ဗုဒ္ဓမြတ်စွာနှင့် ထေရ်သံဃာတို့ကိုလဲ ကြည်ညိုမဆုံး။

ထိုကြောင့် အဆိုးမြင်ဟု ဆိုဆို၊ အပျက်မြင်ဟု ပြောပြော၊ မလွဲကြုံရမည့် သဘောတို့ကို ရုတ်ချည်း တွေ့ကြုံလာလျှင် မတုံလှုပ်ဖို့ ကြိုတင် ပြင်ဆင်ထားရပေမည်။ ယဉ်ပါးနေခြင်းသည် စိမ်းကားနေခြင်းထက် အသုံးဝင်သည် မဟုတ်ပါလား။

အဘိဏှသုတ်လို နေ့ညမပြတ် နှလုံးသွင်းဖွယ်တွေကို ဘုရားရှင်ဟောပြခဲ့သည်မှာ အများအပြား၊ အင်း .... ဆင်ခြင်မှ ဆင်ခြင်မှ.........

တနေ့ကုန် တနေ့ကြီး အိုဖို့ တနေ့နီး..

တလကုန် တလကြီး .....

“ဟေး”

ကလေး တသိုက်၏အော်သံကို ကြားလိုက်မှ ပန်းခြံထောင့် ကလေးကစားကွင်းနားကို ရောက်နေတာ သတိထားမိသည်၊ လှမ်း၍ကြည့်လိုက်တော့ ဆော့စကားနေကြသော ကလေးတသိုက်၊ အမေရိကန် မက်ဆီကန်နှင့် လူမဲ ကလေးငယ်များ၊ ထို လူမဲကလေးများကို မြင်မှ အင်း ... ဒင်းကလေးတွေပေါ့၊ ရုတ်ချည်း မနှစ်က အဖြစ်အပျက်လေးတခုက ပေါ်လာသည်၊ သည် အမေရိကကို ရောက်စ၊ တကိုယ်တည်း နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ဒီပန်းခြံလေးကို ပတ်ကာ လမ်းလျှောက်ဖြစ်ခဲ့သည်။ တညနေမှာတော့ နောက်မှ ခြေသံတွေကို ကြားရသည်၊ ကိုယ့် အသွင်စိမ်းကို စကြ နောက်ကြ လေမလားဟု တွေးနေတတ်သော ကိုယ်အဖို့ နောက်မှ ရုတ်တရက်

“၀မ်း တူး သရီး၊ Big Boss”

ကိုယ် လန့်သွားသည်၊ ဘာကို အော်လိုက်ပါလိမ့်။

“၀မ်း တူး သရီး၊ Big Boss”

“Big Boss” တဲ့၊ ဘာလဲ Big Boss၊ အပြေးအလွှား စဉ်းစားကြည့်မိသည်၊ Big ကြီးသော Boss သူဌေးကြီး ပေါ့။ နေ့စဉ်လိုလို အေးအေးလူလူ လမ်းလျှောက်နိုင်သော ကိုယ့်ကို သူတို့လေးတွေက Bigboss ကြီးဟု မြင်ကြသည် ထင့်၊ လှည့်ကြည့်မိတော့ ထင်သည့်အတိုင်း ပင်၊ လူမဲလေး လေးယောက်၊ မတိမ်းမယိမ်း၊ Money Money ဟု တောင်းခံနေကြသည်။ ကိုယ် ရယ်ချင်သွားမိသည်။ တဒေါ်လာစီ ပေးအံ့ဟု အိပ်ကို စမ်းမိတော့ ပါမလာ၊ ဘယ်လို ပြောရပါ့၊ မတတ်နိုင်၊ ကိုယ် ပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်းထားသည့် တလုံးတည်းသော အင်္ဂလိပ်ဝေါဟာရဖြင့် တုန့်ပြန်လိုက်သည်။ NO

သည်တော့မှ မောင်မင်းကြီးသားလေးတွေ ရပ်ကျန်နေခဲ့သည်၊ ကိုယ်တည်း ပြုံးရင်း ဆက်လျှောက်လာခဲ့သည်၊ သူဌေးကြီး တဲ့၊ ထင်မှ ထင်တတ်ပလေ၊ မောင်ရင်လေးတို့ ရယ်၊ ကိုယ်ဟာလဲ မင်းတို့မိဘတွေလို ပေးမန့် (payment) တွေနဲ့ နပန်းလုံးနေရသူ ပါ။ ရင်ထဲမှာ တီးတိုး ပြောဖြစ်ခဲ့သည်ကို အမှတ်ရမိသည်။

တချက် ရယ်လိုက်မိပြီး၊ ဒီ မောင်မဲလေးတွေ အခုတော့… အဲ… သူတို့လုပ်တာနှင့် ဆင်ခြင်လာသည့် တရားလေးတွေတောင် ပျောက်သွားပြီ။ ကဲ … ဆင်ခြင်ဦးမှ ဆင်ခြင်ဦးမှ ဘာတဲ့ …

တနေ့ကုန် တနေ့ကြီး “(Payment) ပေးမန့်” တနေ့ နီး အဲ .. ဟုတ်ပေါင် .....

တစ်နေ့ကုန် တနေ့ကြီး အိုဖို့ တနေ့ နီး၊

တနေ့ကုန် တနေ့ကြီး .....

တနေ့ကုန် ......၊၊


ကံထွန်းသစ်

အောက်တိုဘာ ၃၀၊ ၂၀၁၁
အတွေးအမြင် - အမှန်မြင် နှလုံးသား ကံထွန်းသစ် - Feb 14 2012 03:01 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005