စီယက်တဲလ်ကရင်မိသားစုများက ဒေါက်တာစင်သီယာမောင် ဂုဏ်ပြုပွဲ ကျင်းပ




ဝါရှင်တန်ပြည်နယ်၊ စီယက်တဲလ်မြို့၊ ကရင်မိသားစု အသိုင်းအဝိုင်းများရဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်နဲ့ မိသားစုများအား ဂုဏ်ပြုတွေ့ဆုံပွဲကို 12010 SE, 240 street, Kent WA 98031 ရှိ Karen Community Church ခန်းမဆောင်မှာ ၂၀၁၂၊ စက်တင်ဘာ ၂၃ ရက် (တနင်္ဂနွေနေ့) ညနေ ၄ နာရီမှ ည ၇ နာရီခန့်အထိ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော် လွှတ်တော်အဆောက်အဦမှာ စက်တင်ဘာ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ NED ဒီမိုကရေစီဆု လက်ခံရယူပြီးနောက် စီယက်တဲလ်မြို့ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာ စင်သီယာမောင်နဲ့ စီယက်တဲလ် ကရင်မိသားစုတို့ တွေ့ဆုံရန် စီစဉ် ဖိတ်ကြားသူကတော့ Northwest Communities of Burma ဥက္ကဋ္ဌ ကိုဆိုင်မွန်ခင် ဖြစ်ပါတယ်။ ထိုဂုဏ်ပြုတွေ့ဆုံပွဲမှာ အခမ်းအနားမှူးအဖြစ် နော်ဂေးထူးက ဆောင်ရွက်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုကျော်ဟိန်း၊ ဒေါက်တာစင်သီယာမောင်နဲ့ မိသားစုများအား ကရင်ကလေးငယ်၊ ကရင်လူငယ်များက တေးသီချင်းများနဲ့ ဂုဏ်ပြု သီဆို ကြိုဆိုခဲ့ကြသည့်အပြင် နော်ကေသီက ကရင်စာပေနဲ့ ယဉ်ကျေးမှု အသင်း (စီယက်တဲလ်) အဖွဲ့သားများကို ဦးဆောင်ကာ ကရင်ဒုံးယိမ်းအကနဲ့ ကပြ ဂုဏ်ပြု ဖြေဖျော်ခဲ့ကြပါတယ်။

ထို့ နောက် ဒေါက်တာစင်သီယာမောင်က “ နိုင်ငံတော်အကြီးအကဲများကလဲ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ အတွက် စေ့စပ်ပွဲများ လုပ်နေကြကြောင်း၊ သို့ သော် ပြည်တွင်းစစ်များ ဆက်လက် ဖြစ်ပွားနေတဲ့အတွက် နယ်စပ်ဒေသများမှာ ဒုက္ခသည်များ ရှိနေသေးကြောင်း၊ ၄င်းတို့ အတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး လိုအပ်မှုများ ရှိနေကြောင်း၊ တတိယနိုင်ငံကို ရောက်လာသူများမှာ ပညာရေး၊ ကျန်းမာရေး အစရှိသည်တို့  ဖူလုံစွာ ရရှိနိုင်ကြောင်း၊ မိမိတို့ တိုင်းပြည်၊ ရပ်ရွာများအတွက် တချိန်တွင် ပြန်လည် ပံ့ပိုး ကူညီနိုင်မည့်သူများဖြစ်လာမယ်လို့ ယုံကြည်ပါကြောင်း” ပြောကြားခဲ့ပါတယ်။

ထို့ ပြင် “မယ်တော်ဆေးခန်းအနေဖြင့် နိုင်ငံတကာမှ စေတနာ့ဝန်ထမ်းများ၊ NGOs များ အမြဲတမ်း ဝင်ထွက် ကူညီနေတဲ့အတွက် ပြည်ပရောက် အသိုင်းအဝိုင်းများနဲ့  အမြဲတမ်း နီးစပ်နေတယ်လို့ ထင်မြင်ပါကြောင်း၊ တိုင်းရင်းသားအားလုံး၊ မြန်မာပြည်သားအားလုံး ပြန်လည်သင့်မြတ်ရေးအတွက် အစိုးရတွင်သာ တာဝန်ရှိတာ မဟုတ်ပဲ ပြည်သူများအားလုံးမှာလည်း တာဝန်ရှိတယ်လို့ ထင်ပါကြောင်း၊ မြန်မာနိုင်ငံသားများအနေနဲ့ ဘယ်နေရာ၊ ဘယ်ဒေသရောက်ရောက် မိမိတိုင်းပြည်အတွက် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီများ၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် ပါဝင်ကူညီနိုင်ကြရန် လိုအပ်ကြောင်း၊ ဆီယက်တဲလ်ရှိ မြန်မာနိုင်ငံသားများကလဲ တိုင်းပြည်ငြိမ်းချမ်းရေးဖြစ်စဉ်ထဲတွင် ပါဝင်ကူညီနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါကြောင်း“ ပြောကြားသွားပါတယ်။ ဒေါက်တာစင်သီယာမောင်ရဲ့ ဟောပြောချက်များကို ဆရာမ ဒေါ်မက်ကီက စကောကရင်ဘာသာဖြင့်လည်းကောင်း၊ မပွင့်ထွန်းက အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း ဘာသာပြန်ပေးကြပါတယ်။

ကရင်လူငယ်များကိုယ်စား စောပေါက်စီက ကျေးဇူးတင်စကားပြောကြားရာ “ကရင်လူငယ်များကလဲ ဒေါက်တာစင်သီမောင်ရဲ့ ကိုယ်ကျိုးစွန့် လုပ်ဆောင်မှုများကို အားကျမိပါကြောင်း၊ နောင်တချိန်တွင် မိမိတို့ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ကူညီနိုင်မယ့်သူများဖြစ်ရန် ကြိုးစားသွားမှာဖြစ်ကြောင်း” ပြန်လည် ဂတိပေး ပြောကြားခဲ့ပါတယ်။ ထို့ နောက် ဒေါက်တာစင်သီယာမောင်နဲ့ လုပ်ဖော်ကိုင်ဖက်များ အားလုံး ဘုရားရှင်က အရာရာ ကောင်းချီးပေးပါရန် ကရင်လူငယ်များနဲ့ နော်ဖရီဒါတို့က မေတ္တာပို့ ဆုတောင်းကြပါတယ်။

ထို ဂုဏ်ပြု တွေ့ဆုံပွဲသို့  Mrs Erika ဦးဆောင်တဲ့ Refugee Youth Empowered Orgainzation၊ ကနေဒါနေ ကရင်မိသားစုများ၊ စီယက်တဲလ်ရှိ ဗမာ၊ ရှမ်း၊ ကရင်နီလူမျိုးများ၊ ကရင်စာပေနဲ့ ယဉ်ကျေးမှု အသင်းသားများ၊ ဦးဆောင် ကျင်းပသူ ကိုဆိုင်မွန်ခင်နှင့် Northwest Communities of Burma အဖွဲ့သားများ၊ စီယက်တဲလ်ရောက် မယ်တော်ဆေးခန်း ဝန်ထမ်းဟောင်းများ၊ စုစုပေါင်း ပရိသတ် (၂၀၀) နီးပါး တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနား တက်ရောက်လာသူများကို ထမင်း၊ ဟင်းမျိုးစုံ၊ ခေါက်ဆွဲကြော်၊ အချိုရည်မျိုးစုံတို့ ဖြင့် ဧည့်ခံခဲ့ကာ ဒေါက်တာစင်သီယာမောင်မိသားစုနဲ့ တက်ရောက်လာသူအမေရိကန်မိသားစုများကို ဂုဏ်ပြုညစာနဲ့ ဧည့်ခံခဲ့ကြပါတယ်။
ဓါတ်ပုံ သတင်း - - Sep 24 2012 10:02 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005